Wednesday, March 30, 2016

ကျေးရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်လိုင်းကို အခကြေးငွေ မထည့်ဝင်ဘဲ ခိုးသုံး၍ ဒေသခံများ ဆန္ဒပြ

အောင်ကိုဦး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ တတ်ကုန်းကျေးရွာအုပ်စုမှ ကိုယ့်အားကိုယ်ကိုစနစ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ထားသော လိုင်းကြိုးများမှတဆင့် ကောလင်းမြို့နယ်၊ ပုဇင်းသာကျေးရွာက ဝန်သိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဖြင့် ပူးပေါင်း၍ ကုန်ကျစရိတ်ထည့်ဝင်ခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေခြင်းကို ကျေနပ်မှုမရှိသောကြောင့် ဒေသခံ ၂၀၀ ကျော်က မတ်လ ၂၉ ရက်၊မွန်းလွဲ ၁ နာရီက ဝန်းသိုမြို့ပတ်ကာ ဆန္ဒပြကြသည်။

ဆန္ဒပြကြသူများသည် ကိုယ့်အားကိုယ်ကိုး မီးရရှိအောင်ရွက်ခဲ့ကြသည့် တပ်ကုန်းကျေးရွာအုပ်စုမှ တပ်ကုန်းကျေးရွာ၊ဝက်တူးကျေးရွာ၊ လေးရွာကျေးရွာနှင့် ချောင်းဆုံကျေးရွာတို့ဖြစ်ပြီး ကျပ်၆၉၂သိန်း အကုန်အကျခံတည်ဆောက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်ကုန်းကျေးရွာအုပ်စု မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဖေက ဆိုသည်။

အဆိုပါကျေးရွာများသည် မီးရရှိအောင် ၂၀၀၈ခုနှစ်မှစတင်ကြိုးစားခဲ့ရာ ၂၀၁၂ခုနှစ်တွင် မီရရှိခဲ့ခြင်းဖြစ်သည်ဟု တပ်ကုန်းကျေးရွာအုပ်စု မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဖေက ဆက်လက်ဆိုသည်။

ထိုသို့တပ်ကုန်းကျေးရွာအုပ်စုမှ တည်ဆောက်ထားသော 33KV ဓာတ်အားလိုင်းကို ကောလင်းမြို့နယ်၊ ပုဇင်းတာကျေးရွာက ခွင့်ပြုချက်မယူ၊ ညှိနှိုင်းချက်များမရှိဘဲ ဝန်းသိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဖြင့် ပူးပေါင်းကာ မီလင်းအောင်ဆောင်ရွက်ခြင်းကို ဒေသခံများက မကျေနပ်ခြင်းကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ဦးအောင်ဖေ ကဆိုသည်။

ကောလင်းမြို့နယ်၊ ပုဇင်းသာကျေးရွာမှ မီးရရှိအောင် ဆောင်ရွက်နေသည့် ၂၀၁၅ ခုနှစ် ဇူလိုင်လကပင်စတင်၍ ရပ်မိရပ်ဖများနှင့် မီးလင်းရေးကော်မတီမှ တားဆီးပေးရန် ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာများထံသို့ အကြောင်းကြားစာများပေးပို့ကာ လူကိုယ်တိုင်သွားရောက်ပြောဆိုမှုများ အကြိမ်ကြိမ် ပြုလုပ်သော်လည်း ညှိနှိုင်းဖြေရှင်းမပေးသဖြင့် ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြရာတွင် ဦးဆောင်သည့် ဦးမြင့်မောင်က "အခုဟာက ဗိုလ်ကျတဲ့ပုံစံ တစ်ပြားမှမထည့်ဘဲ အလွယ်တကူလုပ်တာကို မကျေနပ်ဘူး။ ကျွန်တော်တို့ ဒီမီးရအောင်လုပ်ခဲ့တာ အစိုးရက အပ်တိုတစ်ချောင်းတောင်မပေးဘူး။ ကျွန်တော်တို့ သိန်း ၆၀၀ ကျော် အကုန်ခံပြီးလုပ်ထားတာပါ။ တစ်ပြားမှမပေးရင် အခုသွယ်ထားတဲ့မီးလိုင်းဖြုတ်ပေးပါ။ မတရားတဲ့နည်းနဲ့ မီးရအောင်ဆောင်ရွက်ပေးတဲ့ ဝန်းသိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာကို အရေးယူပေးပါ။ ဒါကို ဒီနေ့တောင်းဆို ဆန္ဒပြကြတာပါ။"ဟုပြောသည်။

ဆန္ဒပြရာတွင်ပါဝင်သည့် လေးရွာကျေးရွာမှဒေါ်မြအေးက "ကျွန်မတို့က ရွာမီးလင်းဖို့မရှိမဲ့ရှိမဲ့နဲ့ငွေထည့်ပြီးလုပ်ခဲ့ရတာ။ ဒါကိုကြားကနေ ငွေမထည့်ဘဲ အလွယ်တကူ ဖြတ်ဆွဲပေးတာကို မကျေနပ်လို့ပါ။ လုပ်ပေးတဲ့သူကို လုံးဝမကျေနပ်ပါဘူး။တာဝန်ရှိတဲ့သူတွေကို အရေးယူပေးစေချင်တယ်။"ဟုပြောသည်။

ပုဂ္ဂလိကမှ ကိုယ့်အားကိုယ်ကိုးမီးရရှိအောင် ဆောင်ရွက်ထားသည့် လိုင်းကြိုးများမှ သီးခြားမြို့နယ်၊ ကျေးရွာများက လျှပ်စစ်မီးရယူလိုလျှင် ကိုယ့်အားကိုယ်ကိုးမီးလင်းရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ခွင့်ပြုပေးမှသာ ဆွဲယူခွင့်ရှိသည်။ထိုသို့ ခွင့်ပြုခြင်းမရှိဘဲ ဆွဲယူခဲ့ပါက လျှပ်စစ်ဥပဒေအရအရေးယူနိုင်သည်ဟု ကျေးရွာလေးရွာမှ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌ များကဆိုသည်။

ကိုယ့်အားကိုယ်ကိုး မီးရရှိအောင် ဝန်သိုမြို့နယ်၊ တပ်ကုန်းအုပ်စုမှ တပ်ကုန်းကျေးရွာ၊ ဝက်တူးကျေးရွာ၊လေးရွာကျေးရွာနှင့် ချောင်းဆုံကျေးရွာတို့က အိမ်ခြေ ၄၀၀ ကျော်တို့သည် အချိုးချထည့်ဝင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဝန်သိုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇေယျက "အဲဒီကိစ္စကို ဆုံးဖြတ်ပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ထားပါတယ်။ ဖြေရှင်းပေးမှာပါ။ ပုဇင်းတောင်ကျေးရွာနဲ့လည်း ညှိနှိုင်းနေပါတယ်။ အခုဖြစ်နေတာက ကောလင်း၊ ဝန်းသို မြိုနယ် နှစ်မြို့နယ်ကြားမှာဖြစ်နေတော့ ညှိနှိုင်းမှုကကြာနေတာပါ။ ကျွန်တော်တို့အနေနဲ့ ဖြေရှင်းပေးနိုင်မှုမရှိပါဘူး။တိုင်းအစိုးရအဖွဲ့က ဖြေရှင်းပေးမှာပါ။" ဟုပြောသည်။

ဆန္ဒပြသူများသည် ဖြေရှင်းဆောင်ရွက် အရေးယူပေးခြင်းများမရှိပါက အထက်မြန်မာပြည်ရှေ့နေများကွန်ယက်ထံ အကူအညီတောင်းခံပြီး မြို့နယ် လျှပ်စစ်အင်ဂျင်နီယာကို တရားစွဲဆိုသွားမည်ဟု ဦးဆောင်သူများကဆိုသည်။

ဆန္ဒပြသူများသည် ဝန်းသိုမြို့ ဦးအောင်မြတ်ရုပ်ထုရှေ့မှစတင်၍ မြို့တွင်းသို့လှည့်ပတ်ကာ ဝန်းသိုမြို့နယ် လျှပ်စစ်ရုံးရှေ့အထိ ချီတက်ခဲ့ကြသည်။

အဆိုပါလေးရွာမှ ဆန္ဒပြနေကြသည့် ဒေသခံများသည် ကြားဖြတ်မီးရယူသုံးစွဲနေသည့် ကောလင်းမြို့နယ် ပုဇင်းတောင်ကျေးရွာမှ အချိုးကျ ထည့်ဝင်ငွေ သိန်း ၁၂၀ ထည့်မည်ဆိုလျှင် ကျေနပ်မည်ဟုဆိုသည်။

No comments: