ဖနိဒါ
ထိုင်းနိုင်ငံ တာခ့်ခရိုင်၊ ထာ့ဆောင်ယန်မြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် ဇနီးမောင်နှံ အဆိပ်သောက် သေဆုံးမှု ဒီဇင်ဘာလ ၂ ရက်က ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မယ်လဒုက္ခသည်စခန်း၌ ဇုံဘီရပ်ကွက်တွင် နေထိုင်နေသော ဇနီးမောင်နှံသည် ပိုးသတ်ဆေးသောက်၍ သေကြောင်း ကြံစည်ခဲ့ကြသည်ဟုဆိုသည်။ “သူတို့နှစ်ယောက်ကတော့ ကြည့်ရတာတော့ သူ့အမျိုးသမီးဆုံးပြီးမှ သူ့ယောက်ျားဆုံးတာနဲ့တူတယ်။ ပထမ အမျိုးသမီးက အဆိပ်သောက်လိုက်တယ်။ ဘာအဆိပ်သောက်လဲတော့မသိဘူး။” ဟု မယ်လဒုက္ခသည်စခန်း၏ အတွင်းရေးမှူး ၂ နော်ဒေးဒေးက မဇ္စျိမကို ပြောသည်။
သေဆုံးသူများမှာ အသက် ၂၀ အရွယ် စောမောင်ညွန့်နှင့် အသက် ၁၈ နှစ် မအုန်းမြင့်တို့ဖြစ်ကြပြီး အမျိုးသမီးတွင် ကိုယ်ဝန် ရှိနေသည်ဟု သိရသည်။ “စခန်းမှာတော့ ဒီနှစ်ထဲမှာ အဲဒီလို ဖြစ်တာတော့ ရှိခဲ့ဖူးပါတယ်။ များသောအားဖြင့် မိသားစုပြဿနာတွေဘဲ များတယ်။ တချို့ကြတော့ သောက်တာစားတာတွေ သုံးစွဲတတ်တာတွေရှိတယ်။ ပုံမှန်မဖြစ် တဲ့ဟာတွေပေါ့။ အရက်သောက်တာ။ မူးယစ်ဆေးဝါးသုံးတာတို့ ဖြစ်တယ်။ ရပ်ကွက်မှူးတောင်အဲဒီလိုဘဲ ဆုံးသွားတယ်”ဟူ နော်ဒေးဒေးက ဆက်ပြောသည်။ မကြာသေးမီကလည်း မယ်လဒုက္ခသည်စခန်းမှ B4 A ရပ်ကွက်မှ ရပ်ကွက်မှူး တစ်ဦးလည်း အသောက်အစားကြောင့် မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးမှု ရှိခဲ့သည်ဟု သူက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူမျိုးအများစု နေထိုင်ရာ ဒုက္ခသည်စခန်း ၉ ခုတွင် မယ်လစခန်းသည် အကြီးဆုံးဖြစ်ပြီး လူဦးရေ ၄ သောင်းကျော် နေထိုင်သည်။ ၂၀၁၅ ခုနှစ်အတွင်း မယ်လဒုက္ခသည်စခန်းတွင် မိမိကိုယ်ကို သတ်သေမှု ၁၃ မှုထိ ဖြစ်ပွားခဲ့ပြီး သေကြောင်းကြံစည် သော်လည်း အသက်မသေဘဲ စခန်းတာဝန်ရှိသူများထံ အမှုမရောက်လာသူများလည်း ရှိသည်ဟု စခန်းတာဝန်ရှိသူ များထံမှ ကိုးကား၍ ကရင်သတင်းဌာန (KIC) တွင် ဖော်ပြထားသည်။
No comments:
Post a Comment