မျိုးသူအောင်
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် ပေါ်ပေါက်လာအောင် မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်ပြီး လိုအပ်သည့် အကူညီများပေးမည်ဟု နိုင်ငံရေးအကျဉ်းသား အရေး ဆောင်ရွက်သူများက ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားစာပို့ထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာ)နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ တို့မှ ဇွန်လ ၃ ရက် ရက်စွဲဖြင့် ပေးပို့လိုက်ခြင်းဖြစ်သည်။
ဇွန်လ ၂ရက်က ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၏ မေးမြန်းချက်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြားခဲ့ခြင်းနှင့် ပတ်သက်၍လည်း "ဥပဒေပြုရေး ကိစ္စမှာ နိုင်ငံရေးအကျဉ်းသားလို့ တရားဝင်အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး မရှိသေးဘူး။ သတ်မှတ်ထားတာမရှိသေးဘူး။ နိုင်ငံရေး အကျဉ်းသားဆိုတာက မဖြစ်မနေ သတ်မှတ်ရလိမ့်မယ်။
ဒါက အခုအပြောင်းအလဲ ကာလမှာ တကယ်လိုအပ်တာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဘက်က ကြည့်ကြည့် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုဘက်ကပဲ ကြည့်ကြည့် ဒီနိုင်ငံရေးအကျဉ်းသားဆိုတဲ့ ကိစ္စကို ဘယ်လိုဖြစ်ဖြစ် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်"ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း (မြန်မာ)၏ အတွင်းရေးမှူး ကိုတိတ်နိုင်က မဇ္ဈိမကို ပြောသည်။
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေဝင်းမြင့်က လွှတ်တော်တွင် မေးမြန်းခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အကျဉ်းထောင်အတွင်း အခွင့်ထူးခံ အကျဉ်းသားများ ပေါ်ပေါက်လာမည် ဖြစ်သောကြောင့် နိုင်ငံရေးအကျဉ်းသား စကားရပ်အပေါ် အဓိပ္ပါယ်ဖွင့် ဆိုရန် အစီအစဉ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ယခုအကြိမ်တွင်လည်း ဗိုလ်ချုပ်အောင်စိုးက အလားတူ အတိုင်းသာ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
"နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ကိုမဖွင့်ဆိုခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသား ကိစ္စနဲ့ပတ်သက်ပြီးတော့ အစိုးရနဲ့ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်တဲ့သူတွေ ကြားမှာ တောက်လျောက် ပြဿနာတွေ ဆက်လက်ဖြစ်ပေါ်ဖို့ ရှိတယ်။ နှစ်ဖက်သဘောတူညီနိုင်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကို ဖွင့်ထားလို့ရှိရင် နိုင်ငံရေး အကျဉ်းသား ဟုတ်တယ်မဟုတ်ဘူး။ လွှတ်ပေးရမယ် မလွှတ်ပေးရဘူး စသဖြင့် ကျွန်တော်တို့ ပြောလို့ရမယ်။ အခုလိုမျိုး မသိချင်ယောင်ဆောင်နေခြင်းကတော့ နိုင်ငံရေး ပြဿနာကို ဆက်ပြီးရှိနေစေမယ်" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ကိုတင်မောင်ဦးက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ဧပြီလ ၇ ရက်၊ ၂၀၁၆ ရက်က နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား ၊ ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးကောက်တင်မြောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်း တစ်ခုဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ကာ နိုင်ငံရေးအကျဉ်းသားတချို့နှင့် အမှုရင်ဆိုင်နေရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ကို ၂ ကြိမ်တိုင် လွှတ်ပေးခဲ့ပြီး ဖြစ်သည်။
ယခင် သမ္မတ ဦးသိန်းစိန် လက်ထက်ကလည်း နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို တရားဝင်ဖွဲ့စည်း ပေးခဲ့ဖူးသော်လည်း လက်ရှိအချိန်တွင် အဆိုပါ ကော်မတီကိုပြန်လည် ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီး၌ နိုင်ငံရေးအကျဉ်းသား ၆၄ ဦးနှင့် နိုင်ငံရေးအရ အမှုရင်ဆိုင်နေရသူ ၁၇၄ ဦး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့ထံမှ သိရသည်။
No comments:
Post a Comment