Tuesday, October 6, 2015

NLD အစိုးရ ဖွဲ့နိုင်ပါက မြစ်ဆုံကိစ္စ ချပြမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ထွန်းထွန်း


ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်ပါက မြစ်ဆုံရေကာတာ စီမံကိန်းကို ပြည်သူလူထုထံ ချပြမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ မဲဆွယ်စည်းရုံးရေး ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆို လိုက် ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က“မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့ အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့ ဘယ်လို သဘောတူညီချက်တွေ ရေး ထားလည်းဆိုတာ ပြည်သူကို ချပြဖို့ လုပ်မှာပါ။ သဘောတူညီချက်တွေမှာ ဘယ်လို အချက်တွေပါလည်းဆိုတာ လုံးဝ မသိပါဘူး။ ဘာ ပါလဲဆိုတာ မသိဘဲနဲ့ ဟိုဟာ လုပ်ပေးမယ် ဒီဟာ လုပ်ပေးမယ်လို့ ပြောရင် အင်မတန် တာဝန်မဲ့ရာ ရောက်ပါတယ်”ဟု ပြောဆိုသည်။

စစ်အစိုးရ လက်ထက်တွင် မြစ်ဆုံ စီမံကိန်းကို တရုတ် အစိုးရပိုင် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ(CPI)နှင့် ၂၀၀၆ ခုနှစ်မှ စတင်၍ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ပြည်သူလူထု၏ အပြင်း အထန် ဝေဖန်မှုကြောင့် ယင်းစီမံကိန်းကို ရပ်ဆိုင်းပေးခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဘက်စုံအားကစားကွင်း၌ ပြုလုပ်သည့် ဟောပြောပွဲတွင် တက်ရောက် လာသူ တဦးကလည်း ဘာသာရေးနှင့် ပတ်သက်ပြီး NLD ပါတီ ဝေဖန်ခံနေရသည့် အပေါ် မေးခွန်းထုတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က“ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရလည်း လူမျိုးရေး ကိစ္စ၊ ဘာသာရေး ကိစ္စတွေကို နိုင်ငံရေးနဲ့ ရောထွေးပြီး မပြောရဘူးလို့ ကန့်သတ်ထားတယ်။ အဲဒီလို ပြောဆို ၀ါဒဖြန့်နေတဲ့သူတွေကို အာဏာပိုင်တွေက ဘာလို့လွှတ်ထားတာလဲ ဆိုတာ က မေးခွန်း မေးစရာ ဖြစ်နေပါတယ်။ ဒီမိုကရေစီစနစ်မှာ ဘယ်အစိုးရမှ အများပြည်သူဆန္ဒနဲ့ မကိုက်ညီတဲ့ ကိစ္စတွေကို လုပ်လို့မရပါဘူး။ အခု ခေတ် အဆက်ဆက် အစိုးရက ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ လုပ်ချင်သလို လုပ်နေတာဟာ အာဏာရှင်စနစ်ပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲတွင် ပြည့်ပြည့်၀၀ မဲပေးခွင့် မရအောင် ခြိမ်းခြောက် လုပ်ဆောင်မှုများကို သတိထားကြရန်နှင့် မဲစာရင်းတွင် အမည် ပါဝင်ရေး၊ ရွေးကောက်ပွဲနေ့တွင်လည်း မဲသွားပေးနိုင်ရေးနှင့် လိမ်လည်လှည့်ဖြားမှုတွေကို သတိထားကြ ရန် ဒေါ်အောင်ဆန်းစုကြည်က သတိပေး တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က“ကျမတို့ ပြည်သူများဟာ ရွေးကောက်ပွဲမှာ သတ္တိရှိရှိနဲ့ ကျမတို့ NLD ကို ယုံကြည်မှုပေးပြီးတော့ မဲထည့်ကြ ပါလို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု ပြောဆိုသည်။

NLD ပါတီ မဲအပြတ်အသတ် အနိုင်ရလိုသည်မှာ ပြည်သူလူထုအတွက် လုပ်ချင်သည့်လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ချင် ၍ ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်ထောင်စု လွှတ်တော်သည် အရေးကြီးသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် များသည်လည်း အရေးကြီးကြောင်း၊ ပြည်ထောင်စု အစိုးရ၊ လွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရလွှတ်တော်များ ဟန် ချက်ညီညီ အလုပ်လုပ်နိုင်မှသာလျှင် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင် ဆန်း စုကြည်က ပြောသည်။

၂၀၀၁ ခုနှစ်က မြစ်ကြီးနားခရီးစဉ်၌ ခရီးစဉ်အပြန်တွင် အသက် အန္တရာယ်ဖြစ်နိုင်သော ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရမှုနှင့် ကြုံတွေ့ရပြီး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရခြင်းကို သိရှိကြမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်ကို အောက်တိုဘာ ၂ ရက်မှ စတင်ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ မိုးမောက် မြို့များသို့ အောက်တိုဘာ ၆ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

No comments: