Friday, April 29, 2016

ဘားမားလား မြန်မာလား

လင်းသန်


ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၂၂ ရက်နေ့က ပြည်တွင်း ပြည်ပ နိုင်ငံတကာ သံတမန်များနှင့် ပထမဆုံး အကြိမ် တွေ့ဆုံပြီး အစိုးရသစ်၏ နိုင်ငံခြားရေး မူဝါသစ်အကြောင်း ပြောဆိုရာတွင် မြန်မာနိုင်ငံ၏ အမည်အား အင်္ဂလိပ်လို ပြောဆိုရာမှာ သူ့အနေဖြင့် Burma ဟု သုံးနှုန်း ခဲ့တာ အလေ့အကျင့်ဖြစ်နေသော်လည်း နောင်မှာ Myanmar ဟု သင့်သလို သုံးနှုန်းသွားမယ်လို့ ပြောဆိုလိုက်ပြီး သံတမန်များအနေဖြင့်လည်း Myanmar သို့မဟုတ် Burma ဆို သည်ကို ၄င်းတို့နှစ်သက်သကဲ့သို့ခေါ်ဆိုနိုင်ကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

ထို့ကြောင့် ဘားမားလား မြန်မာလားဟု မြန်မာနိုင်ငံ၏ အမည်နာမကို အင်္ဂလိပ်လို ခေါ်ရာတွင် အချီအချ ဖြစ်နေခြင်းမှာ တဖန်အာရုံစိုက်စရာ ဖြစ်လာရသည်။

မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma ဟု ခေါ်ဝေါ်သုံးစွဲလာခဲ့ရာက ၁၉၈၉ ခုနှစ်က အာဏာသိမ်း နဝတ စစ်အစိုးရက Burma ကို ကိုလိုနီဝေါဟာရဟု ဆိုကာ မြန်မာအသံထွက် ဝေါဟာရ Myanmar ဟု ပြောင်းလဲ သတ်မှတ်ခေါ်ဆိုခဲ့သည်။ ထို့နောက်ပိုင်း နိုင်ငံ၏ တရားဝင် အမည်အဖြစ် “Republic of the Union of Myanmar” ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ စစ်အစိုးရ အဆက်ဆက်က အတည်ပြု သတ်မှတ်ခဲ့ကြပြီး ကုလသမဂ္ဂနှင့် နိုင်ငံအများအပြားကလည်း နာမည်သစ်ကို ခေါ်ဆိုခဲ့ကြသည်။

ဒေသတွင်းနှင့် ကမ္ဘာ့သတင်းဌာန အချို့ပင်လျင် Myanmar ဟု ပြောင်းလဲခေါ်ဆိုကြသည်။ သို့သော် ၁၉၈၈ ခုနှစ်ကတည်းက ဒီမိုကရေစီအရေး လှုပ်ရှားကြတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအပါအဝင် နိုင်ငံရေး ပါတီအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများက နိုင်ငံအမည်ကို ဘားမား -Burma ဟုသာ ခေါ် ဆို နေခဲ့ကြပြီး Myanmar ဟု ခေါ်ဆိုခြင်း မပြုခဲ့ကြချေ။

အကြောင်းမှာ နိုင်ငံ၏ အမည်နာမပြောင်းလဲလိုက်သည့် အာဏာသိမ်း စစ်အစိုးရသည် တရားဝင် ရွေးကောက်တင်မြှောက် ထားသည့် အစိုးရ မဟုတ်သည်တကြောင်း၊ လူထုဆန္ဒခံယူပွဲ မလုပ်ပါဘဲ နိုင်ငံအမည်ကို ပြောင်းလဲခဲ့ခြင်း ကြောင့်ဟု ဆိုကြသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတကာ ခရီးစဉ်များနှင့် နိုင်ငံတကာ မီဒီယာများနှင့်တွေ့ဆုံတိုင်း နိုင်ငံ အမည်နာမကို အင်္ဂလိပ်လို ပြောဆိုရာ တွင် Burma ဘားမားဟုသာ အစဉ်တစိုက် ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ သို့အတွက် မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံ အားပေးကြသော အမေရိကန် ပြည်ထောင်စု အပါဝင် နိုင်ငံတကာ ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး လုပ်သည့်နေရာတွင် အဆိုပါ အမည်နာမအပေါ် အငြင်းပွားနေမှုအပေါ် သတိကြီးကြီးထားကာ သုံးစွဲလေ့ ရှိခဲ့ကြသည်။

မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးအောက်မှ ဖြေလျှော့ပေးချိန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ မြန်မာပြည် ခရီးစဉ်တွင် သံတမန် ကျင့်ဝတ် အရ နိုင်ငံ၏ အမည်ကို အင်္ဂလိပ်လို Burma or Myanmar ခေါ်ရမည်လားဟုပင် အခက်ကြုံခဲ့ရသည်။ သို့သော် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ကနေဒါ၊ နယူးဇီလန် စသည့် နိုင်ငံများက မြန်မာနိုင်ငံအား တရားဝင် ဆက်ဆံရာတွင် အင်္ဂလိပ် လို Burma ဟုပင် တရားဝင် ဆက်သွယ် ခေါ်ဝေါ်သုံးစွဲကြသည်။ သို့သော် သြစတြေးလျ၊ ဥရောပ သမဂ္ဂတို့ကမူ Myanmar ဟု သံတမန်ရေးအရ ခေါ်ဝေါ်သုံးနှုန်းကြသည်။

၂၀၁၂ ခုနှစ်တွင် NLD ပါတီက ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင် ၄၀ ကျော်သည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် လွှတ်တော်အမတ်များအဖြစ် အသီးသီးဖြစ်လာခဲ့ကြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုက်နာရမည်ဟု ကျမ်းသစ္စာကျိန်ဆိုထား၍ နိုင်ငံ၏ အမည်ကို Myanmar ဟုသာ ခေါ်ဆိုရမည်ဖြစ်ကြောင်း ယူဆချက်များ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်က Burma ဘားမားဟု ဆက်လက် ခေါ်ဝေါ် သုံးစွဲခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်သည်ဟု ယခင် ကြံ့ခိုင်ရေး လွှတ်တော်နှင့် အစိုးရတို့က သတိပေးခဲ့ဖူးသည်။

မြန်မာနိုင်ငံ၏ အမည်နာမအား အင်္ဂလိပ် ဘာသာဖြင့် Burma လား Myanmar လား ကိစ္စသည် ပြည်တွင်းပြည်ပတွင်လည်း ကိုယ်စားပြုမှု၊ အနက်ဖွင့်ဆိုမှုတို့အပေါ် အခြေခံကာ ကျယ်လောင်စွာ အငြင်းပွားနေမှုသည် ယခု ဒေါ်အောင်ဆန်းစုကြည်က ၂ မျိုးစလုံး သုံးနိုင်သည်ဟု ပြောဆိုအပြီး အငြင်းပွားမှုများ အဆုံးသွားပြီလား။

ယင်းပြဿနာသည် နိုင်ငံရေးကို အခြေတည်ပြီး ဖြစ်ပွားခဲ့ရသော ငြင်းခုံမှုဖြစ်သောကြောင့် နိုင်ငံရေးတင်းမာမှု လျော့ပါးလာနေသော ယနေ့ကာလတွင် ငြင်းခုံမှုလျော့ပါးသွားကာ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အမည်နာမ ၂ မျိုးလုံးကို ခေါ်ဝေါ်သုံးစွဲမှု ကျယ်ပြန့်လာနိုင်ပါသည်။

သို့သော် ရှုပ်ထွေးမှုများက ကျန်ဦးမည်။ ဥပမာ နိုင်ငံ၏အမည်က Burma ဖြစ်သောကြောင့် နိုင်ငံသားနှင့် ဘာသာစကားက Burmese ဖြစ်ခဲ့သည်။ နိုင်ငံက Myanmar ဖြစ်သောအခါ နိုင်ငံသားနှင့် ဘာသာစကားကို Myanmarese ဟု ခေါ်ဝေါ်သုံးစွဲမှုများ ရှိလာနေသောကြောင့်တည်း။

No comments: