Thursday, October 8, 2015

အထက် ပေါင်းလောင်း ရေကာတာကြောင့် ဒေသခံများ လူမှုဘ၀ ပိုမိုနိမ့်ကျနေ

ဇူးဇူး


ရှမ်းပြည်နယ်တောင်ပိုင်းရှိ အထက်ပေါင်းလောင်း ရေကာတာ တည်ဆောက်ပြီးဆုံးချိန် ၂၀၁၃ ခုနှစ်မှစ၍ ရွှေ့ပြောင်းခြင်းခံရသည့် ဒေသခံများ၏ ကျန်းမာရေး၊ လူမှုဘ၀နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ပျက်စီးပြီး ပိုမိုဆင်းရဲနိမ့်ကျမှုများကို ရင်ဆိုင် နေရသည်ဟု လူ့အခွင့်အရေး ဆိုင်ရာ ဆရာဝန်များအဖွဲ့ (PHR) က အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

PHR အဖွဲ့က ထိုစီရင်ခံစာကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး ရွှေ့ပြောင်းခံရသည့် ရွာပေါင်း ၂၃ ရွာမှ အိမ်ထောင်စု ၈၀ ကျော်ကို အချိန် ၉ လကျော်ကြာ ကောက်ယူခဲ့ပြီးနောက် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုအစီရင်ခံစာ မိတ်ဆက်ပွဲကို အောက်တိုဘာ ၅ ရက်က ရန်ကုန်မြို့ House of Memories ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပေါင်းလောင်းရေကာတာ တည်ဆောက်ခြင်းကြောင့် ရွှေ့ပြောင်းခံရသည့် ရွာပေါင်း ၂၃ ရွာမှ လူပေါင်း ၈၀၀၀ ကျော်သည် အလုပ် အကိုင်နှင့် ၀င်ငွေဆုံးရှုံးခြင်း၊ အစားအသောက် မလုံလောက်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်းနှင့် သန့်ရှင်းသည့်ရေ ရရှိရန် ခက်ခဲခြင်းတို့ကို ကြုံတွေ့နေရသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာအစိုးရက မိသားစုတွေကို ပြောင်းရွှေ့တဲ့အခါ နိုင်ငံတကာ စံချိန်စံညွန်းကို လိုက်နာလိုစိတ် မရှိဘူး ဆိုတာကို ပြသလိုက်တာဖြစ်ပြီး ဒီလိုပြုလုပ်ခြင်းအားဖြင့် ရွှေ့ပြောင်းခံရသူများကို ဆင်းရဲတွင်းထဲကို ပိုပြီးတော့ တွန်းပို့စေတာပါ”ဟု PHR ၏ အစီအစဉ် ဒါရိုက် တာ ဖြစ်သူ Widney Brown က ပြောသည်။

ရွှေ့ပြောင်းခံရသူများထဲမှ ၆၄ ရာခိုင်နှုန်းသည် ခြိမ်းခြောက်မည်စိုးရိမ်၍(သို့) ပြောင်းရွှေ့ရန်ငြင်းဆန်ပါက နောင်ဖြစ်လာမည့် အကျိုး ဆက်ကို ကြောက်ရွံ့သောကြောင့် ရွှေ့ပြောင်းရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း၊ ရွှေ့ပြောင်းပြီးနောက်ပိုင်း အိမ်ထောင်စုများ၏ ၈၄ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံ၏ အနိမ့်ဆုံး ၀င်ငွေအောက်သို့ ကျဆင်းသွားကြောင်း PHR ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

အိမ်ထောင်စု ၄၅ ရာခိုင်နှုန်းသည် ၎င်းတို့မိသားစုအတွက် လုံလောက်သည့် သောက်သုံးရေ မရှိသည်ကို တင်ပြခဲ့ကြကြောင်းနှင့် အစီ ရင်ခံစာ၏ စစ်တမ်းမေးခွန်းကို ဖြေဆိုသူ ၈၁ ရာခိုင်နှုန်းသည် စိတ်ဓာတ်ကျဆင်းနေကြပြီး စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးလမ်းညွှန်မှုများ လုပ်ဆောင်ရန် လိုအပ်လျက်ရှိနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေသခံ တဦးဖြစ်သူ ကိုမင်းမင်းဌေးက“နှုတ်ကတိတွေ ပေးခဲ့ပေမယ့် တကယ်တမ်း လက်တွေ့မှာ အများကြီး ဆိုးရွားတယ်။ စားသောက်မှု ဆင်းရဲတယ်။ အလုပ်အကိုင် ရှားပါးတယ်။ သောက်သုံးရေ အခက်အခဲ ရှိတယ်။ တချို့ဆို လယ်ယာမြေတွေ ဆုံးရှုံးရ လို့ စိတ်ကျရောဂါစွဲပြီး အဆိပ်သောက်သေတဲ့ အဆင့်ထိတောင် ဖြစ်နေတယ်”ဟု ပြောပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အထက်ပေါင်းလောင်း ရေကာတာ စီမံကိန်းသည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်ကို လျှပ်စစ်ဓာတ်အား အဓိက ထုတ်လွှတ်ပေးခြင်း ဖြစ်သည်။

ထိုရေကာတာကို တရုတ်၊ ဆွစ်ဇာလန်နှင့် ဗြိတိန် နိုင်ငံများမှ ကုမ္ပဏီများက ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်း ဖြစ်သည်။


“ကျနော်တို့ ရွှေ့ပြောင်းခံရသူတွေဟာ ဒီကနေ့ အချိန်အထိ အလုပ်အကိုင် အခွင့်အလမ်း မရှိပါဘူး။ လယ်ယာမြေ သိမ်းဆည်းမှုကြောင့် စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ရတယ်။ တချို့ကလေးတွေဆို ကျောင်းတွေပါ ထွက်လိုက်ရတယ်။ ကျနော်တို့ ကလေး ငယ်တွေရဲ့အနာဂတ်ဘ၀ဟာ အင်မတန်မှ ရင်လေးစရာ ဖြစ်နေပါတယ်”ဟု ဒေသခံတဦးဖြစ်သူ ဦးညွန့်ဝင်းကလည်း ပြောသည်။

အထက်ပေါင်းလောင်း ရေကာတာကြောင့် ပြောင်းရွှေ့ခံရသူများအတွက် ကျေးရွာသစ်များ ဖော်ထုတ်ပေးခဲ့ပြီး လူနေအိမ်များ၊ ကျေး ရွာအတွင်း လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ ရရှိရေး၊ လယ်ယာစိုက်ပျိုးရေး အတွက် နိုင်ငံတော်မှ ပေးအပ်သည့် လျော်ကြေး၊ နစ်နာကြေးများကို အမှန်တကယ် နစ်နာသူများ ရရှိရန် စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာန ဒု ၀န်ကြီး ဦးအောင်သန်းဦးက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ထိုအစီရင်ခံစာ ထွက်ပေါ်လာရေးအတွက် ဒို့မြေကွန်ရက် (LIOH)၊ ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ (KNGY)နှင့် တခြားဒေသတွင်း ရှိ အဖွဲ့အစည်း ၆ ဖွဲ့က ပါဝင်ကူညီခဲ့ကြောင်း သိရသည်။

PHR သည် အမေရိကန်နိုင်ငံ နယူးယော့ခ်အခြေစိုက် နိုင်ငံတကာ Advocacy အဖွဲ့အစည်းတခုဖြစ်ပြီး ဆေးနှင့်သိပ္ပံပညာကို အသုံးပြုကာ ဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် သတ်ဖြတ်မှုများ ရပ်တန့်စေရန် လုပ်ဆောင်လျက်ရှိသည့်အဖွဲ့ဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ကျော်တွင် ဆောင်ရွက်လျက်ရှိသည်။

No comments: