Friday, October 2, 2015

မြန်မာ့ကျောက်စိမ်း အနာဂတ် ရွေးကောက်ပွဲ သန့်ရှင်းမျှတမှု အပေါ်မူတည်နေ

မြတ်ပြည့်ဖြိုး


နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒအတိုင်း လွတ်လပ်၍ တရားမျှတလျှင် ပြည်သူတင်မြှောက်သည့် အစိုးရသစ်တရပ် ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားမည့် အလားအလာ ပိုမို များပြားလာကာ မြန်မာ့ကျောက်စိမ်းဈေးကွက်အတွက် အလားအလာ ကောင်းများစွာ ဖြစ်ထွန်းနိုင်သည်ဟု ကျောက်စိမ်းလုပ်ငန်းရှင်များက ပြောဆိုကြသည်။

၂၀၁၅ ရွေးကောက်ပွဲသည် ပိုမို ပွင့်လင်းမြင်သာပြီး လွတ်လပ် တရားမျှတပါက ပြည်သူ့အစိုးရတရပ်ဖြစ်ပေါ်လာပြီး နိုင်ငံ ရေး၊ စီးပွားရေး မူဝါဒများ ချမှတ်ဆောင်ရွက်မည်ဖြစ်ရာ တရုတ်၏ ၀ယ်လိုအားအပေါ် မှီခိုနေရသည့် မြန်မာ့ ကျောက်စိမ်း ဈေးကွက်သည် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားမည်ဆိုပါက အနောက်ဥရောပနိုင်ငံများအထိ ဈေးကွက် ကျယ် ပြန့်လာ နိုင်မည်ဟု မန္တလေးကျောက်စိမ်းဈေးကွက်တွင် နှစ် ၃၀ ကြာ လုပ်ကိုင်နေသည့် ပွင့်ကောင်းကျောက်မျက် ကုမ္ပဏီပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။

မြန်မာ့ကျောက်စိမ်းအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားလိုက်မည်ဆိုပါက တရုတ်ဈေးကွက်အပေါ် မှီခိုထားအားထားနေရသော မြန်မာ့ကျောက်စိမ်းသည် ဈေးကွက်အရသော်လည်းကောင်း၊ ဈေးနှုန်းအရသော်လည်း ကောင်း အလားအလာကောင်းများစွာ ပေါ်ထွန်းလာမည်ဟု ကျောက်စိမ်းလုပ်ငန်းရှင်များက ဆိုကြသည်။

“ဘယ်နိုင်ငံ ရောင်းရောင်း တရုတ်က ပြန်ဝယ်ပေမယ့် ရေရှည်ကျရင်တော့ သူဌေးတယောက် ထက်စာရင် သူဌေး ၂ ယောက်နဲ့ တွေ့တော့ ပိုကောင်းတာပေါ့” ဟု ကချင်ပြည်နယ် ဖားကန့်ရှိ မြန်မာသူရ ကျောက် မျက်တူးဖော်ရေး ကုမ္ပဏီပိုင်ရှင် ဦးလှစိုးဦးက ပြောသည်။

တရုတ်နိုင်ငံတွင် ကျောက်စိမ်းအပေါ် အခွန်ကောက်ခံမှု မြင့်တက်မှု၊ တရုတ်စီးပွားရေး ကျဆင်းမှုများကြောင့် ယခုလ အတွင်း မန္တလေးကျောက်စိမ်း ဈေးကွက်သည် အရောင်း အ၀ယ်အေးသွားကာ ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်လျှင် ၃၀ ရာခိုင်နှုန်းခန့် အရောင်းအ၀ယ်ကျသွားကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေး)မှ သိရသည်။

မြန်မာနိုင်ငံ၏ တွင်းထွက်ကျောက်စိမ်း၊ ပတ္တမြားနှင့် အဖိုးတန်ကျောက်မျက်ရတနာတို့အား ၂၀၀၈ ခုနှစ်တွင် အမေ ရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် အမေရိကန်ပြည် ထောင်စုက မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စီးပွားရေးပိတ်ဆို့မှုအချို့အား ဖြေလျှော့ခဲ့သော်လည်း၂၀၁၃ ခုနှစ် သြဂုတ် ၇ ရက်တွင် မြန်မာ့ကျောက်စိမ်းတင်သွင်းခွင့် ပိတ်ဆို့ထားမှုအား ထပ်မံ သက်တမ်းတိုးထားဆဲဖြစ်သည်။

မြန်မာနိုင်ငံ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ဒီမိုကရေစီပြောင်းလဲမှုအား ထိ ခိုက်စေသော အပြုအမူများ ရှိသည့်အတွက် သက်တမ်းတိုးရခြင်းဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေး နှင့် ငွေကြေး ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့ကြောင့် စီးပွားရေးပိတ်ဆို့မှုများ ရှိနေသည့် အနောက် ဥရောပနိုင်ငံများသို့ မြန်မာ့ကျောက်စိမ်းသည် တင်ပို့ခွင့်မရဘဲ တရုတ်နိုင်ငံတခုတည်းသာ တင်ပို့ခဲ့ကြသည်။

လက်ရှိတွင် မြန်မာ့ကျောက်စိမ်းဈေးကွက်သည် တရုတ်အား တိုက်ရိုက်မှီခိုနေရပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံက ကျောက်စိမ်း ကီလိုဂရမ်ပေါင်း ၄၃ သန်းခန့် ထုတ် လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်က ထုတ်လုပ်ရောင်းချသည့် ကျောက်စိမ်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃ သန်း ခန့်ရှိ ကြောင်း သိရှိရသည်။

၂၀၁၁ ခုနှစ် မြန်မာ့ကျောက်စိမ်းရောင်းရငွေသည် အမေရိကန်ဒေါ်လာ ၈ ဘီလျှံခန့်ရှိခဲ့ရာ သဘာဝ ဓာတ်ငွေ့ ရောင်း ရငွေ၏ ၂ ဆခန့်၊ GDP (တနိုင်ငံလုံး ထုတ်လုပ်သည့် ထုတ်ကုန်နှင့် ၀န်ဆောင်မှုအားလုံး စုစုပေါင်းတန်ဖိုး) ၏ ၆ ပုံ ၁ ပုံခန့် ရှိကြောင်း ဟားဗတ်တက္ကသိုလ်၏ ဟားဗတ်အပ်ရှ်စင်တာ (Harvard Ash Center) ပြုလုပ်ထားသည့် သုတေသန အရ သိရှိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ကျောက်စိမ်းများ၏ ထက်ဝက်ခန့်သည် တရုတ်နိုင်ငံသို့ တရားမ၀င် ကုန်သွယ်မှု ဖြင့် ရောက်ရှိ နေပြီး တရုတ်အစိုးရက နိုင်ငံတွင်း ၀င်ရောက်လာသည့် ကျောက်စိမ်းပမာဏကို တိကျ သည့် စာရင်းဇယား ထုတ်ပြန်နိုင်ခြင်းမရှိပေ။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု အခွန်အကောက်ဥပဒေအရ ကျောက်မျက် ရတနာပြပွဲများတွင် ရောင်းချသည့် တွင်းထွက်ကျောက်စိမ်း အရိုင်းထည် ရောင်းရငွေ၏ ၁၅ ရာခိုင်နှုန်းကို ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ကျောက်မျက်ဥပဒေအရ ကောက်ခံခဲ့သည့် ရတနာခွန် ၁၀ ရာခိုင်နှုန်းကိုမူ ၂၀၁၅ ခုနှစ် သြဂုတ် ၈ ရက်က ကင်းလွတ်ခွင့် ပြုခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းချုပ် သတင်းနှင့် ပြန်ကြားရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဟန်က “အခွန်လျှော့ပေးလိုက်လို့ အသက်ရှူချောင်သွားပေမယ့် တရုတ်ပြည်ဈေးကွက် မကောင်းတော့ ဒီဘက်ကို လာရိုက် ခတ်တယ်။ ရွေးကောက်ပွဲပြီးသွားရင် ကံသေ ကံမ အတိအကျမပြောနိုင်ပေမယ့် ဈေးကွက်ကောင်းလာဖွယ်ရှိတယ်လို့ မျှော်လင့်ရတာပေါ့” ဟု ပြောသည်။

မန္တလေး၏ အဓိကကျောက်စိမ်းဈေးကွက်ဖြစ်သော မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းတွင် ပြည်တွင်းဝယ်လက်များအကြား ငွေကျပ်သိန်းထောင်ဂဏန်းပိုင်း တန်ဖိုးရှိကျောက်များသာ အရောင်းအ၀ယ် ဖြစ်နေပြီး ပြည်ပကုန်သည် (တရုတ်) လာရောက်ဝယ်ယူမှု မရှိသလောက် နည်းသွားကြောင်း ကျောက်ကုန်သည်များက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှုမရှိဘဲ ညစ်ပတ်မှုများရှိလာပါက လက်ရှိ ကျဆင်းနေသော မြန်မာ့ ကျောက်စိမ်းဈေးကွက် ခန့်မှန်း၍ မရနိုင်သည်အထိ ပျက်စီးဖွယ်ရှိသည်ဆိုသော သုံးသပ်မှုများလည်းရှိသည်။

မဟာအောင်မြေကျောက်ဝိုင်းမှ မဟာရွှေမင်း ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးအေးမောင်က “တကယ်လို့ နိုင်ငံရေး အပြောင်းအလဲက မကောင်းရင်တော့ ဈေးကွက်က မခန့်မှန်းနိုင်အောင် ပျက်သွား မယ်” ဟု သူက ခန့်မှန်းသည်။

အစိုးရက ယခင်က တနှစ်လျှင် ၃ ပွဲကျင်းပသည့် ကျောက်မျက်ရတနာရောင်းချပွဲနှင်ပြပွဲကို ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ စတင်ကာ တနှစ်လျှင် တကြိမ်သာ ပြုလုပ်ကြောင်း၊ ထို့ကြောင့် ကျောက်ကုန် သည်များ အနေဖြင့် ပြည်ပ ၀ယ်လက် မရှိသည့်အချိန်တွင် ပြပွဲတွင် ပြသရောင်းချရန် အခွင့်အရေး မရတော့သည့်အတွက် ဈေးကွက် အရောင်းအ၀ယ် ပိုထိခိုက်စေခြင်း ဖြစ်သည်ဟု မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းက ကျောက်ကုန်သည်များက ပြောသည်။

No comments: