Friday, October 9, 2015

KNU တပ်သားသစ် စုဆောင်း၍ ကရင် ဒေသခံ ၂၀၀၀ နီးပါး တိမ်းရှောင်ဟု ဆို

နန်းလွင်နှင်းပွင့်


ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၅ မှ တပ်သားသစ်များ လိုက်လံစုဆောင်း နေသဖြင့် ဖာပွန်ခရိုင်အတွင်းရှိ ကျေးရွာ ၈ ရွာမှ ရွာသူရွာသား ၂၀၀၀ နီးပါး နေရပ်မှ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

“ကလေးတွေရော၊ လူကြီးတွေရော အကုန်ပြေးလာကြတာ။ မြိုင်ကြီးငူမှာပဲ လက်ရှိနေနေတယ်။ သူတို့ကို တပ်သားသစ် စုဆောင်း တာကြောင့် မနေရဲဘဲ ပြေးလာတယ်လို့ ပြောကြတယ်”ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အကြမ်းဖက် နှိမ်နင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်က ဧရာဝတီကို ပြောသည်။

တိမ်းရှောင် လာကြသူများက အောက်တိုဘာလ ၃ ရက်မှ စတင်ထွက်ပြေးလာကြခြင်းဖြစ်ပြီး KNU တပ်မဟာ ၅ က တပ်သားသစ် စုဆောင်း နေသဖြင့် အိမ်များတွင်မနေရဲဘဲ ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု ပြောကြောင်း၊ အောက်တိုဘာလ ၅ ရက်တွင် မြိုင်ကြီး ငူ (သာသနာ့နယ်မြေ) ဒေသသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း မြိုင်ကြီးငူ နယ်ခြားစောင့်တပ် တာဝန်ခံကလည်း ပြောသည်။

“သူတို့ကို နေရာဘယ်လို ချထားရမှန်း မသိသေးဘူး။ လောလောဆယ်တော့ မြိုင်ကြီးငူမှာ ရပ်ကွက် ၁၂ ခု ရှိတော့ အဲဒီအိမ်တွေမှာပဲ ခွဲပြီးနေနေကြတယ်။ ကရင်ပြည်နယ် အစိုးရကလည်း စာရင်းယူထားပြီး စားနပ်ရိက္ခာ တပတ်စာတော့ ပို့ထားတယ်”ဟုလည်း ၎င်း က ပြောပြသည်။

တိမ်းရှောင်နေသူများသည် ဖာပွန်ခရိုင် အတွင်းရှိ ဆတ်ကြီး၊ ကျောင်းရွာ၊ ရွှေဖလားကျန့်၊ မျဉ်းသပြေး၊ မဲ့သလေ၊ ပိုင်လာ၊ ဘူးဝါးကွီး(ခေါ်)ဘွီးနှဲ့ နှင့် စောခယ်ထ ကျေးရွာများရှိ အိမ်ခြေ ၃၀၈ လုံးမှ လူဦးရေ ၁၉၈၇ ဦးတို့ ဖြစ်ကြကြောင်း တိမ်းရှောင်နေရသော ဒေသ ခံ များက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ကရင်ပြည်နယ် အစိုးရ အဖွဲ့က ဖြေကြားပြောဆိုခြင်း မပြုပေ။

ထွက်ပြေးလာသူများ နေထိုင်ရာ ကျေးရွာများသည် ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ ၏ ထိန်းချုပ် နယ်မြေများဖြစ်ပြီး မြိုင်ကြီးငူနှင့် သံလွင်မြစ်သာ ခြားနေကြောင်း ဒေသခံများက ပြောသည်။

မြိုင်ကြီးငူ ဒေသသည် ယခင်က ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) ၏ ထိန်းချုပ် နယ်မြေများ ဖြစ်သော် လည်း ယခုနှစ် ဇူလိုင်လအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် အစိုးရ တပ်မတော်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) တို့ ထိန်းချုပ် ထားသည့် နေရာများဖြစ်ကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းငြိမ်းမောင်က “ကျနော်တို့ KNU မဟုတ်ဘူး၊ အဲဒီဘက်မှာ တပ်သား စုနေတာက ဖားပိဆိုတဲ့ အဖွဲ့တဖွဲ့ ရှိတယ်။ သူတို့ လုပ်နေတာပါ။ ကျနော်တို့ မဟုတ်ပါဘူး”ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် မြိုင်ကြီးငူ ဒေသ၌ ခိုလှုံနေသူများကို နေရပ်သို့ ပြန်နိုင်ရန် (သို့) နေရာထိုင်ခင်း ပြုလုပ်ပေးရေးအတွက် ကရင်ပြည်နယ် အစိုးရ အဖွဲ့က ဆောင်ရွက်ပေးနိုင်ရန် စာရင်းပြုစုနေသည်ဟု မြိုင်ကြီးငူ နယ်ခြားစောင့်တပ် (BGF) တာဝန်ခံက ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်းရှိ KNU အပါအဝင် ကရင်လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ DKBA တို့သည် လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် ပြုလုပ်မည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)ကို လက်မှတ်ရေး ထိုးရန် အစိုးရနှင့် သဘောတူညီထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။

NCA စာချုပ်တွင် လက်မှတ်ထိုးပြီးပါက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဘက်မှ တပ်သားသစ် စုဆောင်းခြင်း မပြုလုပ်ရ ဟု ပါရှိသည်။

No comments: