Tuesday, October 27, 2015

ဗုံးဒဏ် ထိမှန်သည့် မိုင်းရှူး ဒေသခံ အဖွားအို ခိုလမ် စစ်ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး

သျှမ်းသံတော်ဆင့်


သျှမ်းပြည် တောင်ပိုင်း လွယ်လင် ခရိုင် မိုင်းရှူးမြို့လယ် ဗုံးပေါက်ကွဲ မှုကြောင့် ဒဏ်ရာရသူ ၄ ဦးအနက် ၂ ဦးမှာ ဒဏ်ရာ ပြင်းထန် သောကြောင့် ခိုလမ် စစ်ဆေးရုံသို့ ပို့ဆောင်စဉ် ခိုလမ် အရောက်တွင် တဦး သေဆုံးကြောင်း သိရသည်။

စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၂ မှူး အမိန့်ဖြင့် ဒဏ်ရာရသူ အသက် ၇၅ နှစ်အရွယ် မယ်ထောက်လိတ် နှင့် အသက် ၁၂ အရွယ် ၆ တန်း ကျောင်းသူ နန်းခမ်းခင်တို့ နှစ်ဦးအား မိုင်းရှူး ပြည်သူ့ ဆေးရုံမှ ခိုလမ် စစ်ဆေးရုံသို့ လိုင်းကား နှစ်စီးဖြင့် သွားရောက် သယ်ယူလာစဉ် မယ်ထောက်လိတ်က သေဆုံးသွားသည်ဟု သိရသည်။

“ဓါတ်မှန်ရိုက်ကြည့်တာတော့ မတွေ့ရဘူး။ ဒါပေမယ့် မယ်ထောက်လိတ်က အသက်ရှူကျပ် တယ်၊ ရင်အောင့်တယ်ပြောတယ်၊ သွေးအားလည်းကျတယ်။ ညက သွေးသွင်းရတယ်။ တပုလင်း မကုန်သေးဘူး။ ဒီမနက်တော့ သွေးသွင်းကြီး တန်းလန်းနဲ့ ဗင်ကားက လာသယ် သွားတယ်၊ လိုက်ပို့ဖို့ ဒီမှာလဲ ဝန်ထမ်း မလုံလောက်ဘူး။ ထောက်ခံစာနဲ့ပဲ လူနာလွှဲ လိုက် ရတယ်။ ခိုလမ် အရောက်မှာဘဲ ဆုံးသွားတယ်လို့ ကြားတယ်” - ဟု ကျန်းမာရေး ဝန်ထမ်း အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့် သို့ အတည်ပြုပါသည်။

မယ်ထောက်လိတ်သည် အသက်အရွယ်နှင့် မလိုက်အောင် ဆေးမြှစ်၊ ဆေးဥများ ရှာရောင်းခြင်း၊ ပိန်းရွက်များခူး၍ ပေါင်းရောင်းခြင်းများဖြင့် ဝမ်းစာရှာနေသူတဦးဖြစ်သည်။

အလားတူ ဒဏ်ရာပြင်းထန်သည့် ၆ တန်းကျောင်းသူ နန်းခမ်းခင် ကလည်း အဆင်ပြေသည့် မိသားစု မဟုတ်ကြောင်း၊ ဖခင်မှာ တရုတ်နယ်စပ်ဘက် အလုပ်သွားလုပ်ကြောင်း ကြားသိရ သည်။

“မိသားစု က ပိုက်ဆံမလုံလောက်တော့ ဒီကလူတွေငွေစုတယ်။ နမ့်ခုံး အဖွဲ့ကလဲ ထောက် ပံ့လာတယ်၊ သေဆုံးသွားတဲ့ မယ်ထောက်လိတ်က ခိုလမ်ကို မသွားချင်ဘူး ။ သေမယ်ဆိုရင် အိမ်မှာဘဲ သေပါရစေတဲ့။ ဒါပေမယ့် အာဏာပိုင်တွေက စီစဉ်ပေးလိုက် တယ်ဆိုတော့ သူလဲမတတ်နိုင်ရှာဘူး” - ဟု ကူညီထောက် ပံ့ မှုတွင်ပါဝင်သည့် အမှတ် ၂ ရပ်ကွက်သား စိုင်းမောင်းလျှံ က ပြောသည်။

မိုင်းရှူး၊ မိုင်းစန် ဗုံးပေါက်ကွဲမှုသည် ရှုပ်ထွေးမှု ပိုမိုကြီးထွားလာစေရန် တတိယ လက်သည် ဖြစ်နိုင်သည်ဟု မိုင်းရှူးဒေသခံ တချို့က သုံးသပ်သည်။

အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရတပ်မတော် မှ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်သည့် အချိန် နှင့်လည်းတိုက်ဆိုင်နေသည်။

No comments: