မဇ္ဈိမ / DMG
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အခန်းလုံလောက်မှု မရှိသောကြောင့် ကျောင်းသားဦးရေပြည့်ကျပ်ကာ ကလေးငယ်တစ်ချို့ မကြာခဏ မူးဝေလေ့ရှိသည်ဟု ကျောင်းသား မိဖများထံမှ သိရသည်။
အဆိုပါ အထက ကျောင်း၌ အနီးအနားမှ ကျေးရွာ၂၀ ဝန်းကျင်မှ ကလေးငယ်များ လာရောက်ပညာသင်ယူလျက်ရှိပြီး၊ နှစ်စဉ်ကျောင်းသားဦးရေ တိုးမြင့်လာသဖြင့် ပုံမှန် တစ်တန်းလျင် ၃ ခန်းခန့် ရှိခဲ့သော်လည်း တစ်ချို့အတန်းများကို ၂ ခန်း သာ ခွဲထားနိုင်ကြောင်းလည်း သိရသည်။
“ကုန်ခဲ့တဲ့ ၂ လကျော်လောက်ကနေ ဖြစ်တာပါ။ အရင်ကဆို ၆ တန်းမှာ A-B-C ဆိုပြီးတော့ ၃ ခန်း ရှိတယ်။ အခုတော့ C အခန်းက ကလေးတွေကို A နဲ့ B မှာ ပေါင်းထည့်လိုက်တော့ A အခန်းမှာ ကျောင်းသား ၁၂၉ ယောက် ဖြစ်သွားပြီး၊ B အခန်းမှာတော့ ၁၀၇ ရှိတယ်လို့ သိရ တယ်။ ခုန်တန်းတစ်ခုမှာ ၅ ယောက် ထိုင်ရတယ်။ အဲဒီထဲမှာ အပူချိန်ကလည်း ပြင်းလာတဲ့အတွက် အခုလိုဖြစ်တာလို့ ထင်တယ်။” ဟု ကျောင်းသားမိဖတစ်ဦးဖြစ်သူ ဦးမောင်လှသိန်းက ပြောသည်။ ယင်းကဲ့သို့မူးဝေခြင်းကို ကလေးငယ် ၆ ဦးထက်မနည်း ခံစားခဲ့ကြရသည်ဟုဆိုသည်။
ကျောင်းသားဦးရေများနေပြီး ကျောင်းအဆောင်မလုံလောက်သဖြင့် အပေါက်ဝကျေးရွာတွင် နောက်ထပ် အလယ်တန်းကျောင်းဆောင်သစ်တစ်ခု လိုအပ်နေသည်ဟုလည်း အခြားကျောင်းသားမိဖများထံမှ သိရသည်။ အပေါက်ဝ အ.ထ.က မှကျောင်းအုပ်ဆရာကြီး ဦးငွေဇံဦးကမူ “ကျောင်းသားက များလာတယ်။ လူခွဲဖို့ဆိုတာက အခန်း မရှိဘူး။ အခန်းခွဲလိုက်ရင်လဲ ဆရာ၊ ဆရာမတွေ လိုလာမယ်။ ကျောင်းသားတွေ ခေါင်းမူရင် ကျွန်တော်တို့ ဆေးဝါးကုသမှု အပိုင်းကိုသာ လုပ်နိုင်တယ်။ အခန်းခွဲဖို့ကိစ္စကတော့ ဆောင်ရွက်လို့ မရနိုင်ပါဘူး။” ဟု အပေါက်ဝ အ.ထ.က မှ ကျောင်းအုပ်ဆရာကြီး ဦးငွေဇံဦးက ပြောသည်။
ယင်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူဦးရေ ၁၉၀၅ ဦးခန့် ရှိကို ဆရာ၊ ဆရာမ ၄၀ ပတ်ဝန်းကျင်ခန့်ကသာ သင်ကြားနေခြင်းဖြစ်သည်။ အထကကျောင်းအဖြစ် ၁၉၉၅ ခုနှစ်၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ၂၀၀၆- ၀၇ ခု စာစစ်ဌာန ရရှိပြီးနောက်ပိုင်း၌ ဒေသအတွင်းမှ ကျောင်းသားဦးရေ ပိုမိုများပြားလာခဲ့သည်ဟုဆိုသည်။
No comments:
Post a Comment