ဇော်ခမ်းဟိန်း
လွိုင်လင်ခရိုင် မြို့နယ်အချို့၌ ရွေးကောက်ပွဲကျင်းပရန် မသေချာသေးသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထား သည်ဟု လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်က မဇ္ဈိမသို့ပြောကြားသည်။
မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းမြို့နယ်များ၌ စစ်ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများရှိနေသောကြောင့် ရွေးကောက်ပွဲအား ခေတ္တယာယီ ရပ်ဆိုင်းပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ-ကျားဖြူ မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ အောက်တိုဘာ ၁၉ ရက်နေ့က တင်ပြတောင်းဆိုထားသည်။
လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးသန်းတင်က ''ရွေးကောက်ပွဲကျင်းပဖြစ်တယ်၊ မဖြစ်ဘူး က မသေချာ သေးဘူး။ ဒါပေမယ့် ကျင်းပဖြစ်ခဲ့ရင် အဆင်သင့်ဖြစ်အောင် မဲရုံပစ္စည်းတွေပို့ဖို့ တွေလုပ်နေတယ်။ ကြိုတင်မဲတွေလည်း လက်ခံနေတယ်။ အထူးရဲသင်တန်းတွေလည်း ပေးနေတယ်။ မဲဆန္ဒရှင်ပညာပေးအစဉ်တွေလည်း ပြုလုပ်နေကြပါတယ်။'' ဟု ပြောသည်။ ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် တင်ပြမှုမှာ ကျားဖြူပါတီတစ်ခုတည်း ဆန္ဒမဟုတ်ဘဲ ဒေသခံပြည်သူလူထုနှင့် လွိုင်လင်ခရိုင် ရွေးကောက်ပွဲလုံခြုံရေးနှင့် စီမံခန့်ခွဲရေးကော်မတီတို့က ပူးပေါင်းတင်ပြကြသည်ဟု ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်ကို စောင့်နေပြီး၊ လတ်တလော ညွှန်ကြားမှု တစ်စုံတရာ မပေးသေးဘဲ၊ ဒေသအခြေအနေမှာ ငြိမ်သက်နေသည်ဟု ပြောမရသလို ပျက်ပြားနေသည်ဟုလည်း ပြော၍မရကြောင်း ၄င်းပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမှု မြေပြင်စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ ဆုံးဖြတ်မည်ဟု ပြောကြားသည်။
''ဒီကိစ္စ လူကြီးတွေ စဉ်းစားတိုင်ပင်နေတုန်းပါ။ မြေပြင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရအုံးမယ်။ သူတို့တင်ပြတာ သေချာတယ်ဆိုမှ ရွေးကောက်ပွဲရွှေ့ဆိုင်းသင့်၊ မသင့်ကို ဆုံးဖြတ်ကြမှာပါ။'' ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦးက မဇ္ဈိမသို့ ပြောသည်။ မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်းမြို့နယ် (၃) ခု အတွင်း အခြေအနေတည်ငြိမ်အေးချမ်းမှ သင့်လျော်သည့် အချိန်၌ ကြားဖြတ် ရွေးကောက်ပွဲအဖြစ် ကျင်းပဆောင်ရွက်သင့်ကြောင်း ကျားဖြူပါတီက တင်ပြတောင်းဆိုထားသည်။
SSPP/SSA တပ်ဌာနချုပ်ရှိရာ ၀မ်ဟိုင်းဒေသ သည် ကျေးသီးမြို့နယ်ထဲတွင်ပါဝင်ပြီး အောက်တိုဘာလ ၆ ရက်နေ့မှ စ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလျှက်ရှိသည်။ အောက်တိုဘာ ၂၀ ရက်နေ့က မိုင်းစံမြို့နှင့်အောက်တိုဘာ ၂၁ ရက်နေ့က မိုင်းရှူးမြို့ပေါ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဆောက်အဦဘေးတွင် မိုင်းပေါက်ကွဲမှုများဆက်တိုက်ဖြစ်ခဲ့သည်။
No comments:
Post a Comment