နန်းဆိုင်နွမ်
ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အတွက် ရန်ကုန်မြို့ အထက်ကြည့်မြင်တိုင် မြို့နယ် ရှင်မိက္ခေလ ခရစ်ယာန် (Saint Michael Anglican Church) တွင် ကျင်းပရန် ခွင့်ပြုချက် မရကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ကို မြန်မာနိုင်ငံတဝှမ်း နေရာအနှံ့ ကျင်းပနေကြသော်လည်း ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားသည့် ခရစ်ယာန် ဘုရားကျောင်းဝင်တွင် ကျင်းပရန် တိုင်းဝန်ကြီးချုပ်က ခွင့်မပြုကြောင်း၊ မည်သည့် အခမ်းအနားကို ကျင်းပခွင့် ပိတ်ပင်သည်ကိုလည်း မပြောဆိုထားကြောင်း လူ့အခွင့်အရေး ပညာပေးသူများ ကွန်ရက် (HREN) နှင့် ညီမျှခြင်း မြန်မာအဖွဲ့၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။
“ကျနော်တို့ ဒီပွဲကို HREN က အဓိက လုပ်တာပါ။ ပွဲမိန့်ကို နိုဝင်ဘာ ၂၈ ရက်နေ့ ကတည်းက တင်တာပါ။ ရပ်ကွက်နဲ့ မြို့နယ် ကလည်း ဘာမှ ပြဿနာ မရှိဘူး။ ပြီးခဲ့တဲ့ ၈ ရက်နေ့ကမှ တိုင်းကနေ စာထွက်လာပါတယ်။ ဒီလုပ်ဆောင်တဲ့ အချက်ကို တိုင်းဝန်ကြီးချုပ်အနေနဲ့ လုပ်ဆောင်ခွင့်မပြုဘူးဆိုတာ စာထွက်လာပါတယ်။ ဘယ်အကြောင်းအရာကြောင့် လက်မခံဘူး ဆိုတာဖော်ပြထားခြင်း မရှိဘူး” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ကို အထက်ကြည့်မြင်တိုင်း ရှင်မိက္ခေလ ခရစ်ယာန်ဝင်းအတွင်း ကျင်းပခွင့်မပြုသည့်အတွက် HREN ၏ ရုံးခန်းဖြစ်သည့် ကြည့်မြင်တိုင် နတ်စင်လမ်းတွင် ပြန်လည် ကျင်းပ သွားမည် ဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး ဦးအောင်မျိုးမင်းက “ဝန်ကြီးချုပ်ကိုယ်တိုင်က မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် Panda ဟိုတယ်မှာ လာပြီး မိန့်ခွန်းပြောတယ်။ လူ့အခွင့်အရေး ဘယ်လောက် အရေးကြီးတဲ့အကြောင်း၊ လူ့အခွင့်အရေးနေ့ ကျင်းပသင့်တဲ့အကြောင်း ပြောသွားပြီး သူ့လုပ်ပိုင်ခွင့် ရန်ကုန်မြို့အတွင်းမှာ လူ့အခွင့်အရေးနေ့ ကျင်းပခွင့်မရဘူးဆိုတော့ ကျနော်တို့ တိုင်းပြည်အခြေအနေက ဟိုတယ်မှာ လုပ်လို့ရတယ်။ ရပ်ရွာတွေမှာ လုပ်လို့မရဘူး ဆိုတာမျိုးဖြစ်နေတယ်” ဟု ဆိုသည်။
ငြိမ်းချမ်းစွာဖြင့် လူ့အခွင့်အရေး အခမ်းအနား ကျင်းပခြင်းကို ခွင့်ပြုပြီး အစိုးရအနေဖြင့် ပူးပေါင်းမှု လိုအပ်ကြောင်း၊ အစိုးရ ဦးဆောင်မပြုလုပ်သည့် အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ လုပ်ဆောင်နေရကြောင်း၊ ထိုကဲ့သို့ ပိတ်ပင်မှုများ ပြုလုပ်ခြင်း မဖြစ်သင့်ကြောင်းကိုလည်း ဦးအောင်မျိုးမင်းက ဆိုသည်။
၂၀၁၅ ခုနစ် လူ့အခွင့်အရေးနေ့ ဆောင်ပုဒ်သည် “Our Rights, Our Freedoms, Always!” “ အခွင့်အရေးနဲ့ လွယ်လပ်မှုဟာ ထာဝရ အတွက်ပါ” ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မည်သည့်နေရာတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဖြစ်နေသည်ကို ပြောရခက်နေကြာင်း၊ နေရာဒေသ အရ ချိုးဖောက်မှု မတူညီကြောင်း၊ အများဆုံး တိုင်းရင်းသား များနေထိုင်သည့် ဒေသတွင် ပြည်တွင်း စစ်ဒဏ်ခံစားနေရပြီး မတည်ငြိမ် မလုံခြုံမှု၊ အကြမ်းဖက်ခံရမှုများ ဖြစ်နေသည်ကို တွေ့ရကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။
ရန်ကုန်မြို့ တက်ကြွ လှုပ်ရှားသူများအကြားတွင် မတရားဥပဒေဖြင့် ဖမ်းဆီးခံနေရသည့် ကျောင်းသားများ၊ အလုပ်သမားများ၊ လယ်သမားများ၏ ဘဝသည်လည်း ယနေ့ချိန်အထိ မတရားမှု ဥပဒေ ရှိနေသေးကြောင်း၊ အမျိုသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်မှုများ တိုးလာကြောင်းကိုလည်း ဦးအောင်မျိုးမင်းက ထပ်မံပြောသည်။
ယခုနှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ကို ပြည်သူများလူ့အခွင့်အရေး ပိုမိုသိလာစေရန် မြန်မာနိုင်ငံ အနှံ့တွင် ကျင်းပ ပြုလုပ် လာကြသည်ကို တွေ့ရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နေ့ကို ဦးဆောင် ကျင်းပသည့် ကိုမုန်းဒင်က “ကျနော်တို့ အရင်နှစ်တွေ ဟောပြောပွဲ၊ ပျော်ပွဲရွှင်ပွဲလို မဟုတ်တော့ဘဲ၊ ဒီနှစ်တော့ သဘာဝ ပတ်ဝန်းကျင်အတွက်ပါ ထည့်တွက်ပြီး စက်ဘီးစီးပြီး လူ့အခွင့်အရေး နဲ့ ပတ်သက်တာကို လှုံ့ဆော်မှုတွေ လုပ်ပါတယ်။ စက်ဘီး အစီး ၅၀ ကျော်ပါတယ်။ မိုင် ၂၀ ကျော်လောက် နင်းရတယ်။ လူဦးရေကတော့ ၁၀၀ ကျော် ပါဝင်ပါတယ်” ဟု ဧရာဝတီ သို့ပြောသည်။
မြစ်ကြီးနားမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး နှင့် ပတ်သက်ပြီး ပြည်သူများ ပိုစိတ်ဝင်စားမှုများလာ သကဲ့သို့ အစိုးရဝန်ထမ်းများပါ စိတ်ဝင်စားမှုရှိလာကြောင်း၊ လူ့အခွင့်အရေး ကိစ္စကို ပြည်သူများ ပိုသိလာအောင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကိုမုန်းဒင်က ဆိုသည်။
ယမန်နှစ် ၆၆ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ပြည်သူအများ တက်ရောက်နိုင်ရန် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စမ်းချောင်းသာ ကွင်းတွင် ပထမဆုံးအကြိမ် ပြလုပ်ခွင့်ရခဲ့သည်။
ကမ္ဘာ့ ကုလသမဂ္ဂက ပြဌာန်းလိုက်သည့် အဓိက လူ့အခွင့်အရေး စာချုပ်စာတမ်း ၉ ခုအနက် မြန်မာနိုင်ငံသည် စာချုပ် ၃ ခုကို လက်မှတ် ရေးထိုးခဲ့သည်။ ထိုစာချုပ် များမှာ ကလေးများအခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး၊ အမျိုးသမီးများ အခွင့်အရေးတို့ ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment