ကျော်ဆုမွန်
ယမန်နှစ်မှစ၍ ATM စက်များတွင် ဘဏ်ကတ်အတုများနှင့် ငွေလိမ်ထုတ်နေခဲ့သော ဘူဂေးရီးယားနိုင်ငံသား တဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူနိုင်ခဲ့ပြီဟု သိရသည်။
အဆိုပါ ဘူဂေးရီးယားနိုင်ငံသားသည် ပြီးခဲ့သည့် လအတွင်းတွင် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ATM စက်များမှ ကျပ် ငွေ ၄၉၂ သိန်းလိမ်လည် ထုတ်ယူခဲ့ပြီး ၎င်းကို ရန်ကုန်မြို့ရှိ City Star ဟိုတယ်တွင် ခိုးရာပါငွေများနှင့် အတူ ဖမ်းမိခဲ့ခြင်းဖြစ် သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၀င်းဗိုလ်က ဧရာဝတီသို့ ဒီဇင်ဘာလ ၁၁ရက်နေ့တွင် ပြောကြားခဲ့သည်။
“ဘူဂေးရီးယားနိုင်ငံသားတဦးက Junction Square မှာရှိတဲ့ ATM စက်တွေမှာ ငွေထုတ်ဖို့ ကြိုစားခဲ့တယ်လို့ ပြီးခဲ့တဲ့လက ကျနော်တို့ သတင်းရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူလွတ်မြောက်သွားပေမယ့် CCTV က ပုံတွေ ကျနော်တို့ ရယူနိုင်ခဲ့ပါ တယ်။ အဲဒီအချိန်ကတည်းက သူ့ကိုဖမ်းဖို့ ကျနော်တို့ ကြိုးစားနေခဲ့ပြီး မနေ့ကတော့ သူက City Star မှာ တည်းခိုနေတယ် လို့ သတင်းရရှိခဲ့ပါတယ်။ အခု သူ့ကို ကမာရွတ် ရဲစခန်းမှာ အမှုဖွင့်ပြီး တရားစွဲထားပါတယ်” ဟု ရဲမှူးကြီး ၀င်းဗိုလ်ကပြော သည်။
“သူယူခဲ့တဲ့ ငွေ အများစုက ကမ္ဘောဇဘဏ် ATM စက်တွေက ဖြစ်ပါတယ်။ သူဘာတွေလုပ်ခဲ့တယ်ဆိုတာ ကျနော်တို့ စစ် ဆေးနေတုန်းပါပဲ” ဟု သူက ပြောသည်။
ယခုဖြစ်ရပ်သည် ရန်ကုန်မြို့ရှိ ATM စက်များမှ ငွေများကို မသမာနည်းဖြင့် ထုတ်ယူခြင်းများတွင် နောက်ဆုံး ပေါ်ပေါက် ခဲ့ သည့် ကိစ္စဖြစ်ပါသည်။ ယမန်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဗြိတိန်နိုင်ငံသား ၁ဦး နှင့် အိန္ဒိယ နိုင်ငံသား ၂ ဦးကို ATM ကတ်အတုများကို အသုံးပြုရန် ကြိုးပမ်းမှုဖြင့် အရေးယူခဲ့သည်။
ယမန်နှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ရန်ကုန်ရဲအဖွဲ့က ဘူဂေးရီးယား နိုင်ငံသား တဦးကို ဖမ်းဆီးခဲ့ ချိန်တွင် သူနှင့် ကြံရာ ပါတဦး မှာ လွတ်မြောက်သွားခဲ့သည်။ ယခု ဒီဇင်ဘာ ၁၀ရက်နေ့က City Star ဟိုတယ်တွင် ဖမ်းမိခဲ့သူမှာ ထိုအချိန်က လွတ်မြောက်သွားခဲ့သူ ဖြစ်ပြီး ၎င်းတို့ ၂ ဦးက Visa၊ Master နှင့် Maestro ကတ်အတုများကို သုံးစွဲ၍ ပြည်တွင်းဘဏ် ၆ ခုမှ ကျပ်ငွေ ၂၅.၂ သန်းကို ၅၈ကြိမ်ခွဲ၍ လိမ်လည် ထုတ်ယူခဲ့ကြသည်ဟု သိရသည်။
ထိုသို့ လိမ်လည်ထုတ်ယူမှုများကြောင့် လက်ရှိအချိန်တွင် နိုင်ငံတကာကတ်များကို လက်ခံအသုံးပြုခွင့်ပေးနေသော ပြည် တွင်း ပုဂ္ဂလိက ဘဏ် ၈ ခုအတွက် လုံခြုံရေးနှင့် ပတ်သက်၍ ကာကွယ်တားဆီးမှုများ ပြုလုပ်ခဲ့ကြသည်။
သမ၀ါယမဘဏ် မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က Visa နှင့် Master ကတ်များနှင့် ပတ်သက်၍ သတိပေးမှုများ ထွက် ပေါ်လာပြီးနောက် ၎င်းတို့၏ ဘဏ်တွင် မသမာမှုများကို စောင့်ကြည့်တားဆီးနိုင်ရန် အတွက် ATM စက်များ၏ လုံခြုံရေးကို မြှင့်တင်၍ နည်းပညာကောင်းမွန် တိုးတက်လာအောင် ဆောင်ရွက်နေသည်ဟု ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ စက်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်နိုင်ဖို့ ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါကြောင့် နောက်နှစ်မှာ ဒါမျိုးထပ်ပြီး ဖြစ်မှာမဟုတ်ဘူးလို့ ကျနော်ပြောနိုင်ပါတယ်” ဟု ဦးဖေမြင့်က ဆိုသည်။
မြန်မာပြည်တွင်းတွင် ကတ် အခြေပြု ငွေပေးချေသည့် စနစ်ကို ကြီးကြပ်ပေးနေသည့် Myanmar Payments Union(MPU) ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က တကမ္ဘာလုံးအတိုင်းအတာဖြင့် တိုးပွားလာသည့် ငွေကြေး လိမ်လည်ထုတ် ယူခြင်းများကို တားဆီးနိုင်ရန်အတွက် နိုင်ငံတကာ ဘဏ်ကြီးများကလည်း လုံခြုံရေးကို မြှင့်တင်ခြင်းများ ပြုလုပ်နေသည် ဟုပြောသည်။ နိုင်ငံတကာကတ်များကို လက်ခံပေးနေသည့် ဘဏ်များအနေဖြင့်လည်း အလားတူ ဆောင်ရွက်သင့်သည် ဟု သူက တိုက်တွန်းလိုက်သည်။
“ကမ္ဘာပေါ်မှာ ဒီလို မသမာမှုတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် Visa နဲ့ Master က လုံခြုံရေးပိုင်းကို ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လာကြတယ်။ ခုချိန်က ပြည်တွင်းဘဏ်တွေအတွက် အလားတူ လိုက်လုပ်ဖို့ အချိန်ကောင်းပါပဲ” ဟု ဦးဇော်လင်းထွဋ်က ပြောသည်။
လိမ်လည်ထုတ်ယူခြင်းခံရသော ငွေစာရင်းများ အားလုံးသည် တိုင်းပြည်ပြင်ပမှ ဖြစ်ကြသည် ဟု သူက ထပ်ပြောသည်။

No comments:
Post a Comment