Tuesday, October 6, 2015

နိုင်ငံရေး မလုပ်ဟု မဘသ ပြော

သူဇာ


အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ)က နိုင်ငံရေး လုပ်ဆောင်ခြင်း မရှိသလို မည်သည့် ပါတီကိုမှ ထောက်ခံ အားပေးမည် မဟုတ်ကြောင်း မဘသအဖွဲ့ ဦးဆောင် ဆရာတော် ဒေါက်တာ အရှင် ဓမ္မပီယက မိန့်ဆိုလိုက်သည်။

ယနေ့ အင်းစိန်မြို့ ရွာမ ပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်ပြီး လာမည့် အောက်တိုဘာလ ၄ ရက်နေ့ သုဝဏ္ဏ အားကစားကွင်းတွင် ပြုလုပ်မည့် အောင်ပွဲသည် မျိုးစောင့်ဥပဒေ ပြဋ္ဌာန်း နိုင်ခြင်း အောင်ပွဲသာ ဖြစ်သည်ဟု ဒေါက်တာ အရှင် ဓမ္မပီယက မိန့်ကြားသည်။

ဆရာတော် ဓမ္မပီယက“မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းနိုင်တာဟာ အမျိုးသား အောင်ပွဲလို့ ပြောလို့ရသလို ခက်ခဲတဲ့ အရာတခုကို ကိုယ် လုပ်နိုင်တဲ့အတွက် ကိုယ့်ရဲ့လုပ်ငန်းစဉ် အောင်မြင်တဲ့အတွက် ဒါကိုပဲ ပြောလို့ရပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အောင်ပွဲ မဟုတ် ပါဘူး။ ဒါကို နိုင်ငံရေး အောင်ပွဲလုပ်ပြီး ပါတီတခုကို ထောက်ခံပေးတယ်ဆိုတာ လုံးဝ အဓိပ္ပာယ် မရှိပါဘူး”ဟု မိန့်ဆိုသည်။

သို့သော် ထိုအောင်ပွဲသည် မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းပေးခဲ့သည့် သမ္မတဦးသိန်းစိန်ကို ထောက်ခံကြောင်း ပြသသည့် ပွဲဟု ဝေဖန် မှုများလည်း ရှိနေသည်။

အရှင် ဓမ္မပီယကမူက မဘသ အဖွဲ့အစည်းသည် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက် ဖွဲ့စည်း ထားခြင်း မဟုတ်ကြောင်း မိန့်ကြားသည်။

“အခု ပြည်ခိုင်ဖြိုးက လောလောဆယ် နိုင်ငံမှာ အုပ်ချုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ပိုင်တဲ့ Hall (ခန်းမ)ကို ဘုန်းဘုန်း တို့က သုံးချင်ရင် သူတို့ခွင့်ပြုမှ ရမှာပေါ့။ ဒါမှမဟုတ် တခြားပါတီက ပိုင်တဲ့ Hall ဆိုရင် သူတို့ခွင့်ပြုချက် ယူရမှာပေါ့။ အဲဒါကိုပဲ ဘုန်းဘုန်းတို့က ဟိုပါတီ ပါတယ်။ ဒီပါတီ ပါတယ် ပြောလို့ မရပါဘူး။ နောက်တခုက ဘုန်းဘုန်းတို့ အဖွဲ့ထဲမှာ ပါတီ ပေါင်းစုံပါတဲ့ အတွက်ကြောင့် မဘသသည် ပြည်ခိုင်ဖြိုးအတွက် ဖွဲ့စည်းထားတာ မဟုတ်ဘူးဆိုတာကို ၁၀၀ ရာခိုင်နှုန်း ပြောရဲပါတယ်”ဟု ဆရာတော်က မိန့်သည်။

ထို့အပြင် မဘသ အမည်သုံး၍ မဘသ အဖွဲ့ဝင် တဦးတယောက်က နိုင်ငံရေးတွင် ၀င်ရောက် ပြောဆိုနေခြင်းသည် မဘသ အဖွဲ့ကို ကိုယ်စားပြု ပြောကြားခြင်းမျိုး မဟုတ်ဘဲ တဦးတယောက်၏ သဘောတရားသာ ဖြစ်ကြောင်း ဆရာတော် ဓမ္မပီယက မိန့်ဆိုသည်။

ဆရာတော်က“သတင်း မီဒီယာသမားများကို ပြောချင်တာက ပုဂ္ဂိုလ်ရေးအရနဲ့ ကိုယ်စား အဲဒီနှစ်ခုကိုတော့ သဲသဲကွဲကွဲ မြင်စေ ချင် ပါတယ်။ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ သူပြောချင်တဲ့စကားကို ပြောတိုင်း ဘုန်းဘုန်းတို့က ဆန်စင်ရာ ကျည်ပွေ့လိုက် နေရရင် ဘုန်းဘုန်း တို့ ပြည်ရဲ့ ငြိမ်းချမ်းရေးက ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး”ဟုလည်း မိန့်သည်။

မဘသကြောင့် တိုင်းပြည် မငြိမ်မသက် ဖြစ်စေသည့် လုပ်ရပ်မျိုး မဖြစ်ပေါ်စေရန်နှင့် အာဏာရ ကြံ့ခိုင်ရေးပါတီ အပါအ၀င် အခြားပါတီ အသီးသီးအနေနှင့်လည်း တိုင်းပြည်မငြိမ်မသက် ဖြစ်စေသည့် အရာမျိုးကို ရှောင်ကျဉ်စေချင်ကြောင်း ထည့်သွင်း မိန့်ကြားသွားသည်။

အရှင် ဓမ္မပီယက“ဘုန်းဘုန်းတို့ဘက်က တိုင်းပြည်အတွက် မငြိမ်မသက် ဖြစ်စေတဲ့ အရာမျိုးဆိုရင် မဘသကြောင့် ဖြစ်ပေါ်မယ် ဆို ရင် ဘုန်းဘုန်းတို့ မဘသ ကလည်း ထိန်းမယ်။ တခြားပါတီကလည်း သူတို့ကြောင့် ဖြစ်ပေါ်မယ့် အရာတွေဆို သူတို့က ထိန်းမယ်။ လက်ရှိ အစိုးရကလည်း သူတို့ကြောင့် ဖြစ်ပေါ်တဲ့အရာတွေကို သူတို့ ထိန်းမယ်ဆိုရင် ငြိမ်းချမ်းရေးကို ဦးတည်သွားပါလိမ့်မယ်။ ဒါပေမယ့်လို့ တသင်းတဖွဲ့ကို ပြဿနာရှာပြီးတော့ တသင်းတဖွဲ့ကိုပဲ မီးမောင်းထိုးပြတာကိုတော့ ဘုန်းဘုန်းတို့က မျှတ စေချင်တယ်။ ညီညွှတ်စေချင်တယ်။ နားလည်ပေးစေချင်ပါတယ်”ဟု ဆိုသည်။

ယနေ့ အင်းစိန် ရွာမပရိယတ္တိ စာသင်တိုက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသည် မျိုးစောင့်ဥပဒေ ပေါ်ပေါက်လာခြင်း အထိမ်း အမှတ် ဂုဏ်ပြုကြိုဆိုပွဲအတွက် အကြိုသတင်းစာရှင်းလင်းပွဲ ဖြစ်ပြီး လာမည့် အောက်တိုဘာ ၄ ရက်နေ့တွင် ယင်း အထိမ်း အမှတ် ဂုဏ်ပြုကြိုဆိုပွဲကို သုဝဏ္ဏ အားကစားကွင်းတွင် တနိုင်ငံလုံး အတိုင်းအတာနှင့် ကျင်းပရန် ရှိသည်။

ယင်းဂုဏ်ပြုပွဲကို သီတဂူ ဆရာတော်ကြီးလည်း တက်ရောက်ရန် ဖိတ်ကြားထားပြီး မြန်မာနိုင်ငံအတွင်းရှိ သံရုံးများကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

No comments: