Thursday, March 31, 2016

အေအေအဖြစ် စွပ်စွဲ ဖမ်းဆီးခံထားရသူ ၂၈ ဦးကို ကျောက်တော်တွင် ရုံးထုတ်

ကောင်းမြတ်နိုင်(မောင်တော)


ရက္ခိုင့်တပ်မတော် (အေအေ) နှင့် ပတ်သက်ဆက်နွယ်သူများဟု ဆိုကာ စွပ်စွဲ ဖမ်းဆီးခံထားရသူ ရခိုင် အမျိုးသား ၂၈ ဦးကို ကျောက်တော် မြို့နယ် တရားရုံးတွင် ယနေ့  ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ကျောက်တော်မြို့နယ် တရားရုံး၏ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာသတင်းဌာနသို့  အတည်ပြု ပြောကြားသည်။

“အေအေ နဲ့ ပတ်သက်ဆက်နွယ်နေလို့  အဖမ်းခံထားရတဲ့သူတွေထဲက ၂၈ ယောက်ကို ရုံးထုတ် တာပါ။ သူတို့ကို ဒီကနေ့ စစ်ဆေးပါတယ်။ တစ်ကြိမ်တည်း အဖမ်းခံထားရတာ မဟုတ်တဲ့အပြင် ပုဒ်မတွေကလည်း မတူတာတွေရှိတဲ့ အတွက် တစ်ဦးချင်း နာမည်နဲ့ ပုဒ်မတွေကိုတော့  အသေးစိတ်မပြောပြနိုင်ပါဘူး” ဟု အမှုလိုက် ရှေ့နေ့ အမျိုးသမီးက ပြောသည်။

ဖမ်းဆီးခံထားရသူအားလုံးအား မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) /( ၂) တို့ အပါအ၀င် တခြား ပုဒ်မများဖြင့် တရား စွဲဆိုထားကြောင်း သူမက ပြောဆိုသည်။

ယနေ့ တရားစွဲတင်သည့် ၂၈ ဦးအထဲတွင် ၂၀၁၅ ခုနှစ်က ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၁၆ ဦးပါဝင်ပြီး ၂၀၁၆ ခုနှစ်အတွင်း ဖမ်းဆီးခံထားရသူ ၁၂ ဦး ပါဝင်ကြောင်း သိရသည်။ အေအေနှင့် ဆက်နွယ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ ကျောက်တော် ရဲစခန်းတွင် စုစုပေါင်း ၃၆ ဦးရှိကြောင်း သိရသည်။

လွန်ခဲ့သော မတ်လ ၁၆ ရက်နေ့က အေအေ နှင့် ဆက်နွယ်မှုဖြင့် လူ ၂ ဦးအား ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။ ယင်း ထောင်ချမှု အပေါ် မြောက်ဦးခရိုင်တရားရုံးတွင် အယူခံဝင်ရန်ပြင်ဆင်နေကြောင်း ထိုအမှု လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့ နေ ကိုထွန်းလှက နိရဉ္စရာသို့  ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့ အစိုးရ တပ်မတော်တို့ ကြား ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ကာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး၊ ယင်းနောက်ပိုင်းအချိန်ကာလမှ စတင်ပြီး ရခိုင်ပြည်နယ် အတွင်း အေအေနှင့် ဆက်နွယ်မှု သံသယဖြင့် လူအများ အပြား ဖမ်းဆီးခံခဲ့ရသည်။

No comments: