Tuesday, October 27, 2015

“မိတ္ထီလာမြို့နှင့် မိတ္ထီလာ လွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမည်” ဟု နိုင်ငံပိုင် သတင်းစာ ဖေါ်ပြ

မဇ္ဈိမ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားပြုအရောင်အဖြစ် အများက သတ်မှတ် ပြောဆိုနေကြချိန်တွင် မိတ္ထီလာမြို့နှင့် မိတ္ထီလာ လွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမည်ဟု နိုင်ငံပိုင်သတင်းစာ ဖြစ်သည့် ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် အောက်တိုဘာ ၂၄ ရက်က ဖေါ်ပြသည်။

အောက်ခံအစိမ်းရောင်တွင် “မိတ္ထီလာမြို့နှင့် မိတ္ထီလာ လွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမည်” ဟူသည့်စာလုံးကို ရေးသားဖေါ်ပြခြင်းဖြစ်ပြီး အတွင်းစာသားတွင်မူ ရှမ်းပြည်နယ် ရွာငံမြို့နယ်ရှိ မြို့ကြီးရေလှောင်တမံသို့ သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သွားရောက် ကြည့်ရှုသည့် သတင်းကို ဖေါ်ပြထားသည်။

သတင်းစာတွင် ဖေါ်ပြထားသည့် ပုံတွင် ဦးထုပ်အစိမ်းရောင်ဝတ် ဒေသခံများနှင့် အစိမ်းရောင် အလံကို ကိုင်ထားသူများက သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုနေသည့် ပုံကို ဖေါ်ပြထားသည်။ ပုံတွင် ပါရှိသည့် နောက်ခံ အဆောက်အဦး၏ အမိုးမှာလည်း အစိမ်းရောင်ဖြစ်သည်ကို တွေ့ရသည်။

သတင်းပါ ဖေါ်ပြချက်တွင် မြို့ကြီးရေလှောင်တမံသည် “မိတ္ထီလာ လွင်ပြင် စိမ်းလန်းစိုပြည်ရေး အတွက် ရေဖြည့်ဆည်းပေးရန် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ထို့အပြင် မိတ္ထီလာမြို့ စိမ်းလမန်းစိုပြည်ရေးအတွက် မိတ္ထီလာ ကံတော်ကိုလည်း မိမိတို့ ပြုပြင်ပေးခဲ့ပြီးဖြစ်ကြောင်း ထို့ကြောင့် မြို့ကြီး ရေလှောင်တမံ စီမံကိန်းနှင့်အတူ ရှိပြီးရေလှောင်တမံများ၊ ကန်များ ပေါင်းစပ်ခြင်းဖြင့် မိတ္ထီတလာမြို့နှင့် မိတ္ထီလာ လွင်ပြင်တစ်ခုလုံး အစိမ်းရောင်လွင်ပြင်ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း” ဟု သမ္မတက ပြောဆိုသည်ကို ထည့်သွင်း ဖေါ်ပြထားသည်။

သတင်း၏ အတွင်းစာမျက်နှာတွင် အစိမ်းရောင် ဝမ်းဆက်ဝတ် အမျိုးသမီးများနှင့် အစိမ်းရောင် ဦးထုပ်ဆောင်းထားသူများက သမ္မတကို ကြိုဆိုနေသည့်ပုံကို ထည့်သွင်း ဖေါ်ပြသည်။ အလားတူ နိုင်ငံတော် အခမ်းအနားများတွင် အနီရောင် ကော်ဇောကို များသောအားဖြင့် အသုံးပြုသော်လည်း အဆိုပါ အခမ်းအနားတွင် အစိမ်းရောင် ကော်ဇောကို အသုံးပြုထားသည်ကို တွေ့ရသည်။

No comments: