Saturday, April 30, 2016

ရခိုင်အစိုးရအဖွဲ့၏ ရက် ၁၀၀ စီမံချက် ကြေညာမည်

ကျော်မင်း (စစ်တွေ)

ရခိုင်ပြည်နယ်အစိုးရသစ်လက်ထက် ဖော်ဆောင်မည့် စီမံကိန်းများအတွက် ရက်ပေါင်း ၁၀၀ စီမံချက်များကို ရေးဆွဲနေပြီး မကြာမီအချိန်အနည်းငယ်အတွင်း ပြည်သူလူထုသို့ တရားဝင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချူပ် ဦးညီပုက ပြောကြားလိုက်သည်။ "ကျွန်တော်တို့ ရက်တစ်ရာ စီမံချက် ရေးဆွဲနေပါပြီ။ ပြီးလည်းပြီးနေပါပြီ။ လုပ်ငန်းစဉ်တွေကို ပြည်သူတွေအားလုံးကို အသိပေးသွားမှာဖြစ်ပါတယ်။ စီမံချက်ကို ဖော်ဆောင်ရာမှာလည်း တွေ့ကြုံရမယ့် အခက်အခဲတွေကို ၀ိုင်းဝန်းဖြေရှင်းပေးဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်" ယမန်နေ့ ဧပြီ ၂၇ ရက်နေ့က စစ်တွေမြို့နယ်ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

 ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ဧပြီ ၇ ရက်နေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်းဖော်ဆောင်မည့် စီမံချက်များနှင့် ပတ်သက်၍ ၀န်ကြီးဌာနအလိုက် လိုအပ်ချက်များကို တင်ပြရေးဆွဲခဲ့ကြပြီး ယခုအခါ ပြီးစီးမှုအနေအထားသို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချူပ်က ပြောကြားခဲ့သည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် လူမှုအဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ တွေ့ဆုံမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် ရခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသများအဖွဲ့ - ဥက္ကဌ ဒေါ်ကျော့မေက " အစိုးရတွေကတော့ ပြည်သူတွေနဲ့ ထပ်တူကျအောင် လုပ်ပေးမယ်လို့ ပြောတာပဲ။ ဒါပေမယ့် ယခင်အစိုးရတုန်းက ထပ်တူမကျခဲ့ပါဘူး။ သူတို့ကတော့ ကတိက၀တ်ပြုကြပါတယ်။ ကျွန်မတို့ကတော့ စောင့်ကြည့်သွားမယ်။ တကယ်လို့ ပြောတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး ဆိုရင် ပြည်သူတွေနဲ့ ထပ်တူထပ်မျှ ရပ်တည်ပြီး အစိုးရသစ်ကို တွန်းအားပေးတောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ" ဟု မဇ္ဈိမကို ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ မကြာခင် ဖော်ဆောင်မည့် ရက် ၁၀၀ စီမံချက်ကို အခြေခံမူ ၅ ချက်ဖြင့် ရေးဆွဲထားပြီး လာမည့် ဧပြီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာနိုင်ဖွယ်ရှိကြောင်း ၎င်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။

No comments: