ယဉ်မွန်
မသန်သော်လည်း စွမ်းဆောင်နိုင်မှုရှိကြောင်း ပြသသည့်အနေဖြင့် ဧဒင်မသန်စွမ်းကလေးများ ပြုစုရာရိပ်မြုံနှင့် မြန်မာ့မသန်စွမ်းသူများ ကွန်ယက်တို့ ပူးပေါင်းပြီး မသန်စွမ်းအဖွဲ့များ ပူးပေါင်းပြီး မသန်သော်လည်း စွမ်းဆောင်နိုင်သော အရည်အချင်းများရှိကြောင်း ဒီဇင်ဘာလ ၃ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့၌ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ဒီနှစ်အတွက် မသန်စွမ်းသူများနေ့အထိမ်းအမှတ် ဆောင်ပုဒ်အား "လူတိုင်းအကျုံးဝင် ဖွံ့ဖြိုးဖို့ မသန်စွမ်းအားလုံး စွမ်းအားမြှင့်တင်စို့"ဟု ခေါင်းဆောင်ပေးထားပြီး မသန်စွမ်းသူများက အကများ၊ တေးသီချင်းများနှင့်ကပြ သီဆိုဖျော်ဖြေခဲ့ကြသည်။
“ကျွန်တော်တို့ မသန်စွမ်းသူတွေမှာ အရည်အချင်းတွေရှိတယ်။ ဒါကို အများပြည်သူတွေသိအောင် ထုတ်ဖော်ပြသချင်တယ်။ ကျွန်တော်တို့လည်း ဒီလိုတွေ လုပ်ဆောင်နိုင်တယ် ဆိုတာကို ပြည်သူတွေသိအောင် အခုလို လှုပ်ရှားမှုတွေ ပြုလုပ်ရတာပါ။ ပြည်သူတွေထဲမှာ မသန်စွမ်းတွေကို နေရာပေးလာစေဖို့ ကျွန်တော်တို့ မသန်စွမ်းတွေအနေနဲ့လည်း အများကြီး ကြိုးစားလုပ်ဆောင်နေပါပြီ” ဟု ဧဒင် မသန်စွမ်းကလေးများ ပြုစုရာရိပ်မြုံက တာဝန်ရှိသူ မသန်စွမ်း လူငယ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
ယခုအခါတွင် မသန်စွမ်းသူများအတွက် ဥပဒေရပ်များ ပေါ်ထွန်းလာသော်လည်း မသန်စွမ်းသူများအတွက် လမ်းပန်းဆက်သွယ်မှုနှင့် သွားလာမှုများအဆင်မပြေဖြစ်ခြင်း၊ အလုပ်အကိုင်၊ ပညာရေးနှင့် လူမှုနိုင်ငံရေး နယ်ပယ်များတွင်လည်း အများပြည်သူနည်းတူ သွားလာဆောင်ရွက်ခွင့်မရသေးသည့် အပေါ်တွင်လည်း ရရှိအောင်ကြိုးစားဆောင်ရွက်နေကြောင်း ခရစ်ယာန် မျက်မမြင်အသင်းက အထွေထွေအတွင်းရေးမှူး ဦးသိန်းလွင်က ပြောသည်။
“အခုကျွန်တော်တို့ မသန်စွမ်းတွေအတွက် ဥပဒေတွေပေါ်ပေါက်နေပေမယ့် မထိရောက်ဘူးဗျ။ အဲဒါကြောင့် ဇန်န၀ါရီလမှာ မသန်စွမ်းသူတွေ အားလုံးပါဝင်လာနိုင်တဲ့ Seminar တစ်ခုပြုလုပ်သွားမယ်။ အဲဒီ Seminar ကနေ လုပ်ငန်းတာဝန်တွေ ခွဲဝေပြီး မသန်စွမ်းသူတွေအတွက် တကယ်ထိရောက်မယ့် လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်”ဟု ပြောသည်။
အဆိုပါပွဲတွင် အနုပညာရှင်များက တေးသီချင်းများနှင့် ကူညီသီဆိုပေးခဲ့ကြပြီး၊ မျက်လှည့် ပညာရှင်များကလည်း မျက်လှည့်ပညာများနဲ့ တင်ဆက်ဖျော်ဖြေခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၂ ခုနှစ်က စတင်သတ်မှတ်ကျင်းပခဲ့ကြတာဖြစ်ပြီး၊မသန်စွမ်းမှု ဆိုင်ရာ အသိပညာများမြှင့်တင်ရန်၊ လူမှုအသိုင်းအဝိုင်းနှင့် ဖွံ့ဖြိုးရေးကဏ္ဍများတွင် မသန်စွမ်းသူများ အကျုံးဝင်လာစေရန် စသည့် အချက်များဖြင့် နှစ်စဉ်ကျင်းပခဲ့ကြခြင်း ဖြစ်သည်။
No comments:
Post a Comment