Wednesday, December 16, 2015

ဖားအံတွင် NLD ပါတီဝင်များ နှစ်ရက်တာ စုပေါင်း အမှိုက်ကောက်

နန်းဝေဖြိုးဇာ


ကရင်ပြည်နယ်၊ ဖားအံမြို့ သန့် ရှင်းရေးအတွက် ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်ကာ ရွေး ကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူအချို့ပါဝင်သည့် အမှိုက်ကောက်လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၂ရက်မှ ၁၃ရက်နေ့အထိ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အမှိုက်ကောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် NLD ပါတီမှ ဖားအံမဲဆန္ဒနယ်အမှတ် ၁၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် စောမိုးမြင့်က “အမှိုက်ကောက်တဲ့ အလုပ်က ပြည်သူလူထု ပါဝင်လာဖို့ နည်းနည်း အချိန်ပေးရလိမ့်မယ်။ တစ်ပတ်တခါ ဖြစ်ဖို့ တော်တော်လေး ကြိုးစားရမယ်။ လူတိုင်း မအားတဲ့ကြားက တစ်ချို့ လာလုပ်တယ်။ ဒါပေမယ့် လူတွေက လောကနီတိ၊ ပြည်သူ့နီတိ တာဝန်သိလာတဲ့အချိန်ကျရင် ပူးပေါင်းပါဝင်မှု များလာမယ်လို့ထင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ နှစ်ရက်တာ အမှိုက်ကောက်မှုကို ဖားအံမြို့ပေါ်ရှိ ဈေး၊ ဆေးရုံ ၊ ကမ်းနား စသည့်နေရာအနီးတဝိုက်ရှိ အမှိုက်များ၊ မြို့ တွင်းလမ်းကြားများနှင့် မြောင်းများ စသည့်နေရာများ၌ NLD လွှတ်တော်ကိုယ်စားလှယ်များ၊ ဖားအံမြို့အနီးတဝိုက်ရှိ ကျေးရွာ များမှ ပါတီဝင်များနှင့် ပါတီဝင်မဟုတ်သူ ပြည်သူအချို့အပါအဝင် စုစုပေါင်း ၁၅၀ဦးခန့် စုပေါင်း အမှိုက်ကောက်ခဲ့ခြင်း ဖြစ်သည်။

အမှိုက်ကောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ အုန်းတပင်ကျေးရွာအုပ်စုမှ စောမောင်ကျော်က “ကျနော်တို့ စေတနာနဲ့လာကောက် တယ်။ တခြားရွာတော်တော်များများ လာတာတွေ့တယ်။ မြို့က လူတွေလာတာ နည်းတာ တွေ့ရတယ်။ မြို့ကလူတွေကောက် ပေါ့။ အဲလိုပြောပြီး ရွာကနေ မလာကောက်တဲ့သူတွေလည်း ရှိတယ်။ ကျနော်တို့နဲ့ မဆိုင်ပေမယ့်လည်း ဖားအံမြို့က တို့ကရင် ပြည်နယ်မြို့ပဲလေ။ လုပ်ရမှာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ အမှိုက်ကောက်ရာတွင် ဖားအံမြို့တော် စည်ပင်သာယာရေးအဖွဲမှ အမှိုက်သယ်ကား ၄စီးနှင့် အဖွဲ့ဝင်အချို့ ပါဝင်ခဲ့သော် လည်း ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်မှုအားနည်းသလို အမှိုက်ကောက် လှုပ်ရှားမှုကို ပြည်နယ် NLD က အချိန်ပေါ် မူတည်၍ တစ်ပတ်တစ်ကြိမ် ပြုလုပ်သွားရန် ရှိသည်ဟု ပါတီဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ရက်နေ့တွင် ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမ၌ မြန်မာပြည်အောက်ပိုင်းရှိ ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ်များကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရာတွင် အနိုင်ရ NLD ကိုယ်စားလှယ်များ မိမိတို့ဒေသတွင် အမှိုက်ကောက်ရန် ပြောဆိုခဲ့ပြီးနောက် ယင်းပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက ဒီဇင်ဘာ ၁၂-၁၃ရက်နေ့များ၌ မြို့နယ်အ လိုက် NLD ပါတီဝင်များ အမှိုက်ကောက်ရန် ညွန်ကြားချက်ထုတ်ပြန်လိုက်သည့်အတွက် ယခုလို လိုက်နာလုပ်ဆောင်ခြင်းဖြစ် သည်။

No comments: