Thursday, December 17, 2015

ကျောက်ဖြူ အထူးစီပွားရေးဇုန် သတ်မှတ်ရေး သမ္မတမှ လွှတ်တော် ဥက္ကဋ္ဌထံ စာပို့ပြီးနောက် ၀န်ကြီးက လွှတ်တော်တွင် တင်ပြ

နိရဉ္စရာ


ကျောက်ဖြူ အထူး စီပွားရေး ဇုန် အဖြစ် သတ်မှတ်ပေးရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းထံသို့ ဒီဇင်ဘာလ ၃ ရက်နေ့က စာရေးသားပေးပို့ပြီးနောက် ၎င်းနေ့တွင်ပင် ပြည်ထောင်စု လွှတ်တော်တွင် ယင်းစီးပွားရေးဇုန်နှင့် ပတ်သက်ပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဒုဝန်ကြီး ဦးမြင့်သိန်းက တင်ပြခဲ့သည်ဟု သိရသည်။

ဦးမြင့်သိန်းက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှ ၂၄ ရက်နေ့ထိ တိုင်းတာ မှု အရ ကျောက်ဖြူ စီးပွားရေးဇုန် တည်ထောင်နိုင်ရေး အတွက် မြေဧရိယာ ဧက ၄၂၈၉ ဒသမ ၃၇ သတ်မှတ်ထားကြောင်း၊ ၎င်းစီမံကိန်းကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း တင်ပြခဲ့သည်။

အဆိုပါ စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း နှစ်ခု ပါဝင်မည် ဖြစ်ပြီး ရေနက် ဆိပ်ကမ်း အမှတ် (၁) နယ်နမိတ် အတွက် ၃၇၀ ဒသမ ၆၆ ဧက၊ ရေနက်ဆိပ်ကမ်း အမှတ် (၂) အတွက် နယ်နမိတ် ၂၃၇ ဒသမ ၂၂ ဧက၊ စက်မှုဇုန် စီမံကိန်း နယ်နမိတ် ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင့်မြင့်စီမံကိန်း နယ်နမိတ် ၁၂၃၅ ဒသမ ၃၇ တို့ ဖြစ်ကြသည်။

ကျောက်ဖြူ စီးပွားရေးဇုန် တည်ဆောက်မည့် နေရာ မှာ ကျောက်ဖြူမြို့တောင်ဘက် ၈ ကီလိုမီတာခွဲ အကွာအဝေးတွင် တည်ရှိပြီး ကန္ဒီး၊ သိုင်းချောင်း၊ ကြတ္တိန်၊ ကပ်သပြေနှင့် ချောင်းဝ စသည့် အုပ်စု (၅) ခု အတွင်း သတ်မှတ်ထားသည်ဟု ဒုဝန်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။

ရေနက်ဆိပ်ကမ်း အမှတ် (၁) ဧရိယာကို မဒဲကျွန်း၏ မြောက်ဘက်တွင် လည်းကောင်း၊ ရေနက်ဆိပ်ကမ်း အမှတ် (၂) ကို ရမ်းဗြဲကျွန်းမြောက်ဘက် သစ်ပုတ်တောင်ကျေးရွာ အနီးတွင်လည်းကောင်း၊ အဆင့်မြင့် အိမ်ယာ စီမံကိန်း တည်ဆောက် မည့် နေရာ ကို ကျောက်ဖြူမြို့မှ တောင်ဘက် ၁၂ ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိသော ချောင်းဝကျေးရွာ အုပ်စုနှင့် မင်းပြင် ကျေးရွာ အုပ်စုတို့တွင် သတ်မှတ်ထားသည်ဟု ဒုဝန်ကြီးက ပြောသည်။

အထူး စီးပွားရေးဇုန်၏ မြေနေရာ အကျယ်အဝန်းကို တိတိကျကျ သတ်မှတ် ရန် လွှတ်တော်တွင် တင်ပြရခြင်းမှာ သိမ်းထားသော မြေယာများ အတွက် လျော်ကြေး ပေးနိုင်ရန်နှင့် လိုအပ်သော ဘတ်ဂျက်ငွေ များကို တောင်းခံ နိုင်အောင် အစိုးရ ဘက်က လွှတ်တော်တွင် အတည်ပြုရန် တင်ပြရခြင်း ဖြစ်ကြောင်း အစိုးရတာ ၀န်ရှိသူ တစ်ဦးက ပြောသည်။

အထူး စီးပွားရေးဇုံ အကောင်အထည် ဖော်ရန် လုပ်ငန်း တင်ဒါများ ခေါ်ယူမှု မှာလည်း ပြီးစီး နေပြီ ဖြစ်ပြီ ဖြစ်ကြောင်း၊ အသေးစိတ် ညှိနှိုင်း ဆောင်ရွက်ရန် လိုတော့ကြောင်း ကျောက်ဖြူ အထူး စီးပွားရေးဇုံ ဥက္ကဌ ဦးမြင့်သိန်းက မီဒီယာများသို့ ပြောဆိုသည်။

လက်ရှိ ရခိုင်ကမ်းလွန်မှ ထွက်သော သဘာဝ ဓာတ်ငွေ့ကို ကျောက်ဖြူမှ တစ်ဆင့် တရုတ်ပြည်ထိ သဘာဝ ဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း တည်ဆောက်ကာ တင်ပို့နေသော်လည်း ဒေသအတွင်းတွင် ထူးထူးခြားခြား ပြောင်းလဲတိုးတက်မှုများ မရှိသေးကြောင်း ကျောက်ဖြူဒေသ ခံများ က ပြောဆိုသည်။

No comments: