မဇ္ဈိမ / DMG
တပ်မတော်မှ ဒုတပ်ကြပ်တစ်ဦး၏ အဓမ္မပြုကျင့်ခံရသူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဓညဝတီရပ်ကွက်နေ အသက် ၈ နှစ် အရွယ်မိန်းကလေးငယ်မှာ ရန်ကုန် ကလေးဆေးရုံ၌ အောက်တိုဘာလ ၂၁ ရက်နေ့ သေဆုံးသွားပြီဟု မိန်းကလေး၏ ယောက်မဖြစ်သူထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့က အဓမ္မပြုကျင့်ခံရခြင်းဖြစ်ပြီး ယခုအခါ ပြစ်မှုကျူးလွန်သူ ဒုတပ်ကြပ် နေဝင်းအောင်အား စစ်ခုံရုံးမှ မူးယစ်သောက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ ပြည်သူကြားထဲ တပ်မတော်ဂုဏ်သိက္ခာ ညိုးနွမ်းစေမှုတို့ဖြင့် တရားစွဲဆိုထားကြောင်းလည်းဆိုသည်။
အဆိုပါ မိန်းကလေးမှာ အာဟာရချို့တဲ့သည့် ဝေဒနာကို ခံစားနေရသူဖြစ်ပြီး အခင်းဖြစ်ပြီးသည့်နောက်တွင် ရောဂါ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ကာ စစ်တွေဆေးရုံကြီး၌ ဆေးဝါးကုသမှုခံယူနေရာမှ ရန်ကင်းကလေးဆေးရုံသို့ ပို့သကုသမှုခံယူခဲ့ခြင်းဖြစ်ဟည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။
“တစ်နာရီလောက်မှာ သူ့အစ်ကိုဆီက ဖုန်းဆက်ပါတယ်။ ဖုန်းဆက်တော့ ဌေးဌေးဇံသေပြီ၊ အခုနလေးကပဲ သေသွားတာ လို့ ပြောပါတယ်။ သူက ခုလိုအမှုမဖြစ်ခင်ကတည်းက ဆေးရုံကို မကြာခဏ ပို့နေရတာပါ။ ဆရာဝန်ကြီးကတော့ အာဟာရချို့တဲ့တယ်လို့ပြောပါတယ်။ သွေးတွေသွင်းရတာတွေလည်းရှိတယ်။” ဟု မိသားစုဝင်ကပြောသည်။
ယင်းကိစ္စနှင့်ပက်သက်၍ စစ်တွေမြို့ရှိ စစ်ကဲတော်မင်းကျောင်း၌ အောက်တိုဘာလ ၁၁ ရက်နေ့က ရခိုင်လူမှုအဖွဲ့ အစည်းများ ညှိနှိုင်းရေးကော်မတီမှ ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့သည်။ အမျိုးသမီးငယ် ရန်ကုန်တွင် ဆေးဝါးကုသမှုခံယူ နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် ၁၀ သိန်း၊ ဒစကမှူးထံမှ ၂ သိန်း၊ ပြည်နယ်ရဲမှူးထံမှ ၁ သိန်း ၂ သောင်း နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံမှ ငွေကျပ် ၅ သိန်းခန့်လည်း ထောက်ပံ့ကူညီမှုရခဲ့သည်ဟုလည်းသိရသည်။
ယင်းအမှုကို လိုက်ပါကူညီပေးနေသူ စစ်တွေမြို့ လူမှုရေးအသင်းအဖွဲ့များ ညှိနှိုင်းရေးကော်မတီမှ ကိုစိုးနိုင် ကမူ တပ်ဖက်မှအရေးယူမှုကို စောင့်ကြည့်နေကြသည်ဟုဆိုသည်။
“ကျွန်တော်တို့က အဲဒီကလေးအမှုနဲ့ပတ်သက်ပြီး နှစ်ခုလုပ်ခဲ့တယ်။ တစ်ခုက အဲဒီကလေးကျန်းမာရေးနဲ့ အသက်ရှင်ရေး၊ နောက်တစ်ခုက အမှုမှန်ကို ဥပဒေနဲ့အညီ စီရင်ရေး။ အဲဒီနှစ်ခုကို ဦးစားပေးလုပ်ခဲ့တယ်။ ကျွန်တော်တို့က တပ်ဖက်က အရေးယူမှုကို စောင့်ကြည့်နေပါတယ်။ သူတို့ဘယ်လိုအရေးယူမှာလဲ။ သူတို့ဘယ်လိုပြစ်ဒဏ်ချမှာလဲ ဆိုတာကို စောင့်ကြည့်နေတာဖြစ်တယ်။ ပြစ်ဒဏ်ချမှတ်ပြီးနောက်ဆိုရင် ကျွန်တော်တို့က အရပ်ဘက်ရုံးကိုရောက်အောင် ဆွဲယူသွားမယ်။” ဟု ကိုစိုးနိုင်က ပြောသည်။
အမျိုးသမီးငယ်၏ လူနာစောင့်အဖြစ် လိုက်ပါဆောင်ရွက်သည့် ရခိုင့်အလင်းတံခါးအဖွဲ့မှ ဥက္ကဌ ဒေါ်ကျော့စိန်က “ကလေးမှာ ပြဿနာက နှစ်ခုဖြစ်သွားတယ်။ ရောဂါဖြစ်နေတာကတစ်ခု၊ နောက်အဓမ္မပြုလုပ်တာက တစ်ခုဆိုတော့ ဆေးရုံပေါ်မှာတောင် အဖေလက်ကိုမကိုင်နဲ့ နာတယ်ဆိုပြီး နှစ်ရက်လောက်ကို ယောင်ရမ်းခဲ့တယ်။ နောက် ကလေးဟာ အမှုမဖြစ်ခင် လမ်းလျှောက်နိုင်ခဲ့တယ်လို့လည်း သိရတယ်။ ဒီအမှုဖြစ်ပြီးတဲ့ နောက်မှသာ သူကလမ်းလျှောက်လို့ မရတော့ဘူး။” ဟု ပြောသည်။
အမျိုးသမီးငယ်သည် ရန်ကုန်ကလေးဆေးရုံတွင် ၁၂ ရက်ခန့် ကုသမှုခံယူနေစဉ်အတွင်း ရန်ကုန်ရောက်ရခိုင်အဖွဲ့ အစည်းများဖြစ်သည့် လေးဝတီအဖွဲ့၊ ရခိုင်လူငယ်အဖွဲ့နှင့် တခြားသာရေးနာရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့ ကြကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်ထားရှိကြောင်းသိရှိနိုင်ရန် ရခိုင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း အား ဆက်သွယ်မေးမြန်းရာ တောင်ကုတ်မြို့သို့ ခရီးထွက်နေသဖြင့် ယင်းဖြစ်စဉ်အား သိရှိမှု မရှိဟုသာ ဖြေကြားခဲ့သည်။
No comments:
Post a Comment