Saturday, October 10, 2015

ကလေးမြို့တွင် ဇင်းကလင်းတံတားကျိုးကျ၊ သွားလာရေးပြတ်တောက်

နန်းမြနဒီ


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ မိုးသည်းထန်ပြီး ချောင်းရေကြီးတဲ့အတွက် ဇင်းကလင်း တံတား ကျိုးကျကာ သွားရေးလာရေး ပြတ်တောက်နေပါတယ်။

အောက်တိုဘာ ၈ ရက်နေ့က မိုးတွေရွာပြီး တောင်ကျချောင်းရေ တိုက်စားသွားတဲ့အတွက် ကလေး-ဂန့်ဂေါသွားလမ်းမပေါ်က ဇင်းကလင်းတံတား ကျိုးကျသွားတာလို့ တံတားနား ရောက်နေတဲ့ ဒေသခံဖြစ်သူ ကိုချစ်ဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“တံတားကျိုးသွားလို့ ကားလည်းသွားလို့ မရဘူး။ ဆိုင်ကယ်လည်း သွားလို့မရဘူး။ မန္တလေး ဘက်ကနေလာတဲ့ ကားကြီးကားငယ်တွေရော ကုန်တင်ကားတွေရော အစီး ၃၀ လောက် ပိတ်မိနေတယ်ခင်ဗျ။ ကလေးဘက်ကနေအထွက်လည်း ကားအစီး ၂၀ လောက် ပိတ်မိနေ တယ်။ အခု ဆည်မြောင်းနဲ့ ဆောင်လုပ်ရေးအင်ဂျင်နီယာတွေက ဘက်ဟိုးကားကြီးတွေနဲ့ မြောင်းတွေဖော်ပြီး တံတားပြန်လုပ်နေပါတယ်။”

ကလေးမြို့ အနောက်ဘက်က ဆည်ကြီးချောင်းတံတားလည်း ကျိုးသွားတယ်လို့ ပြောဆိုနေ ကြပြီး အဲဒီနေရာကိုတော့ မရောက်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဇင်းကလင်းချောင်းနဲ့ အနီးတ၀ိုက်က နေအိမ်တချို့လည်း ရေ၀င်ပေမယ့် ဆိုးဆိုးရွားရွားမရှိဘူးလို့ ဆိုပါတယ်။

ကလေးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လက ရေကြီးမှုဒဏ် ဆိုးရွားစွာ ကြုံတွေ့ခဲ့ရပါတယ်။

No comments: