Friday, December 18, 2015

လေယာဉ်၊ ရဟတ်ယာဉ်များ ပဉ္စမအကြိမ် တပ်တော်ဝင်လွှဲပြောင်း

မဇ္ဈိမ

တပ်မတော် (လေ) သို့ လေယာဉ် ၃၇ စီး နှင့် ရဟတ်ယာဉ် ၉ စီးကို အောင်မြင်စွာ တပ်တော်ဝင် လွှဲပြောင်းပေးနိုင်ခဲ့ပြီဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပဉ္စမအကြိမ်မြောက် လွှဲပြောင်းပေးမှု အခမ်းအနားတွင် ပြောကြားလိုက်သည်။

မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်၌ ကျင်းပသည့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် (လေ) ၀တ်စုံအား ဂုဏ်ပြုဝတ်ဆင်၍ တက်ရောက်အမှာစကား ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီးက မှာကြားရာတွင် ခေတ်မီအင်အားတောင့်တင်းရန် ခေတ်မီစစ်လက်နက်ပစ္စည်းများ တပ်ဆင်ရမည်ဖြစ် သကဲ့သို့ ယင်းပစ္စည်းများကို ကိုင်တွယ်အသုံးပြုနိုင်မည့် "အရည်အချင်းရှိသော စစ်သည်တော်များ" မွေးထုတ်ပေးမှုလည်း အရေးသည်ဟုလည်း ပြောဆိုသွားသည်။ ထို့ပြင် ၀ယ်ယူဖြည့်တင်းပေးလိုက်သည့် လေယာဉ်၊ ရဟတ်ယာဉ်များကိုလည်း စစ်သည်တော်ကျင့်ဝတ်ပါ “မိမိလက်နက် ကို ခင်မင်မြတ်နိုးပါ” ဆိုသည့်အတိုင်း စည်းကမ်းစနစ်ဖြင့် ကိုင်တွယ်ပျံသန်းကြပြီး တပ်မတော်၏ဂုဏ်ကို မြှင့်တင်ကြရန် လိုအပ်သည်ဟုလည်း သတိပေးသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် (၆၈) နှစ်မြောက် တပ်မတော် (လေ) နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားကို ပူးတွဲကျင်းပခဲ့ခြင်းလည်းဖြစ် သည်။ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်၊ သယ်ယူပို့ဆောင်ရေးလေယာဉ်၊ အမောင်းသင်လေယာဉ်၊ အမောင်းသင် ဂျက်တိုက်လေယာဉ်တို့ ပါဝင်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား သရုပ်ပြခဲ့ကြသည်။

အုပ်ဖွဲ့ပျံသန်းခြင်းအမျိုးမျိုး၊ အပေါ်သို့ထောင်လျက်ကွေ့ခြင်း၊ နောက်ပြန်ကျွမ်းထိုး၊ ၀ိုင်းပတ်ကျွမ်းထိုးခြင်း နှင့် ဘေးလှိမ့် ကျွမ်းထိုး အပါအ၀င် ၂ စီးတွဲပျံသန်းခြင်း၊ လေယာဉ်အား တိမ်းစောင်းဒီဂရီ အများဆုံးဖြင့် ၂ စီးတွဲ ကွေ့ပြခြင်း၊ လေယာဉ် ၂ စီး ခွဲထွက်ပြီး လေယာဉ်ပြေးလမ်းပေါ်သို့ ပြန်လည်ဆင်းသက်ခြင်းတို့ကို ပျံသန်းကြသည်။ ထို့ပြင် တပ်မတော် (လေ) နှစ်ပတ်လည်နေ့နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ် အမှတ်တရ လက်ဆောင်များကိုလည်း ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ပူးတွဲတာဝန် ယူထားရသူ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်စန်း တို့အား ပေးအပ်ခဲ့သေးသည်။ အခမ်းအနား ညပိုင်းတွင် (၆၈)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် လေကြောင်း အတတ်သင်လေတပ်စခန်း၌ ပြုလုပ်သော ညစာစားပွဲနှင့် ပဒေသာကပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ဂုဏ်ပြုခဲ့သည်။

No comments: