Friday, April 29, 2016

ရခိုင်အမျိုးသားပါတီမှ အစိုးရဖွဲ့ခွင့်ရရှိရေး သံတွဲနှင့် တောင်ကုတ်တွင် ဆန္ဒပြတောင်းဆို

ကျော်မင်း (စစ်တွေ)

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ANP က ဦးဆောင်ဖွဲ့စည်းခွင့်ရရှိရေးအတွက် ယနေ့ ဧပြီ ၂၆ ရက်နေ့တွင် သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များတွင် လူထုဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်ပွဲကို သံတွဲမြို့နယ်တွင် လူဦးရေ ၁၂၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး၊ တောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်ပွဲကို လူဦးရေ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 ဆန္ဒဖော်ထုတ်ရာမှာ ကြွေးကြော်သံများအဖြစ် " ANP အစိုးရဖွဲ့စည်းရေး ဒို့အရေး၊ ရခိုင်အမျိုးပါတီကို ထောက်ခံတယ် ..ထောက်ခံတယ် ၊ တစ်ပါတီအာဏာရှင် စနစ်အလိုမရှိ၊ ရခိုင်ပြည်သူ ဆန္ဒကို လေးစားပါ..လေးစားပါ" စသည့် ပိုစတာ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြွေးကြော်ခဲ့ကြကြောင်းတောင်ကုတ်မြို့နယ် ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်ပါဝင်သူ ရခိုင်လူမှုကွန်ရက် အဖွဲ့မှ ဦးညွှန့်အောင်က မဇ္ဈိမကို ယခုလို ပြောကြားခဲ့သည်။ “အဓိက ရည်ရွယ်ချက်ကတော့ ရခိုင်အမျိုးသားပါတီ အစိုးရအဖွဲ့ဖွဲ့စည်းရေးပါပဲ၊ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒပဲဖြစ်ပါတယ်။"၎င်းကဆိုသည်။

ရခိုင်အမျိုးသားပါတီ အစိုးရဖွဲ့စည်းရေးနှင့် ၁/၂၀၁၆ ကြေညာချက်ကို ထောက်ခံဆန္ဒဖော်ထုတ်မှုများအဖြစ် စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော စသည့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် လူထု ဆန္ဒပြပွဲများပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော် ၂၃ နေရာကို အနိုင်ရရှိထားပြီး လွှတ်တော်တွင်း ဥက္ကဌ နှင့် ဒုဥက္ကဌ နေရာများကို ရယူထားသော ပါတီဖြစ်ကာ လက်ရှိ အစိုးရသက်တမ်းတွင် ပြည်နယ်ဝန်ကြီးချူပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့် မရသေးသမျှကာလပတ်လုံး အတိုက်အခံအဖြစ် ရပ်တည်မည် ဟု ကြေညာထားသည်။

No comments: