Friday, April 29, 2016

နယ်စပ်တရားမဝင်ဖြတ်ကျော်မှုဖြင့် ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို ထောင်၆လ ချမှတ်ခံရ

အောင်ကိုဦး

ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်ကို မဟာအောင်မြေတရားရုံးက ဧပြီလ ၂၆ ရက် မွန်းလွဲ ၃ နာရီတွင် နယ်စပ်တရားမဝင်ဖြတ်ကျော်မှု ပုဒ်မ ၁၃(၁)ဖြင့် ထောင်ဒဏ် ၆ လ အမိန့်ချလိုက်သည်။

ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်အား မန္တလေးမြို့ရှိ Power Hotel တွင် တည်းခိုနေစဉ် ဇန်နဝါရီလ ၁၉ ရက် ည ၉ နာရီက မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှ တရားမဝင်နယ်စပ်ဖြတ်ကျော်သည်ဟုဆိုကာ ပုဒ်မ ၁၃(က)ဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီး ယနေ့အမိန့်ချခံရခြင်းဖြစ်သည်။

ထောင်ဒဏ်၆လ အမိန့်ချခံရသည့် ဦးဂမ္ဘီရ (ခ) ဦးညီညီလွင်က"မတရားအမှုဆင်ပြီး ထောင်ဒဏ်ချလိုက်တာပါ။ ကျွန်တော်အနေနဲ့တရားဝင် ဝင်ထွက်သွားလာနေတာပါ။ အခုထောင်ဒဏ် ၆ လ ချလိုက်တာဟာ မှန်ကန်တဲ့ တရားစီရင်ချက်မဟုတ်ပါဘူး။ ကျွန်တော်အယူခံလည်းမတက်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရားစီရင်ရေးကို အယုံအကြည်မရှိလို့ပဲ။"ဟုပြောသည်။

ဦးဂမ္ဘီရ(ခ)ဦးညီညီလွင် မိခင် ဒေါ်ရေး က "အမေတို့ကတော့ ဒီနေ့လွတ်မယ်လို့ မျော်လင့်တာပေါ့။ လွှတ်ပေးလိမ့်မယ်လို့လည်း ယုံကြည်ထားတယ်။ ဒါပေမယ့် ဒီနေ့ ထောင်ဒဏ် ၆ လ အမိန့်ချလိုက်တော့ အမေတစ်ယောက်အနေနဲ့ အတော်လေးကို ဝမ်းနည်းမိတယ်။ ခံစားရတာပေါ့။"ဟု ပြောသည်။

အမှုအားလိုက်ပါ ကူညီပေးသူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က "ကျွန်တော်တို့အစွမ်းကုန်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အယူခံဝင်ဖို့တော့မရှိပါဘူး။ အမိန့်ချတာကတော့ တရားသူကြီးရဲ့ဆင်ခြင်တုံတရားနဲ့ အနိမ့်ဆုံးပြစ်ဒဏ်ချခဲ့တာဆိုတော့ ဘာမှပြောစရာမရှိပါဘူး။"ဟု ပြောသည်။

ဦးဂမ္ဘ္ဘီရ (ခ) ဦးညီညီလွင်သည် ၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သည့်အတွက် စစ်အစိုးရလက်ထက်တွင် ဖမ်းဆီးထောင်ချခံခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ကာ ရဟန်းဘဝ မှ လူဝတ်လဲ၍ သြစတြေးလျ နိုင်ငံသူ Mrs. Marie Siochana နှင့် အိမ်ထောင်ပြုခဲ့သည်။

No comments: