ဖိုးစမ်းချောင်း(GG)
မန္တလေးမြို့ပေါ်ရပ်ကွက်ကြီးများတွင် စီစီတီဗီတပ်ဆင်လိုပါက မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့ရုံးအတွင်းရှိ Police Command Center ကော်မတီထံသို့ လာရောက်ညှိနှိုင်းလုပ်ဆောင်နိုင်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး၊ တာဝန်ရှိ သူတဦးက ဧရာဝတီသို့ ပြောသည်။
မန္တလေးမြို့တွင်း ဧရိယာတွင် စီစီတီဗီကေဘယ်ကြိုးများချဲ့ထွင်တပ်ဆင်ထားပြီးဖြစ်ပြီး စတိုးဆိုင်များ၊ဘဏ်ကြီးများ၊ မြို့ မိမြို့ဖများမှ မိမိတို့ရပ်ကွက်လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် စီစီတီဗီတပ်ဆင်ရန်အတွက် ကင်မရာ၊ မီးအား ထိန်းညှိကိရိယာ၊ ကွန်ထရိုးဘောက်၊ မီးချောင်း၊ လိုင်းကြိုးစသည်တို့ လိုအပ်ကြောင်း ၎င်းက ပြောသည်။
“ကိုယ့်အိမ်မှာ ကိုယ့်ဘာသာတပ်ထားတာတွေ ရှိပါတယ်။ ဒါပေမယ့် စီစီတီဗွီကိုတနေကုန် စောင့်မကြည့်နိုင်ဘူး။ ဒီမှာက ၂၄နာရီ စောင့်ကြည့်နေတာပါ” ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောသည်။
တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သော ယွမ် ၃.၅သန်းတန်ဖိုးရှိ Police Command Centre အား ဒီဇင်ဘာ၈ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ရုပ်သေကင်မရာအလုံး (၂၀)၊ ၃၆၀ဒီဂရီ လှည့်ပတ်ကြည့်နိုင်သော ကင်မရာ အလုံး၂၀တို့ဖြင့် မန္တလေး ၄မြို့ နယ်ရှိ ပွိုင့် ၂၀နေရာတွင် စီစီတီဗွီများဖြင့် စတင်စောင့်ကြည့်ခဲ့ခြင်းဖြစ်ကာ ၁ဆိုင်းလျှင် ၈နာရီဖြင့် အဆိုင်း၃ ဆိုင်းခွဲပြီး ၂၄ နာရီမပြတ် စောင့်ကြည့်နေကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးမြို့ တမြို့လုံးလွှမ်းခြုံစောင့်ကြည့်နိုင်ရန်အတွက် စီစီတီဗီကင်မရာအလုံး တထောင်ဝန်းကျင်ခန့် အနိမ့်ဆုံး လိုအပ် မည်ဖြစ်ပြီး ကေဘယ်ကြိုးဧရိယာမှာလည်း ၇မြို့နယ်စလုံးတွင် လွှမ်းခြုံထားရန် လိုအပ်ကြောင်း၊ ယခု တရုတ်ပညာရှင်များ လာရောက်တပ်ဆင်ပေးထားသော ကေဘယ်ကြိုးဧရိယာမှာ မြို့တွင်းဧရိယာသာ လွှမ်းခြုံနိုင်သေးသောကြောင့် Police Command Center ဖြင့် ချိတ်ဆက်ကာ စီစီတီဗီ ကင်မရာကို မိမိရပ်ကွက်အတွက် ကိုယ်ထူကိုယ်ထစနစ်ဖြင့် တပ်ဆင် မည်ဆိုပါက ကုန်ကျစရိတ် များပြားနိုင်ကြောင်း လုံခြုံရေးကင်မရာ စနစ်ကျွမ်းကျင်သူ ဦးရဲအောင်က ပြောသည်။
“တရုတ်တွေ သွယ်ပေးထားတဲ့ ကေဘယ်ကွန်ရက်ကနေ ချိတ်ဆက်ရမှာဖြစ်တဲ့အတွက် တရုတ်တွေဘက်က ခွင့်ပြုမှရ မှာဖြစ်သလို သူတို့ဆီက ကင်မရာကို ဝယ်မှပဲရမယ်”ဟု ၎င်းက သုံးသပ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်၌ အမှုကြီး(၁၀) မျိုးဖြစ်ပွားမှုအခြေအနေမှာ လူသတ်မှု (၆၈)မှု၊ ဓားပြမှု(၁)မှု၊ လုယက်မှု(၈)မှု၊ မုဒိမ်းမှု(၅၁)မှု၊ ဖောက်ထွင်းမှု(၁)မှု၊ တိရစ္ဆာန်ခိုးမှု(၃)မှု၊ လက်နက်မှု(၃)မှု၊ မတရားသင်း (၁)မှုတို့ဖြစ်ပြီး အခြားအမှု (၇)မျိုးတွင် ဖြစ်ပွားမှုအများဆုံးမှာ ဆိုင်ကယ်ခိုးမှု(၁၄၉)မှု၊ ခိုးမှု(ရိုးရိုး) (၂၇၆ )မှု နှင့် နာကျင် (ယာဉ်)တိုက်မှု (၁၁၈၀)မှုတို့ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး တပ်မတော်သားကိုယ်စားလှယ်၊ ဒုတိယဗိုလ်မှူးကြီး ကျော်နိုင်က ပထမအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ၁၄ကြိမ်မြောက် ပုံမှန် အစည်းအဝေး(စတုတ္ထ)နေ့တွင် တိုင်း ဒေသကြီးအစိုးရ၏ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်မှု အခြေ အနေ တင်ပြချက် အစီရင်ခံစာများအပေါ် ပြန်လည် ဆွေး နွေး တင်ပြချက်၌ ထည့်သွင်းပြောကြားခဲ့သည်။
မန္တလေးမြို့အတွင်း ဆိုင်ကယ်ဖြင့် ပိုက်ဆံအိတ်လုပြေးခြင်း၊ ဆိုင်ကယ်ခိုးယူခံရခြင်း၊ လူအုပ်စုဖြင့် ရန်ပြုခံရခြင်း စသည့် မှုခင်းကိစ္စရပ်များကြုံရပါက Police Command Center ဖုန်း ၀၂ ၆၇၁၂၁သို့ ဆက်သွယ် သတင်းပေးနိုင်သကဲ့သို့ ယာဉ် တိုက်မှုဖြစ်ကာ အငြင်းပွားမှုများ ကြုံတွေ့ရပါက Police Command Center ရှိ စီစီတီဗီ ကင်မရာများတွင် လာရောက် စစ်ဆေးနိုင်ပြီး အဆိုပါ ကင်မရာများ၏ မန်မိုရီမှာ တလအထိ သိမ်းဆည်းထားနိုင်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

No comments:
Post a Comment