Wednesday, March 30, 2016

စစ်တပ်မှ လူငယ်တစ်ဦးကို နှစ်လနီးပါးထိန်းသိမ်းထားပြီးမှ ရဲသို့လွဲပြောင်း

ကောင်းမြတ်နိုင် (မောင်တော)


ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ လူငယ် တစ်ဦးကို စစ်တပ်မှ နှစ်လနီးပါး ထိန်းသိမ်းထားပြီးမှ ရဲသို့ လွဲပြောင်းလိုက်သည်ဟု သတင်းရရှိသည်။

၎င်းလူငယ်မှာ မင်းပြားမြို့နယ် ပန်းမြောင်းမြို့ အနီးတွင် တည်ရှိသော ပွဲရက္ကံဆိပ်ကျေးရွာမှ ဦးဦးသာကျော်၏ သား မောင်ဘိုသန်း (၂၅) နှစ်ဖြစ်ကြောင်း သိရသည်။

မောင်ဘိုသန်းအား မြောက်ဦး အခြေစိုက် ခမ၇ (၃၇၈)မှ ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ် သံသယဖြင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နှစ်လနီးပါး အကြာ မတ်လ ၂၂ ရက်နေ့က ကျောက်တော် ရဲစခန်းသို့ လွဲပြောင်းခဲ့သည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များအရေးကို ဆောင်ရွက်နေသူ ကိုကျော်လှမြင့် က ပြောဆိုသည်။

မောင်ဘိုသန်းအား ကျောက်တော်ရဲစခန်းသို့ လွဲပြောင်းလိုက်သဖြင့် ယခုအခါ ကျောက်တော်ရဲစခန်းတွင် ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသူ ၃၆ ဦးရှိသွားပြီ ဖြစ်ကြောင်း ကျောက်တော်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ ဟုတ်ကဲ့။ မနေ့က လူငယ်တစ်ဦးကို စစ်တပ်က လာပို့ပါတယ်။ မောင်ဘိုသန်းဖြစ်ပါတယ်။ နောက်ထပ် တစ်ယောက်တိုးလာတဲ့ အတွက် အခု အေအေနဲ့ ဆက်စပ် ဖမ်းဆီးခံထားရသူ ၃၆ ဦးထိ ကျောက်တော် အချုပ်မှာ ရှိပါတယ်” ဟု သူက ပြောသည်။

မောင်ဘိုသန်းအား မတရားအသင်း ပုဒ်မ ၁၇ (၁)/ ၁၇ (၂) ဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။

No comments: