Friday, April 29, 2016

ဖောင်းဆိုင်ဘက် အစိုးရတပ် နှင့် KIA တစ်နာရီခန့် တိုက်ပွဲဖြစ်

Kachinnews


ယနေ့မနက် ရှမ်းပြည်နယ် မြောက်ပိုင်း ဖောင်းဆိုင် ကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ နှင့် အစိုးရတပ်တို့သည် အချိန် တစ်နာရီခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အစိုးရတပ်မ ၉၉ ဟု မှန်းရသည့် တပ်ဖွဲ့နှင့် KIA တပ်ရင်း ၃၈ တို့သည် နောင်ဂျန်း (Nawng Jang) နှင့် မန်းရန် (Man Yang) လမ်းခွတွင် ယနေ့မနက် ၅ နာရီခန့်မှ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ KIA တပ်မဟာ ၆ ထိပ်တန်းအရာရှိတဦး ကချင်သတင်းဌာန KNG ကို အတည်ပြုပြောခဲ့ပါသည်။

ယခု တိုက်ပွဲသည် ဖေဖော်ဝါရီလမှ ရှမ်းမြောက်ဒေသ KIA တပ်မဟာ ၆ တရားဝင်ဖွဲ့စည်းပြီးနောက် ပထမဆုံး ပြင်းထန်စွာ ဖြစ်ပွားခဲ့သော တိုက်ပွဲလည်းဖြစ်ပါသည်။

ကချင်ပြည်နယ်တွင်း KIO/KIA ဗဟိုဌာနချုပ်လိုင်ဇာအနီး ဘန်ဒေါင် (Ban Dawng) နှင့် နမ့်ဆန်ယန် (Nam San Yang)၊ KIA တပ်ရင်း ၁၈ တွင် သင်္ကြန်မတိုင်ခင်နှင့် အပြီး အစိုးရတပ်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် KIA ရှေ့တန်းစခန်းငယ် ၄ ခုကို ဆုတ်ခွာ ပေးခဲ့သည်။

မြန်မာပြည်တွင် NLD အစိုးရသစ်တက်လာပြီး သုံးပတ်အကြာ အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်နေပါသည်။

No comments: