ကျော်မင်း (စစ်တွေ)
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘတ်ဂျက်နှစ်အတွက် ရခိုင်ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် ခေါ်ယူထားရှိသည့် တင်ဒါများအား ဇွန်လ ၇ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် ဌာန ဒုတိယညွှန်ကြားရေးမူးတို့က စစ်တွေမြို့ခန်းမတွင် စီးပွားရေးလုပ်ငန်းရှင်များရှေ့မှောက်၌ ပွင့်လင်းမြင်သာစွာ ဖောက်ဖွင့်ပြသခဲ့သည်။
အဆိုပါတင်ဒါများမှာ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆက်လက်ပြုလုပ်ရန် လိုအပ်နေသေးသည့် လမ်းတံတား၊ အဆောက်အဦးနှင့် တခြားဝန်ဆောင်မှု လုပ်ငန်းများအတွက် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူထားခြင်းဖြစ်ကာ တင်ဒါဖွင့်ပွဲအခမ်းအနားသို့ ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်ရေး ကုမ္ပဏီပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သစ်နေနဲ့ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ လုပ်ထားခဲ့တာတွေကို လက်မခံပါဘူး။ အခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်ရဲ့ သတ်မှတ်ငွေကြေးနဲ့ လုပ်ငန်းစဉ်တွေကိုပဲ တိတိကျကျ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ ပထမအစိုးရလက်ထက်က ကြိုပြီးတော့ လုပ်ပိုင်ခွင့်ပေးထားခဲ့တဲ့ လုပ်ငန်းစဉ်တွေအတွက် အခုဘတ်ဂျတ်ငွေတွေကို မပေးဘူး။ အခုခေါ်ယူတဲ့တင်ဒါတွေအတွက်လည်း ပွင့်လင်းမြင်သာစွာနဲ့ပဲ ပေးသွားမှာပါ။ ကျွန်တော်တို့အနေဲ့လည်း ဘယ်ကုမ္ပဏီကို ပေးသင့်လဲမပေးသင့်လည်း ဆိုတာကိုလည်း စိစစ်သွားမှာပါ။ ဒေသခံကုမ္ပဏီတွေကိုဦးစားပေးမယ်။ အင်ဂျင်နီယာမရှိတဲ့ ကုမ္ပဏီကိုတော့ ပေးမှာမဟုတ်ပါဘူး။ ပြီးတော့ ဆောက်လုပ်ခွင့်ရရှိထားတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း အရင်ကလိုဖြစ်သလိုလုပ်လို့မရဘူး။ တိတိကျကျစစ်ဆေးမယ်။ စစ်ဆေးချက်မှတ်တမ်းတွေကိုလည်း တိတိကျကျပြုစုပေးရမှာဖြစ်ပါတယ်။”ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကပြောသည်။
ယင်းအပြင် ဆောက်လုပ်ရေးလုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုပေးသည့် ကိစ္စအား ယခင်ကကဲ့သို့ မိမိတို့အစိုးရအဖွဲ့နှင့်နီးစပ်သူများကို လုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီများနှင့် စတပ်တူရှယ်ယာများ၊ ကြိုတင်လုပ်ငန်းများချပေးခြင်းများကိုလည်း ယခုအစိုးရသစ်အနေဖြင့် လုံးဝပြုလုပ်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
“အရင်ကဆိုရင် တင်ဒါတစ်ခုကို အစိုးရကိုပြန်ပြီးတော့အခွန်ဆောင်ပေးရတာက ၅ ရာခိုင်နှုန်း တစ်ခုရယ်။ ၂ ရာခိုင်နှုန်းတစ်ခုရယ်။ ၁ ရာခိုင်နှုန်းတစ်ခုရယ် စုစုပေါင်း ၈ ရာခိုင်နှုန်းပဲပေးရပါတယ်။ အခုက QC အတွက် ၅ ရာခိုင်နှုန်းပေးရမယ်ဆိုတော့ ၁၃ ရာခိုင်နှုန်းပေးရမယ့်အနေအထားဖြစ်နေပါတယ်။ ဒါတွေကတော့ လုပ်တဲ့သူတွေအတွက် အခက်အခဲရှိလိမ့်မယ်လို့ထင်ပါတယ်။ ရခိုင်ပြည်နယ် အနေအထားကတော့ လုပ်ငန်းရှားပါးတဲ့အတွက်ကြောင့် လုပ်ငန်းတစ်ခုဖြစ်လာရင် အကုန်လုံးစုပုံပြီးတော့ လုပ်ကြရပါတယ်။ လိုအပ်တဲ့အချက်အလက်တွေရယ်၊ စည်းကမ်းပြည့်ဝဖို့အတွက်ရယ်ကိုလည်း ကုမ္ပဏီတွေအားလုံး ကြိုးစားကြရမှာပါ။”ဟု ဓညဝတီငွေတင်းပြည့်ကုမ္ပဏီ၏ ဒါရိုက်တာဒေါ်ခင်မွေးမွေးစိန်က ကုမ္ပများဘက်မှလည်း ပြင်ဆင်ထားသင့်သည့်အချက်များ၊ လိုအပ်ချက်များကိုထောက်ပြပြောဆိုခဲ့သည်။
ယခင်အစိုးရလက်ထက်တွင် ဆောက်လုပ်ရေးကုမ္ပဏီများ အပြင် တခြားပုဂ္ဂလိက ကန်ထရိုက်လုပ်ငန်း လုပ်ကိုင်နေသူများလည်း တင်ဒါတင်ခွင့်ရရှိခြင်း၊ တင်ဒါအောင်ထားသည့် ကုမ္ပဏီများထံမှ လုပ်ငန်းခွဲများလုပ်ကိုင်ခွင့်၊ တစ်ဦးတည်း ကုမ္ပဏီအမည်အများအပြားပိုင်ဆိုင်နေခြင်း၊ သက်ဆိုင်သည့်ဌာနများမှ ကြိုတင်လုပ်ကိုင်ခွင့်ပေးထားခြင်းများရှိခဲ့ရာ လက်ရှိအစိုးရသစ်လက်ထက်တွင် တိကျစွာကိုင်တွယ်သွားမည်ဟုဆိုသော်လည်း ယခင်အစိုးရလက်ထက်က ပုံစံမျိုးပြုလုပ်မှုများရှိနေသေးကြောင်း လေးဝတီမြေကုမ္ပဏီ၏ ဒါရိုက်တာ ဦးမောင်မောင်ဖြူကပြောသည်။
“အရင်အစိုးရလက်ထက်တုန်းကလည်းဒီလိုလုပ်ခဲ့တာပဲ။ အခုသူတို့စာအိပ်ကိုဖောက်ပြတဲ့သဘောလောက်ပဲဖြစ်ပါတယ်။ သိပ်တော့ကွာခြားမှုမရှိဘူး။ နောက်တော့ဘယ်လိုဖြစ်လာမလဲဆိုတာကိုမသိဘူး။ ကျွန်တော်တို့ ကုမ္ပဏီတွေအနေနဲ့ စောင့်ကြည့်ရမှာပါ။ အဓိကက ကိုယ်နဲ့ရင်းနှီးတဲ့သူတွေကို လုပ်ငန်းကြိုမပေးဖို့လိုအပ်တယ်။ ပေးထားတဲ့အလုပ်တွေကိုတင်ဒါထပ်မခေါ်ဖို့၊ တင်ဒါခေါ်ထားတဲ့ အလုပ်တစ်ခုကို ကြိုပြီးတော့မလုပ်ခိုင်းဖို့လိုအပ်ပါတယ်။ အခုကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့အခက်အခဲကတော့ ဒါတွေပါပဲ။” ဟု ဦးမောင်မောင်ဖြူက ပြောသည်။
ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ယင်းသို့ လုပ်ကိုင်ခွင့်များပေးထားခဲ့သည့်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၏ ရခိုင်ပြည်နယ် ဘတ်ဂျတ်ငွေကျပ်သန်း နှစ်သောင်းကျော်ထဲမှ တစ်သောင်းနီးပါးဖိုးခန့်ကို ကြိုတင်လုပ်ကိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
No comments:
Post a Comment