ဟိန်းကိုစိုး
၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရပါက နိုင်ငံရေးဆွေးနွေးပွဲများကို အကောင်းဆုံး အဖြေရှာကာ ငြိမ်းချမ်းရေးအတွက် ဖြေရှင်းနိုင်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဒုဥက္ကဌ ဦးမျိုးဝင်းက အောက်တိုဘာ ၄ ရက်တွင် မဇ္ဈိမကိုပြောသည်။
အောက်တိုဘာ ၄ရက် မြန်မာငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနတွင် ပြုလုပ်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပွဲကျင်းပရေး အစည်းအဝေးအပြီး မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်းလည်းဖြစ်သည်။
" NLD အနိုင်ရရင်တော့ နိုင်ငံရေးအရ ဆွေးနွေးမှု အဖြေရှာမှု တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေဒီယို မိန့်ခွန်းက ပြောထားတဲ့အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲကို အကောင်အထည် ဖော်ခွင့်ရရင် တာဝန်ယူမယ်ဆိုတဲ့ အပေါ်မူတည်ပြီး မျှော်လင့်တာကတော့ အကောင်းဆုံး အဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။" ဟု ပြောသည်။
စစ်ပွဲများ ဆင်နွဲရသည်ထက် နိုင်ငံရေး တွေ့ဆုံဆွေးမှု အဖြေရှာမှုက ပိုမိုခက်ခဲမည်ဟု မိမိတို့အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက မျှော်လင့်ထားပြီး၊ ရည်မှန်းချက်ကို အရောက်အကောင် အထည်ဖော် ရန်လည်း ကြိုးပမ်းသွားမည်ဟု သူကပြောသည်။ "ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲမှာ ပေါ်ထွက်လာမယ့် အစိုးရပဲ တာဝန်ယူရမှာ ဖြစ်ပါတယ်။ ပြည်သူက လိုလား ထောက်ခံရင် ဒီတာဝန်ကို NLD ထမ်းဆောင်ဖို့ အသင့်ပါပဲ၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး ရည်ရွယ်ချက်က လွန်ခဲ့တဲ့ ၂၇ နှစ်အတွင်း အန္တာရယ် အခက်အခဲအမျိုးမျိုး ကြုံတွေ့ခဲ့ရ ပေမယ့် လုံးဝလက်မလွှတ်ခဲ့ပါဘူး။" ဟု NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာ ၂၁ရက်၊ ည ၇နာရီ နိုင်ငံပိုင် ရုပ်သံမှ ကတိပြုထားသည်။
ABSDF အပါအ၀င် လက်နက်ကိုင်တို့က နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမှ တစ်ဆင့် နိုင်ငံရေး ဂတိက၀တ်များကို ရယူရန် မျှော်မှန်းထားပြီး လွှတ်တော်တွင်းမှလည်း နိုင်ငံရေးကိုအဖြေရှာဖွေနိုင်မည်မဟုတ်ဟု ယုံကြည်ထား သည်ဟုလည်း ဦးမျိုးဝင်းကဆိုသည်။ "ဒေါ်အောင်ဆန်းစုကြည် တက်လို့ရှိရင်တော့ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့အတွက် သူဆွေးနွေးလိုရှိရင်တော့ လွယ်မှာပေါ့။ ပိုပြီးအဆင်ပြေ မလားဆိုတာတော့ သူနဲ့တစ်ခါမှ နိုင်ငံရေး ကိစ္စမဆွေးနွေးဘူးလို့ သေချာတော့ မသိဘူး။" ဟု ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းကပြောသည်။
ဦးသိန်းစိန်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ဖွဲ့တို့က အောက်တိုဘာ ၁၅ရက်တွင် နေပြည်တော်၌ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် သဘောတူထားပြီးဖြစ်သည်။ လက်မှတ်ရေးထိုးပြီးသည်နှင့် ၂လအတွင်း နိုင်ငံရေး မူဘောင်များကို ရေးဆွဲကာ ၃လအတွင်း နိုင်ငံရေး ဆွေးနွေးပွဲကို စတင်ရမည် ဖြစ်သည်။ အောက်တိုဘာ ၁၅ရက်တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ အပစ်ရပ် လက်မှတ်ထိုးပါက ဇန်န၀ါရီ ၁၅ရက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်ရမည်ဖြစ်သည်။
No comments:
Post a Comment