ဦးလွင်
နိုင်ငံတွင်းရှိ အသက် ၉၀ နှင့် ၁၀၀ ကြား ဘိုးဘွားများကို စီမံချက်ချ ထောက်ပံ့ပေးရန် အစိုးရက ဘိုးဘွား များ စာရင်းကို ကောက်ခံလျက်ရှိရာ ယခုထိ သုံးသောင်းကျော် စာရင်းရှိသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။
“အသက် ၉၀ နှင့် ၁၀၀ နှစ်ကြား အဘိုးအဘွားများကို စာရင်းကောက်ယူလျက် ရှိပြီး ကျွန်မတို့ ဝန်ကြီးဌာန ဘတ်ဂျက်မှ ထောက်ပံ့သွားဖို့ စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင် က ပြောကြားသည်။
သက်ကြီးရွယ်အိုများ ရင်ဆိုင် ကြုံတွေ့နေရသည့် ဆဲရဲမှု၊ ကျန်းမာရေး မပြည့်စုံမှု၊ လူမှုအထီးကျန်မှုနှင့် လူမှု အခွင့်အရေးများကို လူ့ပတ်ဝန်းကျင် တစ်ခုလုံးက သိရှိကာ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားကို မြန်မာနိုင်ငံတွင်လည်း ကျင်းပခဲ့သည်မှာ ၁၇ နှစ် ရှိပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၌ လက်ရှိတွင် အသက် ၁၀၀ နှစ် နှင့်အထက် အဘိုးအဘွားများကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ၂၀၁၅ ခုနှစ်တွင် စတင်၍ သမ္မတနှင့် ဝန်များကြီးများ၏ လစာငွေ ၂၅ ရာခိုင်းနှုန်း စုဆောင်းငွေမှ အဘိုး၊ အဘွားတစ်ဦးလျင် ကျပ်နှစ်သိန်း ထောက်ပံ့ပေးလျက် ရှိသည်။
မြန်မာနိုင်ငံသည် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မိတ်ဆက်ခဲ့သည်။ အဆိုပါ စီမံချက်တွင် သက်ကြီးရွယ်အိုများအတွက် လူမှုရေး ပင်စင် ထောက်ပံ့ပေးခြင်းနှင့် သက်ကြီးသူချင်း ကူညီဆောက်ရှောက်ရေး အဖွဲ့များကို ထောက်ပံ့ပေးခြင်း လုပ်ငန်းများ ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမူကာကွယ် စောင့်ရှောက် ရေး ကနဦး စီမံချက်အနေဖြင့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တွင် နေထိုင်သည့် အသက် ၇၀ နှင့် ၉၀ နှစ်ကြား အဘိုးအဘွားများကို အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများ ကူညီ ဆောက်ရှောက်ရေးအဖွဲ့ (Help Age International ) နှင့် ပူးပေါင်း၍ ထောက်ပံ့ပေးလျက် ရှိသည်။
အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများ ကူညီဆောက်ရှောက် ရေးအဖွဲ့(Help Age International ) သည် သက်ကြီးရွယ်အိုများ၏ ရပိုင်ခွင့်များကို တင်ပြ တောင်းဆိုရာ၌ ကူညီကာ တွေ့ကြုံရသော ခွဲခြားဆက်ဆံမှုများကို ကူညီပေးလျက် ရှိသည် အဖွဲ့ဖြစ်သည်။
No comments:
Post a Comment