Tuesday, December 22, 2015

လိပ်ကျွန်းလူသတ်မှု ဒီဇင်ဘာ ၂၄တွင် အမိန့်ချမည်

ကောင်းကင်ကို

ဒီဇင်ဘာလထဲသို့ ရောက်ရှိလာပြီဖြစ်၍ လူပေါင်းများစွာက ခရစ္စမတ် အားလပ်ရက်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြစဉ်တွင် မြန်မာနိုင်ငံသားများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများ နှင့် မီဒီယာများမှာ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သတ်၍ ကော့စမွေတရားရုံးက ဆုံးဖြတ် အမိန့်ချမည့် ဒီဇင်ဘာ ၂၄ ရက်နေ့ကို စောင့်ဆိုင်းလျက် ရှိကြသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ယူကေ နိုင်ငံသူနိုင်ငံသားများ ဖြစ်ကြသည့် Hannah Witheridge နှင့်David Miller တို့ စုံတွဲနှစ်ဦး အသတ်ခံခဲ့ရခြင်းနှင့် ပတ်သတ်၍ ရွှေ့ပြောင်းမြန်မာအလုပ်သမား နှစ်ဦး ဖြစ်ကြသည့် ကိုဇော်လင်း နှင့် ကိုဝင်းဇော်ထွန်း (ကိုဝေဖြိုး) တို့ အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

လိပ်ကျွန်းအမှု အထူးစုံစမ်းစစ်ဆေးရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)တည်ထောင်သူလည်း ဖြစ်သည့် ဦးထူးချစ်က နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ (သောကြာနေ့) တွင် ရန်ကုန်မြို့ရှိ Orchid ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်မည် ဖြစ်ပြီး ထိုသတင်းစာရှင်းလင်းပွဲတွင် လိပ်ကျွန်းလူသတ်မှု၊ ရနောင်းလူသတ်မှု နောက်ဆုံးအခြေအနေ နှင့် ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားများ အထွေထွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ စသည်တို့နှင့် ပတ်သတ်၍ ဦးထူးချစ်က ရှင်းလင်းပြောကြားမည်ဖြစ်သည်။

လိပ်ကျွန်းလူသတ်မှု အစွပ်စွဲခံ မြန်မာအလုပ်သမားနှစ်ဦး၏ မိသားစုဝင်များလည်း ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထိုင်းနိုင်ငံရှိ တရားရုံးသို့ လာရောက်ကြမည် ဖြစ်ကြောင်း FED ဒါရိုက်တာ ဦးထူးချစ် နှင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ယက် (MWRN) ဥက္ကဌ ဦးစိန်ဌေးစန်း တို့က အတည်ပြု ပြောကြားခဲ့သည်။ ထိုနေ့တွင် လိပ်ကျွန်းအမှု အထူးစုံစမ်းစစ်ဆေးရေးကော်မတီမှ အဖွဲ့ဝင်များ၊ အန်ဂျီအိုများ နှင့် မီဒီယာများလည်း တရားခွင်သို့ သွားရောက်ကြလိမ့်မည်ဟု ဦးထူးချစ်က ဆိုသည်။

တရားရုံး ဆုံးဖြတ်ချက် ဖြစ်နိုင်ခြေနှင့် ပတ်သတ်၍ ဦးထူးချစ်က “ကျွန်တော်တို့ ထင်ထားတာကတော့ ကလေးတွေ အခြေအနေကောင်းမှာပါ။ သူတို့ အမှန်တကယ်လဲ အပြစ်ကို မကျူးလွန်ခဲ့ကြသလို၊ ထိုင်းအစိုးရဘက်မှာလဲ အပြစ်ပေးနိုင်လောက်တဲ့ သက်သေ ခိုင်ခိုင်မာမာမရှိတာကို တွေ့ ရပါတယ်” ဟု ဆိုခဲ့သည်။

ဦစိန်ဌေးစန်းကလည်း “တရားရုံးရဲ့ စီရင်ချက်က ဘယ်လိုကျလာမလဲတော့ ပြောလို့ မရဘူးပေါ့နော်။ ဒါပေမဲ့ အစွပ်စွဲခံဘက်က နေပြီးတော့ ခုခံချေပမှုတွေ အကောင်းဆုံး လုပ်ထားခဲ့ကြပါတယ်” ဟု ဆိုခဲ့သည်။

စီရင်ချက်တွင် ရှုံးနိမ့်သွားခဲ့ပါက အယူခံ ဝင်နိုင်ကြောင်းလည်း ဦးစိန်ဌေးစန်းက ဆိုခဲ့သည်။ “ရှုံးတဲ့ဘက်ကတော့ အယူခံတွေ တက်ဦးမှာပဲ။ နောက်ဆုံးအဆင့်ထိ အယူခံတွေ တက်ဦးမှာဆိုတဲ့အတွက် နှစ်နဲ့ချီပြီး ကြာဦးမှာ” ဟု သူက ပြောခဲ့သည်။

လိပ်ကျွန်းအမှု အရေးကြီးလှကြောင်းနှင့် ပတ်သတ်၍ ဦးထူးချစ်က ထိုအမှုမှာ အစွပ်စွဲခံ မြန်မာ အလုပ်သမား နှစ်ဦး၏ ကိစ္စသာ မဟုတ်ဘဲ ထိုင်းနိုင်ငံအတွင်းမှ သန်းပေါင်းများစွာသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အရေးကိစ္စဖြစ်ကြောင်း ဆိုခဲ့သည်။

“နည်းလမ်းပေါင်းစုံသုံးပြီး ကလေးတွေရဲ့ လွတ်မြောက်မှုအတွက် လုပ်ပေးသွားမှာပါ။ အဓိက ကတော့ မြန်မာအစိုးရ အနေနဲ့ သံတမန်နည်းလမ်း အပါအဝင် နည်းလမ်းပေါင်းစုံသုံးပြီး ကလေးနှစ်ယောက် လွတ်မြောက်ဖို့ကို လုပ်ပေးသင့်ပါတယ်” ဟုလည်း ဦးထူးချစ်က ပြောခဲ့သည်။

အစွပ်စွဲခံ မြန်မာအလုပ်သမား နှစ်ဦးမှာ အမှုစစ်ဆေးစဉ်တွင် အနှိပ်စက်ခံခဲ့ရကြောင်း သတင်းများက ဆိုခဲ့ကြသော်လည်း ထိုစွပ်စွဲချက်များကို ထိုင်းအာဏာပိုင်များက ငြင်းဆန်ခဲ့ကြသည်။ မြန်မာအလုပ်သမား နှစ်ဦး အနှိပ်စက်ခံခဲ့ရသော ကိစ္စနှင့် ပတ်သတ်၍ ဦးထူးချစ်က “အခုအချိန်အထိတော့ ထိုင်းဘက်က ဘာမှ မျှမျှတတဖြစ်အောင် လုပ်ပေးခဲ့တာ မတွေ့ရသေးပါဘူး” ဟု ဆိုခဲ့သည်။

လိပ်ကျွန်းအမှုအတွက် ဒီအန်အေ စစ်ဆေးပုံ စနစ်မကျခြင်းနှင့် ပတ်သတ်၍လည်း ဦးထူးချစ်က “အဆိုးဆုံးကတော့ ဒီအန်အေ နဲ့ အဓိက စွပ်စွဲခဲ့တဲ့ အမှုမှာ ဒီအန်အေ ကောက်ယူတဲ့ အခါမှာ စနစ်တကျ နည်းမှန်လမ်းမှန် မကောက်ယူခဲ့တာက ထိုင်းအစိုးရရဲ့ မတရားလုပ်ရပ်ကို ပေါ်လွင်စေပါတယ်” ဟု ပြောခဲ့သည်။

လိပ်ကျွန်းအမှုတွင် လက်ရှိ မြန်မာအစိုးရ၏ ပါဝင်ကူညီမှု နှင့် ပတ်သတ်၍ ဦးစိန်ဌေးစန်း က "ဒီအမှုကတော့ (အစိုးရက) ပထမဦးဆုံး ပါဝင်ပြီးတော့ ကူညီတဲ့ သဘောလို့ ပြောလို့ရတာပေါ့နော်။ သူတို့ဘက်က အတိုင်းအတာ တစ်ခုအထိတော့ ကူညီပါတယ်။ ဥပမာ တချို့ လိုအပ်တဲ့ သက်သေရှာပေးတာတို့၊ သံရုံး ဒုတိယအတွင်းဝန်က သက်သေအဖြစ် လာထွက်ပေးတာတို့ ၊ အဲဒါမျိုးကိုတော့ လုပ်ပေးပါတယ်။ ထိုင်းအစိုးရနဲ့ ဆက်သွယ်တာတို့ ဘာတို့ပေါ့နော်။ အဲဒါတွေလည်း သူတို့ လုပ်ပေးပါတယ်" ဟု ဆိုသည်။

မြန်မာအစိုးရ၏ ပါဝင်ကူညီမှုနှင့် ပတ်သတ်၍ ဦးထူးချစ်က "ရှင်းရှင်းပြောရမယ်ဆိုရင်တော့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ထောက်ပံ့ ကူညီမှုတွေကတော့ အားရစရာ မကောင်းပါဘူး။ အင်မတန် အားနည်းပါတယ်။အကြမ်းအားဖြင့် ပြောရမယ်ဆိုရင်တော့ တစုံတရာ တိုးတက်မှု ရှိလာတယ်လို့တော့ ပြောလို့ရပါတယ်။ အရင် အစိုးရအဆက်ဆက်နဲ့ နှိုင်းယှဉ်ရင်ပေါ့" ဟု ပြောခဲ့သည်။

“တစ်ခုပြောလို့ ရတာက မြန်မာအစိုးရအဆက်ဆက် သမိုင်းမှာ အခုအမှု တစ်ခုပဲ ရှိသေးတယ်။ ထိုင်းရှေ့နေများကောင်စီ ကို တရားဝင် အကူအညီတောင်းပြီး ကိုယ့်လူမျိုးတွေဘက်က အကာအကွယ်ပေးခဲ့တာ" ဟု ဦးထူးချစ်က ဆိုသည်။

မည်သည့်အစိုးရပင် တက်သည်ဖြစ်စေ နိုင်ငံခြားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ပညာရေး နှင့် ကျန်းမာရေးတွင် အသုံးပြုနိုင်ရန် နှင့် ၄င်းတို့၏ အမှုအခင်းကိစ္စရပ်များတွင် အကူအညီပေးနိုင်ရန် အစိုးရဘတ်ဂျတ် လုံလုံလောက်လောက် ခွဲဝေသတ်မှတ်ထားသင့်ကြောင်းလည်း ဦးထူးချစ်က ထောက်ပြခဲ့သည်။ ထို့ပြင် ရွှေ့ပြောင်းအလုပ်သမား အရေးကိစ္စများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းကျွမ်းကျင်ကာ မျိုးချစ်စိတ်ရှိသည့် ဝန်ထမ်းများ လုံလုံလောက်လောက် ခန့်အပ်ပေးရန် လိုအပ်ကြောင်းလည်း ဦးထူးချစ်က ပြောသည်။

အစွပ်စွဲခံ မြန်မာအလုပ်သမား နှစ်ဦးမှာ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများ ကောင်းမွန်လျက်ရှိကြောင်းလည်း ဦးထူးချစ် နှင့် ဦးစိန်ဌေးစန်း တို့က အတည်ပြု ပြောကြားသည်။

No comments: