သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းကို ထောက်ခံကြိုဆိုကြောင်း သျှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးရှိ လေ့ကျင့်ရေး အားကစားရုံ ၌ ပြုလုပ်ခဲ့သည် ။
အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းက ပြုလုပ်ရာ ဒေသခံ ပြည်သူလူထု တထောင်ကျော် တက်ရောက်ကြောင်းသိရသည် ။
အခမ်းအနားတွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် တောင်ကြီးမြို့သျှမ်းစာပေယဉ်ကျေးမှုအသင်း ဥက္ကဌ စိုင်းအောင်ဆာ က - နိုင်ငံတော်အတွက် အင်မတန်အရေးကြီးတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ် အောင်မြင်စွာ လက်မှတ်ရေးထိုးခြင်း အပေါ် ထောက်ခံကြိုဆိုကြောင်း ပြောသည် ။
တာင်ကြီး သျှမ်းစာ / ယဉ် အတွင်းရေးမှူး စိုင်းနွတ်က “ NCA လက်မှတ်ရေးထိုးခြင်း နဲ့ ပတ်သက်ပြီး လာ ထောက်ခံကြိုဆိုရတာ ဝမ်းသာပီတိ ဖြစ်ပါတယ် ။ NCA လက်မှတ်ထိုးပြီးရင် တိုက်ပွဲတွေရပ်သွားမယ် လို့မျှော်လင့်ပါတယ် ။ ” ဟုပြောသည် ။
တက်ရောက်သူ စိုင်းခွန်အောင်ကမူ - ဆင့်ခေါ်မှုကြောင့်သာလာရတာ ဒီရောက်မှဘဲသိတယ် NCA ထောက်ခံ ပွဲမှန်း - ဟုပြောဆိုသည် ။
အခမ်းအနားတွင် သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်သည့် သျှမ်းတိုင်းရင်းသား ဦးအောင်ဆာက - “ အခု မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲကျတော့ နယ်မြေနဲ့ အခြေနေတွေကြောင့်ဖြစ်တယ်လို့ ကျနော်တို့ လေ့လာ မိပါတယ် ။ အဲ့ဒီအတွက် ထိခိုက်ခံစားနေရတဲ့ နှစ်ဘက်သော အဖွဲ့အစည်းများ ပြီးတော့မှ ကြားခံ မြေစာပင် ဖြစ်နေရတဲ့ ကျနော်တို့ ပြည်သူတွေကိုလည်း ကျနော်သနား ကိုယ်ချင်းစာမိပါတယ် ” ဟု ပြောသည် ။
တဖက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့မနက်ပိုင်းက တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းကို ထောက်ခံကြိုဆိုပွဲ မန်ဆူကျောင်းတွင်ကျင်းပရာ တက် ရောက်သူ ဦးရေ ၅၀၀ ခန့်ရှိကြောင်း လားရှိုး ရပ်ကွက် ၁၂ နေ စိုင်းဆိုင် ကပြောသည် ။
“ ဒီမှာတော့ ၀န်ထမ်းများတယ် ။ ဆင့်ခေါ်လို့ လာကြတယ် ပြောတယ် ။ ဒီမှာတော့ အဲဒီအတွက် ဘာမှခံစားချက် သိပ်မရှိဘူး ”- ဟုဆိုသည် ။
တာချီလိတ်မြို့တွင်လည်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းကို ထောက်ခံကြိုဆိုပွဲကို အော်ကတိုဘာ ၂၃ ရက်နေ့တွင်ပင် ပြုလုပ်ပါသည် ။
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ နှင့် သမ္မတဦးသိန်းစိန်နှင့် အစိုးရကိုယ်စားလှယ် ၉ ဦး အပါအဝင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည် ။
No comments:
Post a Comment