မေစစ်ပိုင်
အစိုးရက အတည်ပြု ထုတ်ပြန်ထားသည့် တရက်လျှင် အနည်းဆုံး အခြေခံလုပ်ခလစာ ၃၆၀၀ ကျပ် မပေးသည့် စက်ရုံလုပ်ငန်းရှင် များကို တရားဝင် တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်က ပြောသည်။
သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနသို့ တိုက်ရိုက် တိုင်ကြားနိုင်ပြီး မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်မှတဆင့်လည်း တိုင်ကြား နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက“မနေ့က အစိုးရအဖွဲ့နဲ့ ကျနော်တို့ သွားတွေ့တဲ့အခါမှာ အစိုးရက လုပ်ခ ၃၆၀၀ ကျပ် မပေးတဲ့စက်ရုံတွေကို အလုပ်သမားတွေအနေနဲ့ တရားဝင်တိုင်ကြားပါ။ ဥပဒေအရ လုပ်ပါ။ လမ်းပေါ် မထွက်ကြ ပါနဲ့လို့ ပြောတယ်။ တချို့က ကာယကံရှင်ကိုယ်တိုင် မတိုင်ဘဲ ကြားခံပွဲစားက ဖုန်းဆက်ပေးနေတော့ ကျနော်တို့ ဘာမှလုပ်လို့ မရ ဘူး။ အလုပ်သမားတွေအနေနဲ့ ကာယကံရှင်ကိုယ်တိုင် တိုင်ကြပါလို့ ပြောချင်ပါတယ်”ဟု ပြောပြသည်။
ထိုသို့ အခြေခံလုပ်ခလစာ သတ်မှတ်အပြီး လတ်တလော ဖြစ်ပေါ်နေသည့် အငြင်းပွားမှုများ ပြေလည်စေရန် အစိုးရ၏ သတ်မှတ်ချက်တွင် အလုပ်ရှင်များက အလုပ်သမားကို အလုပ်ခန့်အပ်မှု ပြုလုပ်အပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူ စာချုပ် ချုပ်ဆိုရန် ပါရှိသည်။
ထိုသို့ သဘောတူစာချုပ် ချုပ်ဆိုပြီးပါက အစိုးရက အတည်ပြုထားသည့် လစာနှုန်းထားဖြင့် လုပ်အားခလစာများ ပေးရမည် ဟု လည်း အတည်ပြုထားပြီး ဖြစ်သည်။
“လတ်တလော ဖြစ်နေတဲ့ ပြဿနာတွေက သိပ်ပြီးကြီးထွားလာနိုင်ဖွယ်တော့ မရှိဘူးလို့ ကျနော် သုံးသပ်ချင်တယ်။ အလုပ်ရှင်တွေက ၃၆၀၀ ကျပ် ပေးရလို့ဆိုပြီး မူလအခွင့်အရေးတွေဖြစ်တဲ့ အဆောင်၊ ရှားပါးစရိတ်လို ကိစ္စမျိုးက ဥပဒေမှာ မပါပေမယ့် တာဝန်ခံမှု၊ တာဝန်ယူမှု ပျက်ကွက်လို့ မရပါဘူး။ လုပ်သက်ရင့် ဝန်ထမ်းတွေ အနေနဲ့လည်း မူလက ရထားတဲ့ လစာဟာ ၃၆၀၀ ကျပ်ထက် များနေခဲ့ပြီး အခုချိန်မှ အရင်အတိုင်း မရတော့ဘူးဆိုရင် တိုင်ပါ။ မတိုင်ရင်တော့ ပြဿနာကို ဖြေရှင်းလို့ မရပါဘူး”ဟု ဦးအောင်လင်းက ပြောဆိုသည်။
စက်တင်ဘာ ၁ ရက်မှ စတင်အသက်ဝင်သည့် အနည်းဆုံး အခြေခံလုပ်ခလစာ ၃၆၀၀ ကျပ် အတည်ပြုပြီးနောက်ပိုင်း စက်ရုံအလုပ်ရုံ တချို့တွင် ဝန်ထမ်းအင်အား လျှော့ချလာသည့်အတွက် ထိုပြဿနာများ ဖြေရှင်းနိုင်ရန်အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ် စားလှယ်အဖွဲ့များ တွေ့ဆုံခဲ့ရာ အစိုးရ တာဝန်ရှိသူများက လုပ်ခလစာ ၃၆၀၀ ကျပ် မပေးသော စက်ရုံ လုပ်ငန်းရှင်များကို တိုင်ကြားနိုင်သည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒဂုန်ဆိပ်ကမ်း စက်မှုဇုန်ရှိ နီလာစတား စက်ရုံ အခြေခံအလုပ်သမား သမဂ္ဂမှ ကိုဆန်းမင်းထွန်းက “၃၆၀၀ တော့ ပေးတယ်ဗျ။ ဒါပေမယ့် အရင်က ရခဲ့တဲ့ ရှားပါးစရိတ်၊ ဆုကြေးတို့တော့ မပေးတော့ဘူး။ ဒါကြောင့် ဆန္ဒပြခဲ့တာ။ အခုတော့ ညှိနှို်င်းနေတယ်။ ထမင်း စရိတ်ကိုတော့ ကျနော်တို့ ၂၀,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် တိုးတောင်းခဲ့တာ လုပ်ငန်းရှင်ဘက်က သဘောတူတယ်”ဟု ပြော သည်။
လုပ်ငန်းရှင်များက အလုပ်သမားများ၏ စက်တင်ဘာလ လစာထုတ်ချိန်မှ စတင်၍ သတ်မှတ်နှုန်းထား ၃၆၀၀ ကျပ်ကို မပေးခြင်း၊ လုပ်သက်နု ဝန်ထမ်းနှင့် လုပ်သက်ရင့် ဝန်ထမ်း၏ လစာနှုန်းထား တူညီနေခြင်း၊ အချိန်ပိုကြေး၊ ဆုကြေးနှင့် ရှားပါးစရိတ်များ မပေး တော့ခြင်း၊ ၀န်ထမ်းကြိုပို့ကားနှင့် ဝန်ထမ်းနေထိုင်ရန် အဆောင်များ မစီစဉ်ပေးတော့ခြင်းများ ရှိလာကြောင်း လှိုင်သာယာ စက်မှုဇုန်နှင့် ရွှေပြည်သာ စက်မှုဇုန်များမှ အလုပ်သမားများက ပြောဆိုသည်။
ထိုအခြေအနေများကြောင့် အဆိုပါစက်မှုဇုန်နယ်မြေများရှိ ဟန်ဂျင်း အထည်ချုပ်စက်ရုံ၊ မြိတ် အထပ်သား စက်ရုံ၊ ဟုန်းကရူး အထည် ချုပ်စက်ရုံ၊ နီလာစတား စက်ရုံ၊ ဗစ်တိုးရီးယား ကုန်တိုက် အပါအဝင် စက်မှုဇုန်နယ်မြေ အတွင်းရှိ စက်ရုံအလုပ်သမား များစွာသည် အစိုးရက သတ်မှတ်ပေးသည့် နှုန်းထားအတိုင်း လစာပေးရန်၊ ယခင်က ရရှိခဲ့သည့် ထပ်ဆောင်းစရိတ်များ ပေးရန်နှင့် အလုပ်သမား အခွင့်အရေးများ အပြည့်အဝပေးရန် ဆန္ဒပြ တောင်းဆိုလျက် ရှိသည်။
အစိုးရက အလုပ်ဖြုတ်ခံလိုက်ရသည့် အလုပ်သမားများအတွက် အလုပ်အကိုင် နေရာသစ်များအဖြစ် မြန်မာဟာရီကိန်း စက်ရုံမှ အလုပ်သမား ၇,၀၀၀ ခန့်နှင့် မှော်ဘီမြို့နယ်တွင် ဖွင့်လှစ်မည့် စက်ရုံသစ်တရုံအတွက် အလုပ်သမားဦးရေ ၁၀,၀၀၀ မှ ၂၀,၀၀၀ အကြား ခန့်အပ်ရန် အလုပ်ရှင်များနှင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ သိရသည်။

No comments:
Post a Comment