မင်းမင်း
NCAစာချုပ် ချုပ်ဆိုပြီး ရက်ပေါင်း(၆၀)အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်မည့်လူဦးရေအချိုးအစားကို နေပြည်တော်တွင် နှစ်ရက်ကြာပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။
နေပြည်တော်ရှိ Horizon Lake View Hotelတွင် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်ထိ နှစ်ရက်ကြာကျင်းပသော UPDJC၏ သုံးကြိမ်မြောက်အစည်းအဝေးတွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။
နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်မည့် ကိုယ်စားလှယ်အချိုးအစားမှာ အစိုးရမှ ၇၅ဦး၊ လွှတ်တ်ာမှ ၇၅ဦး၊ အစိုးရတပ်မတော်မှ ၁၅၀ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ၁၅၀ဦး၊ နိုင်ငံရေးပါတီများမှ ၁၅၀ဦး၊ တိုင်းရင်းသားခေါင်းဆောင်ကိုယ်စားလှယ် ၅၀ဦးနှင့် အခြားဖိတ်ကြားသူ ၅၀ဦးအဖြစ် အတည်ပြုလိုက်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက UPDJCအစည်းအဝေးအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အစောပိုင်းမှာတုန်းကတော့ အရေအတွက်တွေက ပုံစံမျိုးစုံနဲ့အဆိုပြုပေမယ့် နောက်ဆုံးမှာတော့ အားလုံးက အတည်ပြုနိုင်တဲ့အတွက် ဒါကိုကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့တယ်” ဟု ဦးလှမောင်ရွှေက မီဒီယာများကို ပြောသည်။ သတင်းစာရှင်းလင်းပွဲတွင် ဦးလှမောင်ရွှေအပါအဝင် NLDပါတီမှ ဦးဥာဏ်ဝင်းနှင့် ချင်းအမျိုးသားတပ်ဦးမှ ဒေါက်တာဆလိုင်းလျန်မှုန်းတို့လည်း တက်ရောက်ကြသည်။
“တော်တော်လေး အခက်အခဲတွေနဲ့ကြုံရပါတယ်။ ဒါပေမယ့် အားလုံးက ဒီတိုင်းပြည်မှာ ငြိမ်းချမ်းရေး လိုလားတယ်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လိုလားတယ်။ ဒါတွေကို အပျက်မခံဘူးဆိုတဲ့ ခံယူချက်နဲ့ ပြီးစီးအောင် ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။
“ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် ကျွန်တော်တို့ပါတီက ဦးစားပေးမှာ၊ ဦးလှမောင်ရွှေတို့ပြောနေတဲ့ ငြိမ်းချမ်းရေးကို ကျွန်တော်တို့ လုံးဝ အပျက်အစီး၊ အထိအခိုက် မဖြစ်စေလိုဘူး” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။ NCAစာချုပ် ချုပ်ဆိုပြီးနောက် ရက်ပေါင်း ၉၀အတွင်းပြုလုပ်ရန်သတ်မှတ်ထားသည့်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲများကို ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းပြုလုပ်သွားမည်ဟုလည်း ဦးလှမောင်ရွှေက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
No comments:
Post a Comment