Tuesday, June 7, 2016

ဆင်ဘေးမဲ့တောတစ်ခု မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားတွင် ဖော်ဆောင်သွားမည်

ကျော်မင်း (စစ်တွေ)

ရခိုင်ဒေသအတွင်း ဆင်များကျက်စားရာ ဒေသတစ်ခုဖြစ်သည့် ဘူးသီတောင်၊မောင်တောရှိ မေယုတောင်တန်းတွင် ဟိမဝန္တာ ဘက်မှ ဝင်ရောက်လာကြသည့် ဆင်များအား သတ်ဖြတ်မှုများမပြုကြစေရန် ဆင်ဘေးမဲ့တောတစ်ခု ဖြစ်ပေါ်လာစေရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်သည်။

“ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မောင်တောဒေသက မြန်မာနိုင်ငံမှာ ဆင်ဖြူတွေထွက်တဲ့ ဒေသလည်းဖြစ်ပါတယ်။ ဆင်တွေကို သတ်ဖြတ်မှု အနေနဲ့ ခုချိန်ထိတရားဝင်တော့ မသိရှိသေးရဘူး ဆင်တွေရဲ့ အရေအတွက်တွေကို ပြန်ပြီးကောက်ခံနေပါတယ်” ဟု ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး၊သတ္တုနှင့်သစ်တောဝန်ကြီး ဦးကျော်လွင်က မဇ္ဈိမကို ပြောသည်။

အကောင်အထည်ဖော်ဆောင်ရွက်မှု အဖြစ် သစ်တောဦးစီးဌာန၊ မြေစာရင်းဌာနတို့နှင့်အတူ ကွင်းဆင်း ဆောင်ရွက်တိုင်းတာမှုများရှိပြီး ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း ဦးကျော်လွင်၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဘေးမဲ့တောများအဖြစ် ဆင်များအပါအဝင် အရှေ့တောင်အာရှ၏ ကမ္ဘာမျိုးသုဉ်းလုနီးပါး ရှားပါးငှက်များဖြစ်သည့် ရေညှောင့်နုတ်ဝိုင်း(ဒီဝိုင်း) ကျက်စားရာ ရသေ့တောင်မြို့နယ် အငူမော်အနီးက နံ့သာကျွန်းအား ဘေးမဲ့တောအုပ်အဖြစ်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“ရသေ့တာင် နံသာကျွန်းဘက်မှာတွေရတဲ့ ငှက်မျိုးစိတ်တွေဆိုရင် ကမ္ဘာမှာ အရမ်းကို ရှားပါးတဲ့ ငှက်မျိုးစိတ်တွေမှာ ၊ အကောင်ရေ ၅၀၀ လောက်ရှိမယ် ခန့်မှန်းရပါတယ် “ ဟု ဦးကျော်လွင်က ပြောသည်။

လက်ရှိအခြေနေတွင် ဆင်ဘေးမဲ့တောအဖြစ် ရခိုင်ရိုးမတွင် တစ်ခုတည်းတည်ရှိပြီး ဧက ဧရိယာ ၄၄၃၈၃၄ ရှိပြီး နို့တိုက်သတ္တဝါ (၄၀)၊ကုန်းရေနေ တွားသွား သတ္တဝါမျိုးစိတ်(၆၀)၊ လိပ်ပြာမျိုး(၂၀)၊ရေချိငါး မျိုး (၄၀)၊အင်းဆက် ၁၂ မျိုး၊ ငှက် ၁၃၂ မျိုးကျက်စား လျက်ရှိကြောင်း ရခိုင်ပြည်နယ် သဘာဝပါတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနရဲ့မှတ်တမ်းများအရ သိရှိရသည်။

No comments: