Wednesday, December 16, 2015

နေအိမ်အကျယ်ချုပ်ကလွတ်ပြီးနောက် ပထမဆုံးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်ဝမ်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်

မဇ္ဈိမ

ထိုင်ဝမ်မှ National Chiao Tung University(NCTU) တက္ကသိုလ်က မြန်မာဒီမိုကရေစီဖော်ဆောင်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့သည်။

“ကမ္ဘာ့အကြီးကျယ်ဆုံး နိုင်ငံရေးသမားများမှာ တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ရတာ NCTU အတွက် ကြီးမြတ်တဲ့ ဂုဏ်ယူစရာပါ။”ဟု တက္ကသိုလ်က ထုတ်ပြန်ပြီး ယခုဆုသည် ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၁၀ ခုနှစ်က နေအိမ်အကျယ်ချုပ်လွတ်လာပြီးနောက် ပထမဆုံးချီးမြှင့်ခြင်းခံရသည့် ဂုဏ်ထူးဆောင်ဆုဖြစ်ကြောင်းလည်း ဖြည့်စွက်ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းရန် ရန်ကုန်သို့ လာရောက်ခဲ့သည့် NCTU ဥက္ကဌဟောင်း Wu Yan-hwa က လွတ်လပ်ခွင့်၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့အပေါ် ရပ်တည်မှုကြောင့် တက္ကသိုလ်၏ မဟာဌာနဆရာဆရာမများနှင့် ကျောင်းသားများအတွက် စံပြပုဂ္ဂိုလ်ပြုစရာ နိုင်ငံရေးသမားတစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွန်းကာ ပြောဆိုခဲ့သည်။

ယခုကဲ့သို့ တက္ကသိုလ်က လာရောက်၍ ဥပဒေဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခြင်းအတွက် ၀မ်းသာပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားသည်။ နိုင်ငံတွင် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်သည်မှာ တရားဥပဒေစိုးမိုးရေးပင်ဖြစ်၍ ယင်းနယ်ပယ်ကို အထူးအလေးထားပါကြောင်းလည်း ပြောခဲ့သည်။

NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင်လည်း တရားဥပဒေစိုးမိုးရေးကို ဦးစားပေးအဖြစ် ဖော်ပြထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်အား လွတ်လပ်ခွင့်နှင့် ဒီမိုကရေဖော်ဆောင်မှုနှင့်ပတ်သက်ပြီး အတွေ့အကြုံများ ဝေမျှပေးရန်အတွက် ထိုင်ဝမ်သို့ လာရောက်ရန်လည်း Wu Yan-hwa နှင့်အတူလိုက်ပါလာသည့် University System of Taiwan ၏ အဓိပတိဖြစ်သူ Ovid Tzeng က ဖိတ်ကြားခဲ့သည်။ University System of Tiawan သည် NCTU၊ National Tsing Hua University၊ National Central University နှင့် National Yang-ming University စသည့် တက္ကသိုလ်လေးခု ပေါင်းဖွဲ့ထားသည့် မိတ်ဖက်အသင်းအဖွဲ့ကြီးဖြစ်သည်။

No comments: