Tuesday, October 27, 2015

မြန်မာဘောလုံးအသင်းနည်းပြချုပ် ဂတ်ဆီဇီ လက်ရွေးစင် ကစားသမား ၂၃ ဦး ရွေးချယ်

DVB


မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်ခံထားရတဲ့ ဂတ်ဆီဇီက လက်ရွေးစင် ကစားသမား ၂၃ ဦးကို ရွေးချယ်လိုက်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဂတ်ဆီဇီဟာ ယူ ၂၀ ကမ္ဘာ့ဖလား ဘောလုံးပြို်င်ပွဲဝင် မြန်မာအသင်းရဲ့ နည်းပြဖြစ်ပြီး အရင် မြန်မာ့လက်ရွေးစင်နည်းပြချုပ် အေဗရာမိုဗစ်ခ်ျနေရာမှာ အစားထိုး ခန့်အပ်ခြင်း ခံရသူပါ။

နည်းပြချုပ် ဂတ်ဆီဇီ ရွေးချယ်လိုက်တဲ့ လူစားရင်းမှာ ဆီးဂိမ်းစ် ငွေတံဆိပ်ရ ယူ ၂၃ အသင်းက ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း၊ ရဲဝင်းအောင်၊ နေလင်းထွန်းတို့ ပြန်ပြီး ပါဝင်လာသလို မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းက သက်နိုင်ကိုလည်း ရှေ့တန်းလူအဖြစ် ရွေးချယ်ခဲ့ပါတယ်။

အရင်နည်းပြချုပ် အေဗရာမိုဗစ်ခ်ျလက်ထက်မှာ ရွေးချယ်ခံခဲ့ရတဲ့ ယူ ၂၀ အသင်းက သန်းပိုင်၊ မောင်မောင်လွင်နဲ့ ရှိုင်းသူရတို့ကတော့ ပဏာမ ယူ ၂၁ အသင်းကို ရောက်ရှိသွားခဲ့ပါတယ်။

ဂတ်ဆီဇီလက်ထက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ဟောင်ကောင် လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲယှဉ်ပြိုင်ဖို့ ရှိပါတယ်။

အဲဒီနောက် နိုဝင်ဘာ ၁၂ ရက်နေ့မှာ တောင်ကိုရီးယား လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

နည်းပြချုပ် ဂတ်ဆီဇီ ရွေးချယ်တဲ့ မြန်မာ့လက်ရွေးစင်အသင်း ကစားသမား ၂၃ ဦးမှာ ဂိုး- ကျော်ဇင်ဖြိုး၊ မျိုးမင်းလတ်၊ ရန်အောင်လင်း၊

နောက်တန်း- ကျော်ဇင်လွင်၊ နန္ဒကျော်၊ ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း၊ အောင်ဇော်၊ ဇော်လင်း၊ ရဲဝင်းအောင်၊

အလယ်တန်း- ရဲကိုဦး၊ လှိုင်းဘိုဘို၊ ရန်အောင်ကျော်၊ ကြည်လင်း၊ နေလင်းထွန်း၊ ကျော်မင်းဦး၊ သီဟဇော်၊ ဆမ်လန်မန်၊

ရှေ့တန်း၊ ကျော်ကိုကို၊ အောင်သူနဲ့ သက်နိုင်တို့ ဖြစ်ပါတယ်။

No comments: