Thursday, November 3, 2011

ပိုက်လိုင်းများ သွယ်တန်းရန် အတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများ စတင် ဆောင်ရွက်လျှက်ရှိ

ခိုင်သော်က

ကျောက်ဖြူမြို့မှ နှစ်မိုင်ခန့်အကွာ ကျောက်တလုံးဘုရား အောက်ဖက် ပင်လယ် ကမ်းခြေ နတ်ကျောက် အနီးတွင် ပိုက်လိုင်းများ စတင် သွယ်တန်းရန် အတွက် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကမ်းလွန် သဘာဝဓာတ်ငွေ့ လုပ်ကွက်အမှတ် (A-1) နှင့်(A-3) တို့မှ သွယ်တန်း လာမည့် ပိုက်လိုင်း လမ်းကြောင်းနှင့် ကုန်းတွင်းပိုင်း ပိုက်လိုင်း လမ်းကြောင်းတို့ ဆက်သွယ်မည့် နေရာဖြစ်ပြီး လက်ရှိတွင် ကမ်းဦးရေတိမ်ပိုင်း ရေလမ်းကြောင်း ရှင်းလင်းခြင်းလုပ်ငန်းများကို အိန္ဒိယကုမ္ပဏီ (DDIL Co.,ltd) မှ ဆောင်ရွက်လျှက် ရှိကြောင်း ရေနံ နဲ့သဘာဝ ဓါတ်ငွေ့အကြောင်း လေ့လာနေသူတဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စတင် သွယ်တန်းရန် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ရေအောက် ပိုက်လိုင်း သွယ်တန်းမည့် လိုအပ်သော ပစ္စည်းများ ၊ ပိုက်လိုင်း တပ်ဆင်ရန် အထောက်အကူ ပြု ပစ္စည်းများ နှင့် တပ်ဆင်မည့် ပိုက်လိုင်းများ ကို ကျောက်ဖြူမြို့ အမှတ်(၁) ဆိပ်ကမ်းမှ တဆင့် မော်တော် ယာဉ်များဖြင့် သယ်ယူကာ ကျောက်တလုံး ဘုရားရှေ့တွင် စုပုံထားရာ ဘုရား ဂူဝ ပိတ်ဆို့နေသဖြင့် နေ့စဉ် ဘုရားဖူး ဒေသခံ ပြည်သူများမှာလည်း အခက်ကြုံနေရကြောင်း ဒေသခံတဦးမှ ပြောပြသည်။

ရေနက်ပိုင်း ကမ်းလွန် ပိုက်လိုင်း သွယ်တန်းမည့် အကွာအဝေးမှာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ကွက် အမှတ် (A-1) နှင့် (A-3) အထိ (၁၈၀)ကီလိုမီတာခန့်ရှိသည်ဟု လုပ်ငန်း နှင့် နီးစပ်သူ တဦး၏ ပြောပြချက် အရ သိရသည်။

ယင်းမှတဆင့် မလကျွန်း ကျေးရွာအနီးရှိ ရွှေသဘာဝဓါတ်ငွေ့ သန့်စင်စက်ရုံ အထိ ဆက်သွယ်မည့် ကုန်းတွင်းပိုင်း ပိုက်လိုင်း ၄၈ ကီလိုမီတာ အရှည်ရှိသော လမ်းကြောင်းကိုလည်း ဂုန်းချွန်ကျေးရွာ နှင့် ဂန့်ကော်တော ဘုရားကြီးကွင်းတို့မှ စက်ယန္တရားကြီးဖြင့် ဖေါက်လုပ်လျှက် ရှိနေ၍ ရွာသားများ ပိုင် ကွမ်းသီးပင် ၊အုန်းပင်များ ခုတ်ပစ်ခံရနေသည့်အပြင် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထားသော ယာခင်းများ ဖျက်သိမ်းခံနေရသည်ဟု ဂုန်ချွန်ကျေးရွာသားတဦးမှ ပြောပြသည်။

No comments: