Tuesday, October 27, 2015

စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို မြောက်ဦးကျင်းပမည်

မဇ္ဈိမ/DMG

စတုတ္ထအကြိမ်မြောက်ကျင်းပမည့် တိုင်းရင်းမီဒီယာညီလာခံကို ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု မြို့တော်ဖြစ်သည့် မြောက်ဦးမြို့၌ ဖေဖော်ဝါရီလ ၁၄၊ ၁၅၊ ၁၆ သုံးရက် ကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

မြောက်ဦးနာရေးကူညီမှုအသင်း ရတနာပါလ မင်္ဂလာခန်းမတွင် ဒေသခံ ရခိုင်မီဒီယာများ၊ သတင်းထောက်များ၊ မြောက်ဦးမြို့မှ လူမှုအဖွဲ့အစည်းများနှင့် အခြားဖိတ်ကြားထားသောသူတို့ ကျင်းပရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် ဆွေးနွေးရာတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

တိုင်းရင်းမီဒီယာကျင်းပရခြင်းမှာ တိုင်းရင်းသားဒေသများ၏ ကြုံတွေ့နေရသော အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍများ၊ တိုင်းရင်းသား ဒေသရှိ မီဒီယာများ ဖွံ့ဖြိုးလာစေရန် ကြုံတွေ့နေရသော အခက်အခဲများကို နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် မြန်မာနိုင်ငံအစိုးရမှ သိခွင့်ရမည်ဖြစ်ပြီး ယင်းအခက်အခဲ ပြဿနာများကိုလည်း တောင်းဆိုနိုင်ရန်အတွက် ဖြစ်ကြောင်း ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ကံကပြောသည်။

ကဗျာဆရာ မောင်ခိုင်အောင် (ဦးဦးလှစော) ကလည်း "တိုင်းရင်းမီဒီယာ အချင်းချင်း အပြန်အလှန် ဆွေးနွေးခွင့်ရပါမယ်။ မြောက်ဦးမှာ ကျင်းပရင်တော့ မြောက်ဦးမြို့ရဲ့ ဂုဏ်၊ လူသိများပြီး အများကြီး အကျိုးကျေးဇူးရှိမှာ ဖြစ်ပါတယ်။ ပြီးခဲ့နှစ်ကဆိုရင် ချင်းပြည်နယ် ဟားခါးမှာ ကျင်းပခဲ့တယ်။ အဲဒီမှ စတုတ္ထအကြိမ်ကို မြောက်ဦးကျင်းပဖို့ မဲအများဆုံးရခဲ့တယ်။ တစ်ချို့တိုင်းရင်း မီဒီယာတွေကလဲ မြောက်ဦးကို အရမ်းစိတ်ဝင်စားကြတယ်။ မြောက်ဦးမှာပဲကျင်းပစေချင်တယ်။ " ဟု ပြောသည်။

အဆိုပါ တိုင်းရင်းမီဒီယာ ညီလာခံကျင်းပနိုင်ရန်အတွက် ကုန်ကျမည့်ငွေကြေးများအား မြန်မာနိုင်ငံတကာ သတင်းဌာန (BNI) မှ ရှာဖွယ်ပေးသွားမည်ဖြစ်ပြီး ယင်းညီလာခံသို့ မြန်မာတစ်နိုင်ငံလုံးမှ သတင်းမီဒီယာသမားများ တက်ရောက်လာကြမည်ဖြစ်ကြောင်း၊ လူပေါင်း ၂၅၀ ခန့် ဖိတ်ကြားသွားမည်ဟု သတင်းနှင့်ပြန်ကြားရေး ကော်မတီထံမှ သိရသည်။

No comments: