Tuesday, December 15, 2015

KIA နှင့် RCSS/SSA စစ်ရေး တင်းမာမှု ဖြစ်ပွားနေ

နန်းလွင်နှင်းပွင်


ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းဒေသ ဝန်းကျင်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ (RCSS/SSA) တို့ ယခုရက်ပိုင်း အတွင်း စစ်ရေး တင်းမာမှု ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။

ရှမ်းပြည်နယ်အတွင်းရှိ KIA တပ်မဟာ (၄) ၏ တပ်စခန်းများအနီးသို့ RCSS/SSA ၏ တပ်ဖွဲ့ဝင်များ သွားလာမှု နီးကပ်လာသဖြင့် စစ်ရေးတင်းမာသည့် အနေအထားဟု သတ်မှတ်ထားပြီး စောင့်ကြည့်နေကြောင်း KIA က ပြောသည်။

KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နော်ဘူ က “RCSS က ကျနော်တို့ တပ်တွေနား ကပ်လာတယ်။ သူတို့နဲ့ စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ ပြောလို့ရပါတယ်။ ပစ်တာတော့ မရှိသေးပါဘူး။ စောင့်ကြည့်နေတာပဲ ရှိပါသေးတယ်”ဟု ဧရာဝတီကို ပြောပြ သည်။

ယမန်နေ့ညကလည်း KIA တပ်မဟာ (၄) ဘက်တွင် ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားကြောင်း၊ သို့သော် RCSS နှင့် မဟုတ်ဘဲ အစိုးရ တပ်မတော်နှင့် ဖြစ်ကြောင်း၊ ယင်းပစ်ခတ်မှုမျိုး ရှေ့တန်း စစ်မျက်နှာများတွင် မကြာခဏ ဖြစ်တတ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ရေးအခြေအနေ တင်းမာနေသည့် နေရာများသည် ရှမ်းပြည်နယ်အတွင်းရှိ KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၆) နှင့် တပ်ရင်း (၈) တို့တွင် ဖြစ်သည်ဟုလည်း ဗိုလ်မှူး နော်ဘူက ပြောသည်။

RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ ကမူ“နမ့်ခမ်းနယ်ထဲ ကျနော်တို့ တပ်တွေ လှုပ်ရှားနေတာ ပုံမှန်ပါပဲ၊ တခြားအဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တွေ မူဝါဒတွေ မရှိဘူး။ မိမိကိုယ်ကို ကာကွယ်ဖို့တော့ စစ်ရေးအရ ရှိပါတယ်။ သူတို့ မတိုက်ဘူးဆို ကျနော်တို့လည်း မတိုက်ပါဘူး”ဟု ပြောသည်။

RCSS နှင့် KIA သည် ယခင်က အပြန်အလှန် ကူညီမှုများရှိခဲ့ပြီး နှစ်ဖက် တပ်ဖွဲ့ဝင်များ အတူတူ နေထိုင်ဖူးကြောင်း၊ ၎င်းတို့အဖွဲ့ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ချုပ်ဆိုပြီးမှ ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းလှက ပြောဆိုသည်။

လက်ရှိတွင် စစ်ရေးတင်းမာနေသည်ဟူသော နေရာ၌ ယခင်က တပ်စခန်းများ ချထားရန် RCSS က လုပ်ဆောင်ခဲ့သော်လည်း အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် တပ်စခန်းများ ဆောက်၍မရဘဲ တပ်ဖွဲ့ဝင်များသာ ယနေ့အထိ ကင်းလှည့်ခြင်း၊ ပြောက်ကျားစနစ် နေထိုင်ခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။

RCSS သည် KIA တပ်မဟာ (၄) နှင့် မဟာမိတ်ဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ တပ်ဖွဲ့များနှင့်လည်း နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၉ ရက် အထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

TNLA နှင့် ဖြစ်ပွားသည့် တိုက်ပွဲများတွင် RCSS က အစိုးရ တပ်မတော်နှင့် ပူးပေါင်းပြီး တိုက်ခိုက်သည်ဟု TNLA က စွဲချက်ပြုထား သည်။ RCSS ကမူ ထိုစွဲချက်ကို ငြင်းဆိုထားသည်။

NCA လက်မှတ်ထိုးလိုက်ပြီးသည့်နောက်မှ လက်မှတ် မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ TNLA နှင့် တိုက်ပွဲ ဖြစ် ပွားခြင်း၊ KIA နှင့် စစ်ရေး တင်းမာခြင်းတို့နှင့်ပတ်သက်ပြီး ဗဟိုကော်မတီ အစည်းအဝေး ထိုင်၍ ဆွေးနွေးသွားမည်ဟုလည်း ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။

“ဒီကိစ္စက ကြီးကျယ်တဲ့ ကိစ္စဖြစ်တယ်၊ ကျနော်တို့ ဗဟိုကော်မတီဝင်တွေနဲ့ လာမယ့် နှစ်ပတ်လောက်မှာ ဆွေးနွေးသွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

RCSS သည် အောက်တိုဘာလ ၁၅ ရက်က အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ကို သဘောတူ လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်ပြီး KIA သည် အစိုးရနှင့် NCA စာချုပ် ချုပ်ဆိုထားခြင်း မရှိသည့်အပြင် တပ်မတော်နှင့်လည်း မကြာခဏ တိုက်ပွဲဖြစ်ပွားလျက် ရှိသည်။

No comments: