နန်းဆိုင်နွမ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် နတ်မှော်ကျေးရွာ အနီးတွင် အောက်တိုဘာလ ၅ ရက်က အသက် ၃၀ ကျော်ရှိ ဦးထွန်းလွင် ဆိုသူ အရပ်သားတဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်သွားသူများမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုမှ ဖြစ်သည်ဟု ယူဆရကြောင်း၊ နောက်ကျောသို့ ၄ ချက် အပစ်ခံရပြီး ချက်ချင်း သေဆုံးသွားကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း ဒုရဲအုပ် သန့်ဇော်ဦးက အောက်တိုဘာ ၆ ရက်က ဧရာဝတီကို ပြောပြသည်။
ဒုရဲအုပ် သန့်ဇော်ဦး“မနေ့က ညနေ ၄နာရီကျော်မှာ ဖြစ်တာ။ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။ နယ်မြေကတော့ မအေးချမ်းပါဘူး။ လှုပ်ရှားမှုတွေ အများကြီး ရှိနေတယ်”ဟု ပြောသည်။
ဖားကန့်မြို့နယ်တွင် အကြောင်းအမျိုးမျိုးဖြင့် လက်နက်ကိုင်ဆောင်သူများ ရှိနေပြီး ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် အစိုးရ တပ်မတော်တို့လည်း အသီးသီးလှုပ်ရှားလျက်ရှိကြောင်း ဖားကန့်မြို့နယ် လူမှုအဖွဲ့အစည်းမှ ဦးမရန်ဂျာလကလည်း ပြော ဆိုသည်။
“ဆိုင်ကယ် ၂စီးနဲ့ လူနှစ်ယောက်ပါ။ နတ်မှော်ရွာပါ။ စစ်တပ် ရှိတယ်။ လက်နက်တွေကတော့ တရားဝင်ရော တရားမဝင်ရော ကိုင် နေ ပါတယ်။ သူ့ရဲ့ ရုပ်အလောင်းက ဖားကန့် ပြည်သူ့ဆေးရုံ အအေးခန်း ရောက်နေပါပြီ။ ခေါင်းမှာ ရော ရင်ဘတ်မှာရော အပစ်ခံရ တယ်”ဟု ဦးမရန်ဂျာလက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်သွားသူ ၂ဦးကို လက်ရှိ အချိန်ထိ ဖမ်းမိခြင်းမရှိသေးဟု တိုင်းနီ(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ (TNDP) ဖားကန့် မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်လွင်ကလည်း ပြောပြသည်။
“အရပ်ဝတ်နဲ့ လာပစ်တယ်ဆိုတော့ ဘယ်သူဘယ်ဝါလို့ ပြောလို့ မရဘူး။ လက်ရှိမှာ သူ့အမျိုးသမီးနဲ့ သမီးလေးတဦး ကျန်ခဲ့တယ်။ တရားခံကို မိတာတော့ မရှိဘူး”ဟု ဦးခင်မောင်လွင်က ပြောသည်။
ဖားကန့်မြို့နယ်သည် ကျောက်စိမ်းထွက်ရှိရာ ဒေသတခုဖြစ်ပြီး နိုင်ငံတ၀န်းလုံးမှ လူမျိုးစုံ စီးပွားရေးအရ လာရောက် အခြေပြု အလုပ်လုပ်ကြသည့် ဒေသတခု ဖြစ်သည်။

No comments:
Post a Comment