နန်းလွင်နှင်းပွင့်
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA)ကို တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က အောက်တိုဘာ ၁၅ ရက်တွင် နေပြည် တော်၌ အစိုးရနှင့် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
လတ်မှတ်ရေးထိုးမည့် အဖွဲ့ ၇ ဖွဲ့မှာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ဒီမို ကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)နှင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်သည်။
ထို ၇ ဖွဲ့က အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် NCA စာချုပ် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက မီဒီယာများသို့ ပြောကြားသည်။
NCA ချုပ်ဆိုမည့် ရက် သတ်မှတ်နိုင်ရေး အစည်းအဝေးကို အောက်တိုဘာလ ၄ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ MPC တွင် ပြုလုပ် ခဲ့ပြီး သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။
MPC မှ ဦးလှမောင်ရွှေက“အစိုးရဘက်က ၁၀ ဦးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ၁၀ ဦး ပါတဲ့ ကျင်းပရေး ကော်မတီ ကို ကျနော်တို့ ဖွဲ့လိုက်ပါတယ်။ အောက်တိုဘာလ ၁၅ ရက် မနက်ပိုင်းမှာ လက်မှတ်ရေးထိုးပွဲ ကျင်းပဖို့ နှစ်ဖက် ခေါင်းဆောင်တွေက သဘောတူထားပါပြီ”ဟု ပြောသည်။
NCA ချုပ်ဆိုပြီးနောက် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲများသို့ လက်မှတ် ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား အဖွဲ့များ အနေဖြင့် လေ့လာသူ အဖြစ်သာ တက်ရောက်ခွင့်ရရှိမည်ဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း ကလည်း မီဒီယာများသို့ ပြောသည်။
ပဒိုစောကွယ်ထူးဝင်းက“ဒီနိုင်ငံတော် အစိုးရရဲ့ နိုင်ငံတော်ပိုင်းဆိုင်ရာ မူဝါဒတွေကိုပြောင်းလဲဖို့ ကျနော်တို့ လိုအပ်လာပြီ။ လက်ရှိမှာ ဒီအနေအထား မရှိသေးတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းစီရဲ့ဆုံးဖြတ်ချက်နဲ့ NCA စာချုပ်ကို စပြီး အသက်ဝင် လာဖို့ ပြောင်းလဲမှုကို စတင်ဖို့ ကျနော်တို့ ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ပြောသည်။
NCA စာချုပ် ချုပ်ဆိုပြီးပါက ပါဝင် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက NCA တွင် ပါရှိသည့်အတိုင်း စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေး မူဘောင်ရေးဆွဲရန်နှင့် စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန်တို့ကို ဆက်တိုက် လုပ်ဆောင်သွားရမည်ဟု ဦးလှမောင်ရွှေက ပြောပြသည်။
ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းကမူ ၎င်းတို့အနေဖြင့် ၇ ဖွဲ့တည်းဖြင့် NCA ကို ချုပ်ဆိုပြီး နိုင်ငံရေး ဆွေးနွေးပွဲကို သီးသန့် သွားလိုသည့် ဆန္ဒ မရှိဟု ပြောဆိုသည်။
“တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်ရေးအတွက် အခုအစိုးရ သက်တမ်းမှာ မီသလောက် ကြိုးစားမယ်။ နောက်အစိုးရ သက်တမ်း ရောက်သွားလည်း ကျနော်တို့ ကြိုးစားမယ်။ ရည်မှန်းချက်ကတော့ ကျနော်တို့ရဲ့ အင်အားစုတွေ အားလုံး ပါဝင်ရေးပါ”ဟု ဦးမျိုးဝင်း က ဆိုသည်။
ယခု လက်မှတ်ရေးထိုးမည့် အဖွဲ့ ၇ ဖွဲ့က အစိုးရနှင့် NCA ချုပ်ဆိုမည့် ကိစ္စရပ်များ ပြောဆိုပြီးပါက လက်မှတ်မထိုးဘဲ ကျန်နေခဲ့ မည့် အဖွဲ့များနှင့် တိုင်းရင်းသား ထိပ်သီးညီလာခံတခု ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
အောက်တိုဘာ ၄ ရက် အစည်းအဝေးတွင် UPWC မှ အစိုးရက ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် ကမ်းလှမ်းထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့လုံးကို ဖိတ်ခေါ်ခဲ့သော်လည်း အစည်းအဝေးသို့ လက်မှတ်ထိုးမည့် တိုင်းရင်းသား ၇ ဖွဲ့ နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA )က ကိုယ်စားလှယ် ၃ ဦး တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။
RCSS/SSA က ကိုယ်စားလှယ် တက်ရောက်ခဲ့သော်လည်း NCA လက်မှတ်ထိုးမည် မထိုးမည်ကို အတိအလင်း ပြောဆိုခဲ့ခြင်း မရှိဘဲ အစိုးရက ဖိတ်ကြားသဖြင့် လာတက်ရောက်ခြင်း ဖြစ်သည်ဟု ဦးလှမောင်ရွှေက ပြောသည်။
လတ်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ Myanmar Convention Center -2 တွင် ကျင်းပသွားမည် ဖြစ်ပြီး အသိသက်သေများအဖြစ် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ် များကို နိုင်ငံတကာ အသိသက်သေအဖြစ် ဖိတ်ကြားသွားမည်ဟု ဆိုသည်။
ပြည်တွင်းမှ အသိသက်သေများအဖြစ် တိုင်းရင်းသားများ အဆိုပြုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦးတို့ကိုလည်း ပါဝင် လက်မှတ်ထိုးရန် ဖိတ်ကြားသွားမည့် အပြင် ပြည်တွင်းတွင် တရားဝင် မှတ်ပုံတင်ထားသည့် ပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်များကိုလည်း လတ်မှတ်ရေးထိုးပွဲသို့ တက် ရောက် ရန် ဖိတ်ကြားသွားမည်ဟု သိရသည်။
NCA စာချုပ်ကို လတ်မှတ်မထိုးဘဲ ကျန်နေမည့်အဖွဲ့များသည် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားတပ်ဖွဲ့(NDAA ) ၊ ကရင်နီ အမျိုးသား တိုးတတ်ရေးပါတီ(KNPP) ၊ လားဟူ ဒီမိုကရက်တစ် အစည်း အရုံး(LDU )၊ “၀” အမျိုးသား အဖွဲ့ချုပ်(WNO) ၊ ကူကီး အမျိုးသား အစည်းအရုံး(KNO-B )တို့ ဖြစ်သည်။
အဆိုပါ အဖွဲ့များ၏ မဟာမိတ်အဖွဲ့များဖြစ်သည့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ရက္ခိုင့် တပ်မတော်(AA)နှင့် ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကို NCA ထိုး ရန် အစိုးရက ဖိတ်ခေါ်ခြင်း မရှိသဖြင့် ကျန်နေခဲ့သည်။
နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ်ပလန် (NSCN-K) အဖွဲ့အား အစိုးရက ဖိတ်ခေါ်ထားသော်လည်း NCA ကို ၎င်းတို့အဖွဲ့တွင်း နိုင်ငံရေး လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိသဖြင့် လက်မှတ်မထိုးသေးဟု NSCN-K ဗဟိုကော်မတီက လတ်တလော ဆုံးဖြတ်ချက် ချထားကြောင်း သိရသည်။
NCA စာချုပ်ဆိုရာတွင် NSCN-K အဖွဲ့က ပါဝင်လက်မှတ်ထိုးခြင်း မပြုပါက မတရားအသင်း စာရင်းတွင် ပါဝင်သွားမည် ဖြစ်သည်ဟု အစိုးရဘက်က ပြောဆိုထားသည်။
လက်မှတ်မထိုးဘဲ ကျန်နေမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရး စာချုပ် ချုပ် ဆို ပြီးသား ဖြစ်သဖြင့် ထိုအချက်များဖြင့် စစ်ရေးကို ဆက်လက် ထိန်းချုပ်သွားပြီး NCA ကို ရေးထိုးနိုင်ရန် ထပ်မံညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဦးလှမောင်ရွှေက ပြောဆိုသည်။

No comments:
Post a Comment