Thursday, March 31, 2016

အစိုးရတပ်မှ KIA တပ်ရင်း ၃၇ ကို တိုက်ခိုက်

Kachinnews


ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းဘော်၊ မန်နောင်းရွာ အနီးတွင် KIA ပြည်သူ့စစ် (MHH)၊ KIA တပ်ရင်း ၃၇ တို့နှင့် အစိုးရတပ်တို့ကြား ယနေ့ မနက် ၉ နာရီခန့်တွင် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အကြောင်းရင်းကို ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ ထိပ်တန်းအရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို အခုလို ပြောခဲ့ပါသည်။

“အဲဒီ မုန်းဘော် မန်နောင်ရွာ ဘက်မှာ ကျနော်တို့ တပ်ရင်း ၃၇ တွေက သွားနေတာ။ အဲမှာ ရှမ်းတပ် (RCSS) တွေက ကျနော်တို့ ဘယ်သွားသွား နောက်လိုက်ပြီး သေနတ် ပစ်ဖောက်လိုက်နဲ့။ အစိုးရတပ်နဲ့ ရှမ်းတပ် (RCSS) တွေကလည်း အတူတူသွားနေတယ်။ ကျနော်တို့ဘက် သုံးယောက်က ရေခပ်ဖို့သွားလိုက်တော့ ကြားမှာ အစိုးရတပ်ဝင်လာပြီး ကျနော်တို့ လူတွေကို လိုက်ပစ်တယ်။ အဲဒါနှင့် တိုက်ပွဲ ခဏကြာ ဖြစ်သွားခဲ့တယ်။ ကျနော်တို့ လူတွေတော့ ဘာမှမဖြစ်ဘူး ဒီညနေ ကောင်းကောင်းပြန်ရောက်လာကြပြီ။”

KIA က အစိုးရတပ်နှင့် ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်တို့ အတူတူ စစ်ရေးပူးပေါင်းနေကြောင်း ပြောသော်လည်း (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွတ်ဆစ်က မိမိတို့ RCSS နှင့် အစိုးရတပ်တို့သည် စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း ယမန်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ EAO ထိပ်သီးညီလာခံမှာ ကချင်သတင်းဌာန KNG ကို ပြောခဲ့ပါသည်။

ယခုချိန် “ဝ” ပြည်နယ် UWSA ပန်ဆိုင်းဌာနချုပ်မှာလည်း KIO အပါအဝင် NCA လက်မှတ်မထိုးသေးသော တရုတ်နယ်စပ်အခြစိုက် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့ ယမန်နေ့ မတ် ၂၆ မှ အစည်းဝေးပြုလုပ်နေပါသည်။

No comments: