Friday, June 4, 2010

စစ်အစိုးရ ဥမင်လိုဏ်ခေါင်းများ ဆက်ဖောက်

ရန်ပိုင် Friday, June 04, 2010


မကွေးတိုင်း ပဒါန်းမြို့နယ် အနောက်ဘက် မိုင် ၅၀ ခန့် အကွာရှိ ရခိုင်ရိုးမတွင် စစ်အစိုးရက သံသယ ဖြစ်ဖွယ် ဥမင် လိုဏ်ခေါင်းများ ဖောက်လုပ် နေကြောင်း သိရသည်။

အဆိုပါ လိုဏ်ခေါင်းများ၏ အကျယ်နှင့် အမြင့်မှာ ပေ ၅၀ ခန့်ရှိပြီး တနေ့လျှင် အလုပ်သမား ၅၀၀ ခန့် အလုပ်လုပ်ကိုင်နေကြောင်း၊ ကိုရီးယားလူမျိုး ကျွမ်းကျင်သူ ပညာရှင်များက ကြီးကြပ်၍ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထိုလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် ဒေသ ခံတဦးက ဧရာဝတီသို့ ပြောသည်။

“ပဒါန်းမြို့နယ်ကနေ တောထဲကို ၃နာရီလောက် မောင်းရတယ်၊ စစ်တပ်ကခွင့်ပြုထားတဲ့ ကားတွေပဲ သွားရတယ်၊ လိုဏ်ခေါင်းက တော်တော်ရှည်နေပြီ မိုင်းခွဲလို့ အပြင်ကို ထွက်ပြေးရင် မိနစ် ၃၀ လောက် ပြေးရတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ပင်မလိုဏ်ခေါင်း နှင့် ကွန်ရက်သဖွယ် ဆက်သွယ်ထားသည့် လိုဏ်ခေါင်းများကိုလည်း ဘေးပတ်လည်တွင် ရှိကြောင်း၊ တောင်၏ ကျောက်သားနံရံများကို တနေ့လျှင် မိုင်း ၅ ကြိမ်ခန့် ခွဲ၍ တူးဖော်ပြီး မြေတူးစက်များ၊ မြေသယ်ကားများဖြင့် လုပ်ကိုင်နေ ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

လိုဏ်ခေါင်း အတွင်း မြေထိန်းနံရံများ ဆောက်လုပ်ရာတွင် လိုအပ်သည့် လက်သမား၊ ပန်းရံ၊ နှင့် သံချည်သံကွေး လုပ်သားများကို တနေ့လျှင် လုပ်အားခ ၉၀၀ကျပ် ပေးပြီး နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း သိရသည်။

ယင်းစီမံကိန်း ကန့်သတ်နယ်မြေတွင် စစ်တပ်များချ၍ လုံခြုံရေး တင်းကျပ်ထားပြီး အလုပ်သမားများမှာ အလုပ်ခွင်အတွင်း ၀င် ထွက်ခွင့် လက်မှတ်များဖြင့် သွားလာရကြောင်း အလုပ်သမားများက ပြောသည်။

ယခင် ဦးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရ လက်ထက်ကတည်းက ဧရာဝတီမြစ်နှင့် ရခိုင်ရိုးမအကြား၊ ဧရာဝတီမြစ် အနောက်ဘက် ပြည်ခရိုင်အတွင်းရှိ ဆင်တဲ၊ ထုံးဘို၊ ညောင်ခြေထောက်၊ အထက်မင်းလှ မြို့နယ်ရှိ မလွန်ဒေသတွင် ကာကွယ်ရေးနှင့် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ခဲ့သည်။

ထို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများကို ပုသိမ်- မုံရွာကားလမ်းနှင့် ဆက်စပ်ထားသည်။

ပဒါန်းမြို့နယ်သည် ပုသိမ်- မုံရွာ ကားလမ်းနံဘေး တည်ရှိပြီး မင်းဘူး- အမ်းလမ်းနှင့်လည်း အလွယ်တကူ ဆက်သွယ်နိုင်သည်။

ယခုတည်ဆောက်နေသည့် ဥမင်လိုဏ်ခေါင်းများကို စစ်အစိုးရက စစ်ရေး သို့မဟုတ် စီးပွားရေး မည်သည့်ကဏ္ဍတွင် အသုံးချမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။

မင်းတုန်း၊ ပဒါန်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း ဒေသ နှင့် ဆိပ်ဖြူမြို့အနောက်ဘက် ဒေသများ၊ ပခုက္ကူ၊ လောင်းရှည်၊ ဆောနယ်တွင် စစ်အစိုးရက စစ်ရေးလျှို့ဝှက်စီမံကိန်းများ လုပ်ကိုင်နေကြောင်း နေပြည်တော်ရှိ စစ်တပ် အသိုင်းအ၀န်းနှင့် နီးစပ်သူ တဦးက ပြော သည်။

“အခု ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် မကွေးတိုင်း ဥက္ကဋ္ဌလုပ်တုန်းက တပ်မ ၈၈ က ဗိုလ်မှူးကြီး ဇော်မင်းတို့ ပွင့်ဖြူ စကုဘက်မှာ ယူရေနီယံတွေ့လို့ ထုတ်ဖို့ စီမံကိန်းဆွဲတယ်လို့ ကြားဖူးတယ်”ဟု၎င်းက ဆိုသည်။

စစ်အစိုးရသည် တခြားသော စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစီမကိန်းများကို နေပြည်တော်၏ အနောက်ဘက် ပဲခူးရိုးမ အနောက်ဘက်ခြမ်း တောင်တွင်းကြီး၊ နတ်မောက်ဒေသ၊ ပဲခူးရိုးမ အတွင်းရှိ အောင်လံမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ် ဆက်စပ် နေသည့် ဒေသတွင် စစ်လက်နက်ပစ္စည်း စက်ရုံများ တည်ဆောင်နေကြောင်း အထက်ပါ နီးစပ်သူက ပြောသည်။

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရ၏ နျူကလီးယားဆိုင်ရာ လျှို့ဝှက်ဖိုင်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)အဖွဲ့ ဒါရိုက်တာဟောင်း ဘော့ကယ်လီ(Bob Kelley)ကို ပြသခဲ့သည်ဟု ဒီမိုကရက်တစ် မြန်မာအသံ(DVB)နှင့် တွေ့ဆုံခန်း တွင် ပြော ဆိုသည်။

စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ် အတွင်း မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့် မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာက ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်ခန်းတွင် ပြောဆိုခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ အတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက် ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik)နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသော မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊ ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

သျှမ်းပြည်မှဒုက္ခသည်များထိုင်းနယ်စပ်သို့ထောင်ချီရောက်ရှိ

မွေခေါဝ်

သျှမ်းပြည်မှဒုက္ခသည်များ ထိုင်း-မြန်မာနယ်စပ်သို့ရောက်ရှိလာသူ လူဦးရေမှာ ယခင်ကထက်နှစ်ဆပိုမိုများပြားလာ ကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

“ဇန်န၀ါရီမှဧပြီအထိ ကျနော်တို့ဆီရောက်လာတဲ့သူ ၁၃၂၂ ယောက်ရှိတယ်။ အခုမေလနဲ့ဆို အားလုံပေါင်း အယောက် ၁၅၀၀ ကျော်တယ်။ အရင်က တစ်လဆို ၂၀၀ လောက်ဘဲ ရောက်လာတယ်။ အခုဆိုပျှမ်းမျှ တစ်လ ၄၀၀ လောက် ရောက်လာကြတယ်။ အဲဒါကျနော်တို့ဆီတိုက်ရိုက်လာတဲ့သူတွေ။ တခြားနယ်စပ်ဂိတ်ကနေ ထိုင်းထဲဝင်လာတဲ့ သူနဲ့ဆိုရင် ခန့်မှန်းခြေ တစ်ယောက် လေးယောက်နှုန်းဆိုတော့ လေးငါးထောင်မကရှိမှာ” ဟု နယ်စပ်ဒုက္ခသည်လေ့လာစောင့်ကြည့် သူတစ်ဦးကပြောပါသည်။

အမျိုးသမီး ၆၈၆ ယောက်(၅၂%)၊ မွေးကင်းစမှ ၁၄ နှစ်အောက်ကလေး ၃၄၆ ယောက်(၂၆%)ရှိကြောင်း၊ သျှမ်းပြည်တောင် ပိုင်း ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်မြို့နယ်နှင့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုန်၊ မိုင်းဆက်၊ မိုင်းပြင်း မြို့နယ်မှ ၀င်ရောက်လာသူများဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားပါသည်။

ကလောအခြေစိုက် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတွေက ပြည်သူလူထုကို ဆန်၊ ကြက်၊ ၀က်စတာတွေ မကြာခဏအလကားတောင်းစားတယ်။ အိမ်ခွန်၊ ယာခွန်၊ ကောက်ပဲသီးနှံခွန်စတဲ့ အခွန်မျိုးစုံလည်းထပ်ကောက် တယ်။ ယောင်္ကျားလေး/အမျိုးသားတွေကို ပြည်သူ့စစ်လုပ်ခိုင်းတယ်။ စပါးတွေကို ဈေးနိမ်ပြီးဝယ်တယ်။ အဲဒီဒဏ် တွေကို မခံနိုင်လို့ထွက်ပြေးလာရတာ”ဟု မိုင်းကိုင်ဒေသခံတစ်ဦးက ပြောပါသည်။

ခလရ ၁၁၂ နှင့် ၁၁၃ တို့ကလည်း ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်များ အမြဲမပြတ်ချောဆွဲကြောင်း၊ ပြည်သူလူထုအား လုပ်အားပေးစေခိုင်းကြောင်း၊ ပြည်သူလူထုပိုင်မြေယာများ အတင်းအဓမ္မသိမ်းယူပြီး ပိုက်ဆံရှိသူ များထံပြန်လည်ရောင်း ချသည်ဟုဆိုသည်။

“တစ်နေ့ ထော်လာဂျီ ၆ စီး၊ ဆိုင်ကယ် ၅ စီး ချောဆွဲတယ်။ ထော်လာဂျီ၊ ဆိုင်ကယ်မရှိတဲ့သူတွေကို ဓါတ်ဆီ၊ဒီဇယ်ဆီတွေ အတွက် စုပေါင်းပိုက်ဆံထည့်ရတယ်”ဟု အဆိုပါမိုင်းကိုင်ဒေသခံက ဆက်လက်ပြောကြားပါသည်။

နယ်စပ်သို့ရောက်ရှိရန် ခရီးစရိတ် ကျပ်ငွေ ၁၅၀၀၀၀ (၅၃၀၀ဘတ်ခန့်) မှ ၂၀၀၀၀၀ (၇၀၀၀ဘတ်ခန့်) အထိကုန်ကျ ကြောင်း၊ နယ်စပ်မှတဆင့်ထိုင်းထဲသို့ ခရီးဆက်လျှင် ဘတ် ၄၀၀၀ မှ ၉၀၀၀ အထိထပ်မံကုန်ကျကြောင်း၊ ထို့ကြောင့် အနည်းဆုံးဘတ် ၉၀၀၀ မှ အများဆုံးဘတ် ၁၆၀၀၀ ထိကုန်ကျကြောင်းသိရှိရသည်။

နယ်စပ်တွင် အလုပ်လုပ်လျှင် တစ်ရက် ယောက်ျားလေး ဘတ် ၁၀၀၊ မိန်းကလေး ဘတ် ၉၀ ရရှိကြောင်းနယ်စပ် ဒေသခံတစ်ဦးပြောပြချက်အရ သိရှိရသည်။

၁၉၉၆ မှ ၁၉၉၈ ခုနှစ်အထိ နအဖစစ်တပ်များက သျှမ်းပြည်ရှိ မြို့နယ် ၁၁ မြို့နယ်မှ ရွာပေါင်း ၁၄၇၈ ရွာအား မီးရှို့ ဖျက်စီးပြီး နေရပ်မှအဓမ္မစွန့်ခွါခိုင်းခဲ့သောကြောင့် ရွာသူရွာသားသုံးသိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ၁၉၉၈ ဧပြီလ၌ The Shan Human Rights Foundation မှထုတ်ဝေသော Dispossessed အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။

နယ်ခြားစောင့်တပ်ကိစ္စ ကျဆုံးသော်လည်း စစ်အစိုးရနှင့် ကေအိုင်အို ကြား တွေ့ဆုံနေဆဲ

KNG

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား အခြေစိုက် မြန်မာစစ်အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၌ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် စစ်အစိုးရကြား မေလအတွင်း ဒုတိယအကြိမ်အနေဖြင့် ၃၁ရက်နေ့က ထပ်မံ တွေ့ဆုံခဲ့သည်။

ကေအိုင်အို (KIO) နှင့် မြန်မာစစ်အစိုးရကြား “နှစ်ဦးနှစ်ဘက် ချစ်ခင်ရင်းနှီးမှုအတွက် တွေ့ဆုံခြင်းဖြစ်တယ်” ဟု ဆွေးနွေးပွဲ တက်ရောက် သူ ဒေါက်တာလဂျာမှ အစောပိုင်းကပြောသည်။

နှစ်ဖက်ကြားညှိနှိုင်းလို့မရသည့် စစ်အစိုးရမှ KIO လက်အောက်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)အား နယ်ခြားစောင့် တပ်ပြောင်းလဲ ရေးကိစ္စကို အခုတွေ့ဆုံခြင်း၌ ထည့်ပြောခြင်း မရှိကြောင်းသိရသည်။

သို့သော်လည်း KIO ဘက်မှ “KIO တစ်ဖွဲ့လုံး (KIA တပ်အပါဝင် ဌာန ၁၂ ခုကျော်) အသွင်ကူးပြောင်းရေးကိစ္စကို စစ်အစိုးရနှင့် ဆက်လက်ဆွေးနွေးရန်ဆန္ဒရှိုကြောင်း” ကို အစည်းဝေးတွင် ဆွေးနွေးတင်ပြခဲ့ကြောင်း KIO အရာရှိများပြောပါသည်။

တဖက်တွင်လည်း နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးခြင်း ကျဆုံးခဲ့ပြီးနောက် KIO ဖြစ်ချင်သည့်ဆန္ဒကို စစ်အစိုးရသို့ ထပ်မံတင်ပြရန် အခွင့်ပေးထားတဲ့အတိုင်း KIO က မိမိအဖွဲ့အတွင်း ဒေသအလိုက်သဘောထားဆန္ဒ နှင့် အကြံပြုချက်များကို ယခုကောက်ယူနေပြီး ၎င်းပေါ်အခြေခံ၍ မကြာမီ စစ်အစိုးရသို့ တင်ပြသွားရန်လည်းရှိကြောင်း KIO အရာရှိများပြောပါသည်။

မပခ အစည်းအဝေးသို့ ကချင်ပြည်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း၊ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် KIO ဘက်မှ ဥက္ကဋ္ဌ ဇောင်းခရား၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ နှင့် KIA တွဲဖက်စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် အပါအဝင် ဗဟိုအရာရှိများ တက်ရောက်ခဲ့သည်။

KIO တဖွဲ့လုံး အသွင်ကူးပြောင်းရေးကိစ္စကို မေ ၁၉ရက်နေ့တွင် ပထမအကြိမ် ဆွေးနွေးခဲ့ကြပြီး ယခုဒုတိယအကြိမ် ထပ်မံဆွေးနွေးခြင်းဖြစ်သည်။

မြန်မာစစ်တပ် လက်အောက်ရှိ နယ်ခြားစောင့်တပ် ကို KIO မှ လက်မခံကြောင်းကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က စစ်အစိုးရ ရှင်းရှင်းလင်းလင်းသိလာခဲ့ပြီးနောက် အခုလို နှစ်ဘက်ကြား ခင်မင်ရင်းနှီးမှုခေါင်းစဉ်နှင့် တွေ့ဆုံခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ ဧရာဝတီမြစ် မြစ်ဆုံရေကာတာစီမံကိန်းဝန်းတွင် ဗုံးများပေါက်ကွဲပြီးနောက် စစ်အစိုးရမှ KIO အဖွဲ့ဝင်များ နှင့် ၎င်းနှင့်ပတ်သက်သည့် လူငယ်များအား မြစ်ကြီးနားတွင် ပိုက်စစ်တိုက်လိုက်ဖမ်းနေချိန် အခုလို နှစ်ဘက် တွေ့ဆုံခြင်းပြုလုပ်ပါသည်။

နအဖရဲ့ရွေးကောက်ပွဲကြီး ရောက်လာတော့မယ်တဲ့လား

ရဲဘော် ဖိုးသံချောင်း

ဒီတလောလုပ်နေတဲ့ နအဖစစ်ထိပ်သီးတွေရဲ့ လေးလပတ်အစည်းအဝေးပြီးရင် သူတို့ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပိုမို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိလာရမယ်လို့ ယူဆရပါတယ်။ တိုင်းမှူးအသီးသီးဟာ ကိုယ့်နယ်မြေအတွင်း ရွေးကောက်ပွဲအတွင် ပြင်ဆင်မှုအခြေအနေတွေ၊ သူတို့ရဲ့ကြံ့ဖွံ့ပါတီအနိုင်ရနိုင်မှုအခြေအနေ၊ တခြားအင်အားတွေရဲ့အခြေအနေ စတာတွေကို တင်ပြ ဆွေးနွေးကြမယ်လို့လည်း ယူဆရပါတယ်။ ဒီအထဲမှာ တခြားဘယ်ပါတီတွေကို တည်ထောင်ခွင့်ပေးမယ်၊ မပေးဘူးဆိုတာတွေလည်း ပါဝင်မှာမုချပါပဲ။ တဆက်တည်း ဒီအချက်တွေအပေါ်မူတည်ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာမယ့်သဘောရှိပါတယ်။


လောလောဆယ်မှာတော့ နအဖဟာ ပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ရှိခွင့် လျှောက်ထားသူတွေထဲက ကချင် ပြည်နယ်တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတိုးတက်ရေးပါတီနဲ့ ညီညွတ်သောဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ကို တည်ထောင်ခွင့် မပေးသေးဘဲ ထစ်ထားတာ တွေ့နေရပါတယ်။ ဒါဟာ အဲဒီတိုင်းရင်းသားနယ်မြေတွေမှာ သူတို့ကြံ့ဖွံ့အနေနဲ့ ဘယ်လောက်ပဲညစ်ညစ် မနိုင်မှန်းသေချာနေလို့ ညစ်ထားတာ။ လျှောက်လွှာတင်ထားသူတွေ စိတ်ပျက်ပြီး ပြန်ရုပ်သိမ်းသွားအောင် စောင့်နေတာပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး အဲဒီပါတီထောင်ခွင့် လျှောက်ထားတာတွေကို ပယ်ဖျက်နိုင်ဖို့ အကြောင်းပြစရာရှာနေ၊ စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။

အဲဒီအဖွဲ့တွေ စိတ်ပျက်မပျက် မသိရပေမယ့် နဂိုက ရွေးကောက်ပွဲဝင်မဟဲ့လို့ ခါးတောင်းကျိုက်၊ လက်မောင်းပင့်စောင့်နေကြတဲ့ တချို့ပါတီတွေနဲ့ လူတွေကတော့ ဗိုလ်သိန်းစိန်နဲ့ကြံ့ဖွံ့ထွက်လာကတည်းက ခေါင်းငိုက်စိုက်ကျသွားကြတာ တွေ့ရပါတယ်။ သူတို့ဟာ ရှုံးမှာသေချာနေတဲ့ ရွေးကောက်ပွဲအတွက် ငွေတွေအများကြီးသုံးရမှာကို လက်နှေးနေကြပါတယ်။ ဒါ့အပြင် စပေ့စ်ဆိုတဲ့ အသံတွေလည်း အပြောနည်းသွားတာ သတိထားမိပါတယ်။ ဒီအခြေအနေတွေအတိုင်းဆိုရင် ကြံ့ဖွံ့က ပြိုင်ဘက်မရှိ အနိုင်ရမယ့် နေရာတွေ အများကြီးတွေ့လာရဖို့ရှိပါတယ်။

ဒါတွေနဲ့တဆက်တည်း အခုတလော အပြောများလို့ အကြားများရတာကတော့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဘာခြားနားသလဲဆိုတဲ့ကိစ္စပါပဲ။ ဒီအထဲမှာ အခုလုပ်မယ့် ရွေးကောက်ပွဲက ပိုကောင်းတယ်၊ ပိုလွတ်လပ်ပွင့်လင်းမယ်လို့ ပြောတဲ့အသံ မကြားရသလောက်ပါပဲ။ ဒီရွေးကောက်ပွဲကို ရှေ့နေလိုက်ချင်သူတွေတောင်မှ ကောက်ကောက်ထဲက ကွေးကွေးရှာဆိုတဲ့အပြောမျိုး ပြောနေတာကို သတိထားမိကြမှာပါ။

နှိုင်းစရာမလိုတဲ့ ကိစ္စနှစ်ခုကို နှိုင်းတယ်ဆိုတာ သိနေပေမယ့် ပြောတဲ့သူတွေ ပြောနေကြတော့ အချက်အလက်တချို့ ထောက်ပြချင်လာမိပါတယ်။

ဒီရွေးကောက်ပွဲနှစ်ခုဟာ အခြားနားကြီးခြားနားပါတယ်ဆိုတာကို ထောက်ပြစရာအချက်တွေ အများကြီးရှိတဲ့ထဲက အဓိက အကျဆုံးအချက်ကို ထောက်ပြရရင် နအဖ ရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံပါပဲ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲပြီးလို့ နိုင်ခဲ့ရင် ကိုယ့်ဟာကိုယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြမယ်ဆိုတဲ့ (ဗိုလ်စောမောင်ပြောတဲ့စကား) မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲမှာကျတော့ နိုင်တဲ့လူတွေဟာ နအဖစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ လှောင်ချိုင့်ထဲကို ခုန်ဝင်ကြရမှာဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံရဲ့ ကျေးကျွန်ဖြစ်ရုံမက သမိုင်းတရားခံလည်း ဖြစ်မှာပါ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်မှာ အကန့်အသတ်တွေ ကြေညာထားတာ မရှိပါဘူး။ ဒါပေမယ့် ဒီတခါ ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာတော့ နအဖရဲ့ဖွဲ့စည်းပုံ ဥပဒေက ထူးခတ်သလို ခတ်ထားပါတယ်။

အရေးကြီးတဲ့ နောက်ခြားနားချက်တခုကတော့ ၁၉၉ဝ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့တိုက်ပွဲအရှိန်၊ အောင်ပွဲအသီးအပွင့် အဖြစ်နဲ့ ကျင်းပတာဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ ကျင်းပလိုစိတ်မရှိဘဲ ကျင်းပရတာ ဖြစ်ပါတယ်။ လူထုကြီးဟာ ဘာမှထပ်စည်းရုံးဖို့ မလိုလောက်အောင် စည်းလုံးညီညွတ်နေပါတယ်။ နိုင်ငံရေးပါတီတွေဟာဆိုရင်လည်း တစညကို အနိုင်ရရင်ပြီးရောဆိုပြီး မဲမကွဲအောင် အနစ်နာခံ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ အခု ဒီတခါ ရွေးကောက်ပွဲကျတော့ နအဖက သူ့စိတ်ကြိုက်ပြင်ဆင်ပြီး သူ့ဆန္ဒနဲ့သူ ကျင်းပတာဖြစ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ တက်ကြွမှုဆိုတာ သုညအောက်ရောက်နေပြီး အတိုက်အခံတွေကိုလည်း သွေးကွဲအောင် လုပ်ထားပါတယ်။

နောက်တခုက ကြံ့ဖွံ့ပါတီဝင်ပြိုင်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ကြံ့ဖွံ့နဲ့ ၁၉၉ဝ တုန်းက တစညကို တတန်းတည်းထားလို့ မဖြစ် ပါဘူး။ ဟိုတုန်းက တစညဟာ နန်းကျသွားတဲ့ စစ်အုပ်စုကို ကိုယ်စားပြုတာဖြစ်ပါတယ် (ဗမာပြည်က စစ်အုပ်စုတွေရဲ့ သမိုင်းအရဆိုရင် အာဏာနဲ့ကင်းကွာသွားတဲ့ အရင်စစ်အုပ်စုထိပ်သီးဆိုသူတွေဟာ ဘာမှအာဏာမရှိကြရုံမက အာဏာရစစ်အုပ်စုက ရမ်းတဲ့အခါ ကိုယ့်ကိုယမ်းချေးမပန်းအောင် ရှောင်နေရတာပါ)။ သူတို့ရဲ့ လက်ထဲမှာရှိနေတာဟာ မဆလပါတီဆီက အမွေရထားတဲ့ ဥစ္စာ ပစ္စည်းနဲ့ လူထုမုန်းတီးမှုသာ ဖြစ်ပါတယ်။ အာဏာအခွင့်အရေးမရှိပါဘူး။ ဒီနေ့ နအဖရဲ့ ကြံ့ဖွံ့ကျတော့ နအဖက ပုံပေးထားတဲ့ ဓနနဲ့ ရုပ်ဝတ္ထုအပြင် ဝန်ကြီးချုပ်အာဏာကိုင်ထားသူ ကိုယ်တိုင်က ပါဝင်တဲ့အပြင် နောက်ကွယ်မှာ ကြံ့ဖွံ့ အနိုင်ရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ နအဖအစိုးရတဖွဲ့လုံးနဲ့ စစ်တပ်ကြီးရှိနေပါတယ်။

၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ရှစ်လေးလုံးတိုက်ပွဲကြီးရဲ့ အရှိန်အဝါတွေ တဟုန်းဟုန်းတောက်နေဆဲဖြစ်တဲ့အလျောက် ဒီမိုကရေစီ လေထုဟာ လူထူအကြားမှာ ရှင်သန်ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အဲဒီတုန်းက အမျိုးသားဒီမိုကရေစီအပါအဝင် နိုင်ငံရေးအင်အားစုတွေကို စော်ကားမော်ကားပြောရဲတာ၊ နဝတအစိုးရကို ကာကွယ်ရေးသားပြောဆိုတယ် ဆိုတာတွေဟာ မရှိသလောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ သစ္စာဖောက်-ခြံကူးပေါင်းစုံအပြင် အကျိုးအမျိုးမျိုးကို မျှော်ကိုးနေသူတွေဟာ နအဖဘက်ကနေ သဘောတရား ခင်းပေးတာ၊ ဆင်ခြေဆင်လက်ရှာပေးတာ၊ နအဖက မကြိုက်သူတွေကို ဆဲရေးတိုက်ခိုက်တာတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် ၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ပြည်ပနိုင်ငံတွေ၊ အစိုးရတွေဆီက အယူအဆရှုပ်ထွေးစရာ ပြောဆိုလုပ်ကိုင်တာတွေ မတွေ့ရသလောက်ဖြစ်ပြီး အခုတော့ အန်ဂျီအိုအမျိုးမျိုးက အယူအဆအမျိုးမျိုး ပြောနေတာတွေ ရှိသလို နိုင်ငံခြားရေးဝန်ကြီးပေါင်းးစုံ၊ အမတ်ပေါင်းစုံကလည်း သဘောထားတွေ အမျိုးမျိုးဖော်ပြနေကြပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ တကောင်ထဲပြိုင်တဲ့ မြင်းလိုဖြစ်မယ့် ကြံ့ဖွံ့ပါတီအဖို့ မဆလလိုလွှတ်တော်ထဲမှာ လွှမ်းမိုးဖို့ ဆိုတာ ဘာမှမခက်ပါဘူး။ သူတို့မျက်နှာထူရင်ထူသလောက် အမတ်နေရာရယူလို့ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်၊ ရွေးကောက်ပွဲရလဒ် စတာတွေနဲ့ပတ်သက်လို့ ဘာမှစိတ်ဝင်စားစရာမလို၊ ဂရုစိုက်စရာမလိုပါဘူး။ မဆလခေတ်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုပြီး နောက်မှ အလုပ်သမားတွေကို သတ်တာ၊ ဦးသန့်အရေးအခင်းလိုရမ်းကားတာ စတာတွေပေါ်လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ စိတ်နေသဘောထားကို အရပ်ဝတ်လဲလိုက်တာနဲ့ ပြောင်းသွားလိမ့်မယ်ထင်တဲ့ လူလောက် နုံအတာ လောကမှာ မရှိတော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် တိုက်ပွဲဂွင် (ခွင်) မဟုတ်ပါဘူး။ ဒင်းတို့ရဲ့ စားခွက်လုပွဲသက်သက်သာဖြစ်ပါတယ်။






မုံရွာ ချင်းတွင်းရတနာ ဈေးကြီး မီးလောင်

ထွန်းထွန်း

မုံရွာမြို့ရှိ ချင်းတွင်း ရတနာ ဈေးသစ်ကြီး ယနေ့ နံနက်က မီးလောင်ကျွမ်းသဖြင့် ဆိုင်ခန်းပေါင်း ၄၀၀ ကျော် မီးထဲပါသွားပြီး သန်းပေါင်း ၇၀၀ နီးပါး ဆုံးရှုံးသွားသည်ဟု သတင်းရရှိသည်။

မီးကို ပုလဲ၊ မြင်းမူ၊ အလုံ၊ ဆားလင်းကြီး တို့မှ မီးသတ်ကား များလာရောက်ကာ ၀ိုင်းဝန်း မီးငြိမ်း သတ်ခဲ့သည်ဟု သိရသည်။

“မီးစလောင်တာက လျှပ်စစ်မီးက လျှော့ဖြစ်ပြီး ကြိုးတွေကတဆင့် မီးစလောင်တာ ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်တဲ့ အချိန်မှာလူ တွေကလည်း အိပ်ပျော်နေတဲ့ အချိန်ဖြစ်တဲ့အတွက် ချက်ချင်း လောင်ကျွမ်းသွားတာ ဖြစ်ပါတယ်။ မီးစလောင်တာနဲ့ ပေါက်ကွဲ သံတခုကြားလိုက်ရတယ်။ ပီးရင်မီးက တဟုန်ထိုး ထလောင်တာ ဖြစ်ပါတယ်” ဟု ဈေးအနီးရှိ ဒေသခံတဦးကပြောပြသည်။


နံနက် ၉ နာရီခန့်မှ မီးညွန့်ကျိုးကျသွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ဆိုင်ခန်း ၁၀၀ ကျော် မီးထဲမှ ကင်းလွတ်ခဲ့သည်ဟု သိရသည်။ အများစု ဈေးဆိုင်ပိုင်ရှင်များမှာ မီးနှင့် အတူ အပူမီးလောင်မြိုက်ကာ ပူဆွေး ငိုယိုနေကြသည်ဟု သိရသည်။

လွန်ခဲ့သော မေလ ၂၄ ရက်နေ့ ကလည်း ရန်ကုန်မြို့ မင်္ဂလာဈေးကြီး မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၈၄၅ ခန်းမီးထဲပါသွားခဲ့သည်။

ထိုင်းက မြန်မာ့နွားဈေး

သန်းထိုက်ဦး

နွားသိုးတွေနဲ့ ကျွဲတွေကို မြေဧက ၃၀ ကျော်ရှိတဲ့ ကွင်းကြီးထဲကနေ ၁၈ ဘီး ကားကြီးတွေပေါ်ကို အုပ်စုလိုက် အတင်းအကျပ် မောင်းတင်နေချိန်မှာ နွားတွေကို ၀ါးခြမ်းပြားနဲ့ တဖြန်းဖြန်း ရိုက်နေတဲ့ အသံ၊ အော်နေ၊ ငေါက်နေသံနဲ့ နွားအော်သံတွေ ဆူညံနေပါတယ်။

ဒီနေရာ လေးကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က နွားဈေးကွက်ပါ။ မြန်မာနိုင်ငံ တဝန်းက နွားနဲ့ ကျွဲတွေကို ကရင်ပြည်နယ် မြ၀တီမြို့ တဘက်ကမ်းက တဆင့် မဲဆောက်မြို့ကို ရောက်အောင် လာရောက် တင်သွင်း ရောင်းချတဲ့ နေရာပါ။ ဒီနွားဈေးကွက် နေရာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က စတင်ခဲ့တယ် လို့ နွားကုန်သည်များက ဆိုပါတယ်။

တပတ်အတွင်း သောကြာနဲ့ စနေနေ့ ၂ ရက်မှာ ရောင်းသူနဲ့ ၀ယ်သူ အဆင်ပြေပြီဆိုရင် တနင်္ဂနွေနေ့ တရက်ပဲ နွားဈေးကွက် ကနေ ကားပေါ် တင်ခွင့်ပြုထားတာကို တွေ့ရပါတယ်။

တနင်္ဂနွေနေ့က အစည်ကားဆုံး ရက်ပါ။ ခိုင်းနွားအိုကြီးတွေ၊ နွားငယ်တွေနဲ့ သားပေါက်မယ့် နွားမတွေပါမကျန် အရွယ်အစားလိုက် ရှိပါတယ်။ ကာကွယ်ဆေးထိုးပြီးသားလို့ပြောတဲ့ နွားတွေကို နားရွက်ဖျားတွေမှာ အပေါက်ဖောက်ပြီး ရောင်စုံ ပလပ်စတစ် ကပ်ပြား ငယ်လေးတွေ ချိပ်ဆွဲပေးထားပါတယ်။

နွားဈေးကွက်ရဲ့ ကွင်းကြီးထဲမှာ ကောင်ရေ ၁၀၀၀ နီးပါးလောက် ရှိတဲ့ ကျွဲနဲ့ နွားတွေကို နေရာအလိုက် ဟိုတစု၊ ဒီတစု ချည်တုပ် ထားတာ တွေ့ရ သလို၊ နွားတွေကို ကာကွယ်ဆေး ထိုးပေးတဲ့ အဆောက်အဦတွေ၊ စားသောက်ဆိုင်တွေ ကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် ချက်ချင်းပေါ်၊ ချက်ချင်း ခုတ်ထစ်ပြီး သွေးသံရဲရဲနဲ့ လတ်လတ်ဆတ်ဆတ် ရောင်းချနေတဲ့ အမဲဆိုင်တွေလည်း ရှိတယ်။ အဲဒီ အမဲ သားတွေကိုတော့ နွားဈေးနား တ၀ိုက်မှာ နေထိုင်သူတွေ ၀ယ်စားကြပါတယ်။

နွားဈေးထဲမှာ နွားကုန်သည်၊ နွားပွဲစား၊ နွားအ၀ယ်တော် သူဌေးနဲ့ နွားပွဲလောင်းသူတွေက ဆူညံနေပြီး ဗွက်နံ့၊ နွားချေးနံ့၊ နွားသေးနံ့တွေနဲ့ ကြိုင်လှောက်နေပါတယ်။ အဲဒီနေရာမှာ နွားဝှေ့ပွဲတွေလည်း ကျင်းပလေ့ရှိတဲ့အတွက် အလောင်းအစား ကြေးထပ် နေကြတာ ကိုလည်း တွေ့ရပါတယ်။

နွားခြံတွေထဲမှာ ဆောက်လုပ်ထားတဲ့ တဲအိမ်ကလေး တလုံး အနီးအနားကို ရောက်သွားချိန်မှာတော့ နွားတကောင်က လမ်း မလျှောက်နိုင်တဲ့အတွက် ကြိုးနဲ့ တရွတ်ဆွဲခေါ်နေတာကို တွေ့လိုက်ရပါတယ်။

ဒီ နွားဈေးကွက်ထဲကို ရောက်လာအောင် နွားတွေကို ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ ပဲခူးတိုင်းကနေ လိုက်ဝယ်ပြီး နယ်စပ် ကနေ တဆင့် တင်ပို့ ကြရတယ်လို့ နွားကုန်သည်တွေက ဆိုပါတယ်။

“ဒီဈေးကွက်မှာ အရောင်းအ၀ယ် မမှန်ဘူး၊ တခါတလေ အရောင်းအ၀ယ်က ကျတယ်၊ ဒီတပတ်နဲ့ပါဆို ဈေးတွေ အရမ်းထိုးကျတာ သုံးပတ်လောက်ရှိပြီ” လို့ မြန်မာနိုင်ငံသား နွားကုန်သည်တဦးက ပြောပါတယ်။

နွားဈေး အရောင်းအ၀ယ် မကောင်းရတဲ့ အကြောင်းကတော့ ဟင်းသီး ဟင်းရွက်နဲ့ အသားငါး ပေါလာတဲ့အတွက်ကြောင့်လို့ သူက ရှင်းပြတယ်။

နွားတကောင်ရဲ့ ဈေးနှုန်းကတော့ အနည်းဆုံး ထိုင်းဘတ် ထောင် ဂဏန်း (ကျပ် ၃၀၀၀၀) ၀န်းကျင် ကနေ ဘတ် ၁၀၀၀၀ ကျော် (ကျပ် ၃၀၀၀၀၀) ဝန်းကျင်အထိ ဈေး ရှိပါတယ်။ တချို့ နွားသိုးတွေ၊ တိုက်နွားတွေဆိုရင် အရည်အချင်း ကောင်းရင် ကောင်းသလို တကောင်ကို ဘတ် သိန်းဂဏန်း (ကျပ် သိန်း ၃၀) လောက်အထိ ဈေးရပါတယ်။

ဒီဈေးကွက်ထဲက နွားတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်မှာရှိတဲ့ ဆူခိုထိုင်း ခရိုင် နွားဈေးကွက်ကို တင်ပို့ရောင်းချနေတာ ရှိသလို ဖိဆန်နုလွတ် ဈေးကွက်ကိုလည်း တင်ပို့ကြတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာဆို နတ်ခွန်ဆဝမ် ခရိုင်၊ ဘန်ကောက်မြို့ တွေကိုလည်း တင်ပို့ရောင်းချပါတယ်။

ဆူခိုထိုင်း ခရိုင်က နွားလာဝယ်တဲ့ ထိုင်းနိုင်ငံသား စွန်ဆက်က “ဒီဈေးမှာ ကျနော် တပတ်ကို နွားအကောင်ရေ ၈၀ လောက် လာဝယ်တယ်။ ဒီနွား တွေကို ဆူခိုထိုင်း မှာ တလခွဲလောက် ပြန်မွေး ပြီးတော့ အသားဈေးတွေမှာ ရောင်းပါတယ်။ နောက် ဘန်ကောက်မြို့က အသား ဈေးကွက်တွေကိုလည်း တင်ပို့ရောင်းချပါတယ်” လို့ ပြောပြပါတယ်။

မြန်မာပြည်က ကျွဲ၊ နွား တွေကို ထိုင်းနိုင်ငံက အသားဈေးကွက်ထဲမှာ ရောင်းချ အသုံးပြုနေတာ ရှိသလို၊ အသားလုံး ပြုလုပ်တဲ့ စက်ရုံတွေမှာလည်း အသုံးပြုပါတယ်။

ဘန်ကောက်မြို့က နွားလာဝယ်တဲ့ ထိုင်းအမျိုးသား တဦးက “ဒီနွားတွေကို ၀ယ်သွားပြီးတော့ ဘန်ကောက်မှာရှိတဲ့ နွားသတ် ရုံတွေမှာ အသားလုံး လုပ်ပြီး ပြန်ရောင်းတယ်။ အပတ်တိုင်း ဒီနွားဈေးမှာ တခေါက်ကို အကောင် ၄၀ ကျော် လာဝယ်ပါတယ်” လို့ ပြောပါတယ်။

ထိုင်း-မြန်မာနယ် နယ်စပ်ဂိတ်တွေထဲမှာ မဲဆောက်မြို့က ကုန်တင်ပို့မှု အကြီးဆုံး ဂိတ် တခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေရှိသလို၊ မြန်မာနိုင်ငံကနေ ထိုင်းကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကတော့ စိုက်ပျိုးရေး ကုန်ဖြစ်တဲ့ ဆန်၊ ငရုပ်၊ ကြက်သွန် အပြင် ကျွဲ၊ နွား ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန်တွေလည်း ပါပါတယ်။

ထိုင်းနိုင်ငံကနေ တဆင့် မြန်မာနိုင်ငံထဲကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကတော့ တလမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) လောက်ရှိပြီး မြန်မာနိုင်ငံကနေ ထိုင်းကို တင်ပို့တဲ့ ကုန်ပစ္စည်း တန်းဖိုကတော့ ဘတ်သန်း ၁၀ ဂဏန်း (ကျပ် သန်း ၃၀၀) လောက်ပဲ ရှိပါတယ်။

အရောင်းအ၀ယ် ပြီးသွားတဲ့အတွက် ကျွဲတွေ၊ နွားတွေ အပြည့်အကျပ် တင်ထားတဲ့ ကားတွေဟာ တစီးပြီး တစီး ထွက်ခွာ သွားနေပါပြီ။ သူတို့ရဲ့ ခရီးဆုံးကတော့ နွားသတ်ရုံ ဒါမှမဟုတ်ရင် မွေးမြူရေးခြံတွေပဲပေါ့။


ယနေ့ မြန်မာ့ရေးရာ သတင်းများ June,4th,2010

( 33 )National Library Goes in Regime's Latest Property Sale

( 32 )အိမ်ပြင်ဆင်ရေး ကိစ္စ ဒေါ်စုနှင့် ရှေ့နေများတွေ့ဆုံ

( 31 )Protest against Military Election in Burma

( 30 )မလေးရှားတွင် ထိမ်းသိမ်းခံ မြန်မာ ၆ ဦး ပြန်ပို့မည်

( 29 )North Korea helps Burma begin nuclear weapons program

( 28 )ကျောက်မျက်ဈေးကွက် ပျက်၊ ရွှေဈေးတက်

( 27 )US concerned over Burma's military ties with N.Korea

( 26 )Desperate plight of Burma's Rohingya people

( 25 )စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပြောင်းလဲ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း

( 24 )UN Group to Begin Child Soldier Information Campaign

( 23 )ခိုးကူးခွေ ရောင်းပါက ထောင် (၃) နှစ်

( 22 )Report says Burma is taking steps toward nuclear weapons program

( 21 )သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အလံ နှင့် ဆိုင်းဘုတ်တင်ပွဲကျင်းပ

( 20 )Myanmar nuclear arms drive under way

( 19 )ရှန်ဟိုင်းနိုင်ငံတကာ ကုန်စည်ပြပွဲတွင် မြန်မာပြခန်းဖွင့်လှစ်

( 18 )Myanmar beginning a nuclear weapons program

( 17 )တရုတ် ၀န်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီး မြန်မာ့နိုင်ငံရေး ဆွေးနွေး

( 16 )Myanmar seeking nuclear weapons

( 15 )Burma's nuclear weapons intent 'clear and disturbing'

( 14 )စစ်အသုံးစရိတ် နေပြည်တော် ပိုသုံးမည်

( 13 )CNPC breaks ground on China-Burma line

( 12 )ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလဲ

( 11 )မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အမေရိကန် စိုးရိမ်

( 10 )Burma, N Korea 'worst rights violators'

( 9 )Burma tops 'worst of the worst' list of human rights violators

( 8 )ဂျင်မ်ဝက်ဘ် မြန်မာခရီးစဉ် ဖျက်သိမ်း

( 7 )NLD predicts rise in US-Burma tensions

( 6 )နျူကလီးယား သံသယကြောင့် မြန်မာနိုင်ငံကို လောလောဆယ် မသွားသင့်

( 5 )Fire destroys 400 shops in Burma

( 4 )ဂျင်မ်ဝက်ဘ် လာမည့်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် မသိ

( 3 )Burma’s Trade Council

( 2 )တရုတ်ဝန်ကြီးချုပ် မြန်မာခရီးစဉ် အဆုံးသတ်

( 1 )U.S. senator cancels Myanmar trip over North Korea links

Thursday, June 3, 2010

ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံ တက်ရန် ပြင်ဆင်

သန်းထိုက်ဦး Thursday, June 03, 2010

ဒေါ်အောင်ဆန်း စုကြည်နှင့် ရှေ့နေဖြစ်သူများသည် အထူးအယူခံ တက်ရန်အတွက် ပြစ်မှုဆိုင်ရာ လျှောက်လဲချက်များကို ယနေ့ ဆွေးနွေးခဲ့ကြောင်း ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဆိုသည်။

ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ နေ့လယ် ၁၂ နာရီ ကျော်မှ ၃ နာရီ အထိ သွားရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်နေမှု အတွက် တားဝရမ်း ထုတ်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဦးတိုက် လျှောက်ထားခြင်းကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ် လိုက်ရာ အယူခံ ဆက်တက် ထားသည့် ကိစ္စများ ကိုလည်း ဆွေးနွေး ခဲ့ကြောင်းလည်း ၎င်းဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်နှစ် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ် တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရသည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်များကို တင်သွင်းခြင်း ဖြစ်သည်။



အမေရိကန် လွှတ်တော်အမတ် ခရီးစဉ် ရွှေ့ဆိုင်း

NEJ / ၀၃ ဇွန် ၂၀၁၀

မြန်မာနိုင်ငံသို့ ဇွန် (၄) ရက်တွင် သွားရောက်မည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ၎င်း၏ ခရီးစဉ်ကို ရုတ်တရက် ယနေ့ရွှေ့ဆိုင်းလိုက်သည်။

ထိုသို့ရွှေ့ဆိုင်းလိုက်ရသည့်အကြောင်းမှာ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယား အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်နေသည့်ဆိုသည့် စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်လာသည့်အတွက်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။

ယနေ့ထုတ်ပြန်သည့် သတင်းများအရ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယား အစီအစဉ်တခု လုပ်ဆောင်နေကြောင်း ခန့်မှန်းရသောကြောင့်ဖြစ်သည်ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ပြောဆိုစွပ်စွဲမှုများ ထွက်ပေါ်နေပြီး ရှင်းရှင်းလင်းလင်း မရှိသေးခြင်းကြောင့် နဂိုရည်ရွယ်ချက်အပေါ် ဆန့်ကျင်ဘက်သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် မြန်မာနိုင်ငံသို့ သွားရောက်ရန် မသင့်တော်သေးကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောကြားသည်။

အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ အာရှနှင့်ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဂျင်မ်ဝက်ဘ်သည် ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့သို့ အလည်အပတ်ရောက်ရှိပြီးနောက် မြန်မာ နိုင်ငံ သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို အရေးယူပြီ

တက်လူ / ၀၃ ဇွန် ၂၀၁၀

သတင်း ထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန် မှုပြုလုပ် ခဲ့သည့် ရုပ်ရှင် မင်းသမီး ထက်ထက်မိုးဦး ကို ရန်ကင်း မြို့နယ် တရား ရုံးက ပြစ်မှုကျင့် ထုံးပုဒ်မ ၂၀၄ (၁) အရ ယနေ့ အရေးယူ လိုက်ကြောင်း ဆဲဗင်းဒေး သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံက ပြောသည်။

၎င်းက “အမှုနဲ့ပတ်သက်ပြီးတော့ ဒီနေ့ တရားရုံးကနေပြီးတော့ မြို့နယ်တရားသူကြီး ဦးနေအောင်က ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၂၃ / ၅၀၆) ပထမပိုင်းအရ အရေးယူလိုက်ပြီလို့ ပြောပါတယ်” ဟု ဆိုသည်။

ပုဒ်မ (၃၂၃) သည် နာကျင်စေမှုဖြစ်ပြီး ပုဒ်မ (၅၀၆) ပထမပိုင်းသည် ခြိမ်းခြောက်ပြောဆိုမှုဖြစ်ကြောင်း သိရသည်။

ထက်ထက်မိုးဦးက တရားရုံးသို့ လာရောက်ခြင်းမရှိသည့်အတွက် သမ္မန်စာဆင့်ခေါ်ထားကြောင်း၊ (၃) ကြိမ်အထိ မလာရောက်ပါက တရားဥပဒေအတိုင်း ဆက်လုပ်သွားမည်ဖြစ်ကြောင်း မအေးသူစံက ပြောသည်။

အမှုကို ဇွန်လ (၁၇) ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီ မအေးသူစံဘက်မှ အကျိုးဆောင်ရှေ့နေမှာ တရားရုံးချုပ်ရှေ့နေ ဦးသန်းထွန်းအောင်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တရားရုံးရောက်ရသည့်အဖြစ်နှင့်ပတ်သက်၍ မအေးသူစံက “ကျမတသက်နဲ့တကိုယ် ဒီလိုမျိုး ရုံးရောက်လောက်တဲ့အထိတော့ မမျှော်လင့်မိပါဘူး။ ကျမတို့ သတင်းထောက်အလုပ်ဆိုတာ ဒီလိုရုံးတွေ ဂတ်တွေနဲ့တော့ နီးစပ်တယ် ပြောရမှာပေါ့။ အခုလိုမျိုး တရားရုံးကို ရောက်ရတယ်ဆိုတာလည်း ကျမအနေနဲ့ ကြားထဲကနေပြီးတော့ စာပေနဲ့စာနယ်ဇင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေပြီးတော့ သူနဲ့ကျမကို ကြားဝင်ညှိနှိုင်းပေးတယ်။ ကျမဘက်ကလည်း ကျမလိုက်လျောနိုင်တဲ့ အတိုင်းအတာကို ပြောလိုက်တယ်ပေါ့။ သူ့ဘက်က လိုက်လျောခြင်းမရှိတဲ့အတွက် တရားဥပဒေ လမ်းကြောင်းတခုပဲ ရှိတော့တဲ့အတွက် ဒီလမ်းကြောင်းကိုပဲ ဆက်လုပ်ရမယ့်ပုံစံ ဖြစ်သွားတာပါ” ဟု ပြောဆိုသည်။

ပြီးခဲ့သည့်လ (၁၉) ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ဂျွန်ဆင်စ် ဘေဘီ အလှကုန် ပရိုမိုးရှင်းပွဲပြုလုပ်ရာ Ball Room တွင် မင်းသမီး ထက်ထက်မိုးဦးအား 7Day News ဂျာနယ် မှ မအေးသူစံက အင်တာဗျုး ပြုလုပ်ပြီးနောက် မေးသော မေးခွန်းအပေါ် မကျေမနပ်ဖြစ်ကာ ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့သည်အပေါ် ရန်ကင်းမြို့နယ်တရားရုံးတွင် သတင်းထောက် မအေးသူစံက ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

“သူ့ရဲ့ တုံ့ပြန်မှုကတော့ ကျမခံစားရသလောက် အရမ်းကို တာဝန်မဲ့လွန်းတယ်လို့ ထင်ပါတယ်” ဟု မအေးသူစံက ပြောသည်။

ပုဒ်မ (၃၂၃) အရ ထောင်ဒဏ် (၁) နှစ်နှင့် ငွေဒဏ် (၁,၀၀၀) ကျပ်၊ ပုဒ်မ (၅၀၆) အရ ထောင်ဒဏ် (၂) နှစ် ချမှတ်နိုင်ကြောင်း ဥပဒေရေးရာကိုကိုးကားပြီး ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက ပြောကြားသည်။


မယ်လဒုက္ခသည်စခန်းအတွင်း သွေးလွန်တုပ်ကွေးကြောင့်သေဆုံးသူ ၄ ဦးရှိ

ဇော်ကြီး။

ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ယခုနှစ်အတွင်း သေဆုံးသူ ၄ ဦးရှိသည်။


သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ် နှစ်ဦးအပါအ၀င် လေးဦးသေဆုံးသည်ဟု မယ်လ ဆေးရုံတာဝန်ခံ ဆရာစောနေဆဲက ပြောသည်။

“၂၀၁၀ ဇန်န၀ါရီကနေပြီး မေအထိပေါ့နော်၊ ကျနော်တို့ သွေးလွန်တုပ်ကွေးဖြစ်တဲ့လူနာက ၄ ယောက် သေတယ်။” ဟု ပြောသည်။

ယမန်နှစ်သြဂုတ်လမှစတင်၍ ယခုအချိန်အထိ ယင်းရောဂါဆက်လက်ဖြစ်ပွားနေပြီး ယမန်နှစ်က သေဆုံးသူ မရှိ သော်လည်း ယခုနှစ်အတွင်း သေဆုံးသူများအနက် ကလေးငယ်နှစ်ဦး ပါဝင်သည်ဟု ၎င်းကဆက်ပြောသည်။

ယမန်နှစ် ဇူလိုင်လဆန်းမှစ၍ ဒီဇင်ဘာလအထိ ရောဂါဖြစ်ပွားသူ ၁၆၆ ဦးရှိပြီး ယခုနှစ် ဇန်န၀ါရီလမှစ၍ မေလအ ထိ ၃၈၁ ဦးရှိသည့်အနက် သေဆုံးသူ ၄ ဦး ရှိခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါအား အဆင့်သုံးဆင့်သတ်မှတ်ထားပြီး ပထမ အဆင့်နှစ်ဆင့်ကို စခန်းတွင်း၌သာ ကုသ ပေးပြီး တတိယအဆင့်ရောက်သူများကို မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေသည်။

ခြင်ကိုက်ရာမှ ရောဂါဖြစ်ပွားရပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိရောက်သည့် ကာကွယ်မှုမျိုး မပေးနိုင်သလို စခန်းတွင်းနေထိုင်သူများ၏ ဗဟုသုတ နည်းပါးမှုကြောင့် ယခုလို ကြာရှည်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆရာ စော နေဆဲက ပြောသည်။

“ဆေးဖျန်းတဲ့အဖွဲ့တွေက ကမ့်ထဲမှာဆေးဖျန်းတဲ့အချိန်မှာ ထိရောက်မှုတွေလည်း သိပ်ပြီးမှမရှိဘူးပေါ့။ တချို့ကလူထုတွေက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုးကာကွယ်ရမလဲ ဆိုတာ သူတို့မသိသေးဘူး။ ဥပမာ ခြင်ကိုက်တာက ဘယ်လိုမျိုးကာကွယ်ရမလဲပေါ့။”

ယခုနှစ် ခြောက်သွေ့ရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ရက်သတ္တ တစ်ပါတ်လျှင် ၂၀ ဦးခန့်ရှိပြီး မိုးရာသီတွင် ပိုဖြစ်လာနိုင်သဖြင့် စိုးရိမ်ရသည်ဟု စောနေဆေးက သုံးသပ်ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ် ရောဂါဖြစ်ပွားခဲ့စဉ်က သုံးလခန့်သာ ကြာမြှင့်ခဲ့ပြီး ထိရောက်သည့် ကာကွယ်မှုပြုလုပ် နိုင်ခဲ့၍ သေဆုံးသူမရှိခဲ့ပေ။

မယ်လဒုက္ခသည် စခန်းအတွင်း သွေးလွန်တုပ်ကွေးအပြင် ယခုကာလ၀မ်းရောဂါ ဖြစ်ပွား သူ ၂၀ ကျော်ပြီး နှစ်ဦး မှာ အခြေအနေစိုးရိမ်ရသည်ဟု ဆေးရုံတာဝန်ခံက ပြောသည်။



ထိုင်းမြန်မာနယ်စပ်မှ ပြည်တွင်းသို့ဝင်သည့် လိုင်စင်မဲ့ ကားများ ဖမ်းဆီးခံရ

ဇော်ကြီး။

ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့မှ ရန်ကုန်သို့ တင်သွင်းနေသည့် တရားမ၀င် လိုင်စင်မဲ့ ကားများအား ကရင်ပြည် နယ်၊ ကော့ကရိတ်မြို့ အ၀င်ဂိတ်တွင် ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု မြ၀တီမြို့ခံများက ပြောသည်။


မြ၀တီမြို့နယ်အတွင်းတာဝန်ကျနေသည့် ဗျူဟာ ၃၅၃ လက်အောက်ခံတပ်မှ မြ၀တီနှင့် ကော့ကရိတ်အကြား ယာယီဂိတ်များဖွင့်ပြီး လိုင်စင်မဲ့ ကားများကို အခွန်ကောက်၍ လွှတ်ပေးနေသည့်အပေါ် ကော့ကရိတ်မြို့နယ်မှူးမှ မကျေနပ်သည့်အတွက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အဲဒီနေပြည်တော်အဖွဲ့တွေ မလာခင် ဗျူဟာကပိုက်ဆံယူပြီးတော့ လွှတ်တဲ့ကိစ္စနဲ့ပတ်သက်လို့ မကျေ နပ်လို့ပေါ့နော် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှူးကိုယ်တိုင် ဖမ်းပစ်လိုက်တာ ကား(၁၀)စီး။ ၂၇ ရက်နေ့က။”

ဖမ်းဆီးမှုများကို လွန်ခဲ့သည့်မေလ ၂၀ ရက်နေ့ခန့်မှ စတင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဖမ်းဆီး ထားသည့် လိုင်စင်မဲ့ ကားအစီးနှစ်ဆယ်ခန့်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

တရားမ၀င် လိုင်စင်မဲ့ ကားများကို ဖမ်းဆီးနိုင်ရန် နေပြည်တော်မှ အထူးတပ်ဖွဲ့ တစ်ဖွဲ့လွန်ခဲ့သည့် သုံးရက်က မြ၀တီမြို့သို့ရောက်ရှိနေပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်။

ထိုအဖွဲ့မရောက်ရှိမီရက်ပိုင်းခန့်အလိုမှစ၍ ဒေသခံတပ်မှဖွင့်ထားသည့်ယာယီဂိတ်များကို ပြန်ရုတ်သိမ်းထားသည် ဟု သတင်းရရှိသည်။

ယင်း လိုင်စင်မဲ့ ကားများမှာ စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့၏ အမည်ခံပြီး ကုန်သည်များက ၀ယ်ယူအသုံးပြုနေကြ သည်ဟု အခြားမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

“တချို့ကအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ အကြံအဖန်လုပ်ကြတာပေါ့နော်။ အဲဒီလိုကား မျိုးတွေကို ဖမ်းတာ။ ရှင်းရှင်းပြောရရင်ဗျာ၊ ကျနော်က သူဌေး။ ကျနော်ဝယ်တယ်။ ပြီးတော့ အဖွဲ့အစည်းကို အပ် ပေးလိုက်တယ်။ အဲတာ သူ့ကားပုံစံမျိုးနဲ့ လုပ်ပြီး အောက်ဆင်းတယ်။ အဲတာမျိုးတွေ။”

အာဏာပိုင်အဖွဲ့များအတွင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဝေစုမတည့်သည့်အခါများတွင် ယခုလို ဖမ်းဆီးမှုများရှိတတ်ပြီး ဖမ်းဆီးမှုကြောင့် ကားအရောင်းအ၀ယ်ထိုင်းသွားသည်ဟု ကားပွဲစားတစ်ဦးက ယခုလိုပြောသည်။

“တစ်ယောက်ကစားရ တစ်ယောက်က မစားရဘူး။ အဲလိုပေါ့။ ပိုင်တဲ့သူတွေတော့သွားနေကြတာပါပဲ။ ပိုက်ဆံပေးပြီးတော့ သွားလို့ရတယ်လေ။ ရတဲ့သူရ၊ မရတဲ့သူလည်းမရပေါ့။ တချို့ကဟိုလက်မှတ်တို့ တချို့ကဒီလက်မှတ်တို့ ကိုင်ထားတဲ့သူတွေပေါ့။ အောက်မှာ ကားဖမ်းသံကြားတော့ ဒီမှာ ကျနော့်ကား လည်း ရောင်းမထွက်တော့ဘူး။”

ကား၊ ဆိုင်ကယ်ပွဲစားများသည် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို ထိုင်းနိုင်ငံတွင် ၀ယ်ယူပြီး မြ၀တီမှ တဆင့် ပြည်တွင်းသို့ တရားမ၀င်သည့် နည်းအမျိုးမျိုးဖြင့် သယ်ယူ ပို့ဆောင်မှု များ ပုံမှန်ပြုလုပ်လျှက်ရှိသည်။


အင်တာနက်လိုင်း နှေးကွေးမူကြောင့် သုံးစွဲနုန်း အလွန်အမင်းလျော့ကျ

မိညို

ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံမှ မြို့တချို့တွင် အင်တာနက် လိုင်းများ နှေးကွေးသည့် အပြင် သုံးမရ ဖြစ်နေသဖြင့် အင်တာနက် သုံးစွဲသူ အရေအတွက် အလွန် လျော့နည်းသွားကြောင်း အမည်မ ဖေါ်လိုသူ အင်တာနက်ဆိုင်ဖွင့်ပြီး စီးပွားရေး လုပ်ကိုင်နေသူ လူငယ် တဦးက ပြောသည်။

“ မေလ ၂၈ ရက်နေ့က စပြီးတော့ အင်တာနက်လိုင်းတွေ တော်တော့ကို နှေးကွေးသွားတယ်။ ကျွန်တော်တို့ ဆိုင်မှာ အင်တာနက်လိုင်း က လာတော့ လာပါတယ်။ ဒါပေမယ့် ပုံမှန်လို မဟုတ်တော့ သုံးစွဲသူတွေက အချိန် အကြာကြီး စောင့်ရတယ်။ သတင်းတွေ ဖတ်မယ်- စာပို့မယ် ဆိုရင် အချိန်အကြာကြီး စောင့်ပီးမှ အဆင်ပြေတယ်။ နောက်နေ့တွေမှာ တဖြည်းဖြည်းနဲ့ သုံးစွဲသူက လုံးဝကို လျော့ကျ သွားတယ်။ အခုတော့ စီးပွားရေး ထိခိုက်နေရပီ ဖြစ်ပါတယ်” ဟု ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ၏ လူထု ၀န်ဆောင်မူ လုပ်ငန်းများထဲတွင် အင်တာနက်ဆိုင်များ ဖွင့်လှစ်ခြင်းသည်လည်း တွက်ခြေကိုက်သော စီးပွားရေးလုပ်ငန်း တခု ဖြစ်သဖြင့် ရန်ကုန်နှင့် မန္တလေးမြိုကများ၌ သာမက နယ်မြို့များတွင်လည်း အင်တာနက်ဆိုင်များကို စီးပွားရေး အရ ဖွင့်လှစ်ပြီး လုပ်ကိုင် လာကြသည်ဟုသိရသည်။

ထိုသို့ စီးပွားရေး အရ အင်တာနက်ဆိုင်များ ဖွင့်လှစ်ပြီး လုပ်ကိုင် စားသောက်နေရသော်လည်း အင်တာနက်လိုင်းများ နှေးကွေးလာသဖြင့် သုံးစွဲသူများ အပေါ် အားနာစရာ ဖြစ်နေကြောင်း တခြား ဆိုင်ပိုင်ရှင် တဦးကလည်း ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့လည်း စီးပွားရေး လုပ်လို့သာ လုပ်နေရတာပါ။ သုံးစွဲတဲ့ လူတွေကို အထူး အားနာစရာ ဖြစ်နေပါတယ်။ မေးလ် တစောင် ဖွင့်ဖို့ အတွက် အချိန်ယူပြီး စောင့်နေရတယ်။ ခုလို သုံးစွဲတဲ့ သူတွေ အခက်အခဲ ဖြစ်နေတဲ့ အတွက် လိုင်းမကောင်းကြောင်းကို သွားပီး အကြောင်း ကြားရင်လည်း လာပြုပြင်ပေးတာ မရှိပါဘူး။ ဒါပေမယ့် လိုင်းကြေးကိုတော့ ပုံမှန် ပေးဆောင် နေကြရပါတယ်။”

ထိုသို့ အင်တာနက်လိုင်းများ နှေးကွေးမူနှင့် အတူ လျှပ်စစ်မီးမှာလည်း ပုံမှန် မလာသဖြင့် ပုဂ္ဂလိက မီးစက်များကို အချိန်အကြာကြီး အသုံးပြုရသဖြင့် အင်တာနက်ဆိုင်ပိုင်ဆိုင်များမှာ စီးပွားရေး အရ တွက်ခြေမကိုက် ဖြစ်နေသည်ဟု သူက ပြောသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အင်တာနက် လိုင်းများကို တွင်ကျယ်စွာ အသုံးမပြုနိုင်ရန်အတွက် ယခုအချိန်က စပြီး ကန့်သတ်မူများ ပိတ်ပင်မူများ ပြုလုပ်နေကြောင်း သတင်းများ ထွက်ပေါ် နေသည်ဟုလည်း သိရသည်။

“ ဒီမှာ ကောလဟာလ ပြောသံကြားနေရတာကတော့ အင်တာနက် လိုင်းတွေ နှေးကွေးသွားတာဟာ ရွှေးကောက်ပွဲနဲ့ ပတ်သက်တယ်ဆိုပီး ပြောနေကြပါတယ်။ နောက်ပိုင်းဆိုရင် ဒီထက် အခြေအနေ ပိုဆိုး လာနိုင်တယ်လို့ တွက်ချက် ပြောဆိုနေသူတွေလည်း ရှိပါတယ်။ ခုခေတ် လူငယ်တွေက အင်တာနက်ကို အများကြီး အသုံးပြုလာကြတယ်လေ။ ခုတော့ အင်တာနက်လိုင်းတွေ သုံးမရတာကြောင့် ညဉ်းတွားသံတွေကို ကြားနေရပါပြီ” ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့အတွင်း အင်တာနက်ဆိုင်များ မှိုလို ပေါက်နေပြီး ယခင်က ဆိုင်တိုင်းလိုလိုတွင် လူပြည့်ကျပ်နေသော်လည်း ယခုရက်ပိုင်း အတွင်းတွင် သုံးစွဲသူ မရှိဘဲ ဆိုင်များကို ဖွင့်ထားရကြောင်း တခြား ဆိုင်ပိုင်ရှင် အမျိုးသမီး တဦးက ပြောသည်။

သို့အတွက် သူမတို့ဆိုင်တွင် အင်တာနက် သုံးစွဲရန် လာသူများမှာ အင်တာနက် လိုင်းအဆင် မပြေမူကြောင့် ဂိမ်းမ်များကိုသာ ဆော့ကစား နေကြသည်ဟု သူမက ပြောသည်။



တရုတ်က စစ်အစိုးရကို သံလက်သီးတပ်ပေးမည့် အနေအထားဟု ဦးဝင်းတင်ပြော

NEJ / ၀၃ ဇွန် ၂၀၁၀

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့လာရောက်သည့်အတွက် မြန်မာ့ဒီမိုကရေစီရေးကိစ္စတွင် အကျိုးသက်ရောက်မှု၊ ရောင်ပြန်ဟပ်မှု တစုံတရာမျှ မရှိနိုင်ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ဒီမိုကရေစီအရေးနဲ့ပတ်သက်လို့ သူတို့ ဘာမှလုပ်ပေးမှာလည်းမဟုတ်ဘူး။ သူတို့ရဲ့ သြဇာလည်း ရှိမှာမဟုတ်ဘူး။ သူတို့ကနေပြီးတော့ ဒီမိုကရေစီအယောင်ပြ လုပ်တဲ့ဟာတွေ ဒို့လုပ်လို့ရတယ်။ တရုတ်ပြည်မှာ ဘယ်လိုလုပ်လို့ရတယ် ဆိုတာမျိုးတွေကို မြန်မာအစိုးရက မကျင့်သုံးဘူး။ အဲဒါကတော့ သေချာပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ (၂) ရက်ခရီးစဉ်အဖြစ် ဇွန် (၂) ရက်တွင် ရောက်ရှိခဲ့ပြီး ယနေ့ နေပြည်တော်သို့ သွားရောက်ကာ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ကိုလည်း တွေ့ဆုံရန်ရှိသည်ဟု ရန်ကုန်မှလာသော သတင်းများအရ သိရသည်။

တရုတ်ဝန်ကြီးချုပ်သည် ခရီးစဉ်အတွင်း စွမ်းအင်လုပ်ငန်းများ၊ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး သဘောတူညီချက် လက်မှတ်ရေးထိုးရန်ရှိသည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ လာရောက်မှုသည် စီးပွားရေးကိစ္စများအပြင် ရှေ့လာမည့် (၁) နှစ်၊ (၂) နှစ်အတွင်း တရုတ်ပြည်တွင် ခေါင်းဆောင်မှုအပြောင်းအလဲက မြန်မာနိုင်ငံအပေါ် ရိုက်ခတ်လာမည့် ပုံသဏ္ဌာန်၊ မြန်မာနိုင်ငံ အပြောင်းအလဲက တရုတ်ပြည်နှင့်ပြန်လည် ထိစပ်လာမည့် ပုံသဏ္ဌာန်များကိုလည်း အရိပ်အကဲကြည့်မည့်သဘော ပါမည်ဟု ဦးဝင်းတင်က ခန့်မှန်းသည်။

“ရွေးကောက်ပွဲအလွန်ကာလမှာ အများကြီးကို အပြောင်းအလဲတွေ နိုင်ငံရေးအခြေအနေ ပတ်ဝန်းကျင်သစ်တွေက ပေါ်လာမယ်။ ဒါထင်ရှားတယ်။ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအနေအထားတွေကို သူတို့သိတယ်။ အဲဒါသိတဲ့အတွက် လျှော့လိုက်၊ ပြောင်းလိုက်၊ ပြင်လိုက်လို့ မလုပ်ပါဘူး။ အန်အယ်လ်ဒီအနေနဲ့ကတော့ လက်အိတ်မစွပ်ဘဲ လက်သီးထိုးရမယ့် အနေအထားမျိုးဖြစ်တဲ့အချိန်မှာ စစ်အစိုးရကို တရုတ်အစိုးရကနေပြီးတော့ လုပ်ပေးမယ့်ဟာက လက်အိတ်တင်မကဘူး သံလက်သီးတပ်ပေးမယ့် အနေအထားမျိုးလို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။

တရုတ်အစိုးရအနေဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးပြီးနောက်ပိုင်း နိုင်ငံရေးတည်ငြိမ်မှု political stability ဆိုသည့် စကားလုံးများကို သုံးစွဲလာခဲ့ကြောင်း၊ သို့သော် တရုတ်အစိုးရအနေဖြင့် ပြောလာသည့်အတိုင်း (၃) နှစ်မက အချိန်ကြာခဲ့သော်လည်း ဘာမှအကောင်အထည်မပေါ်ခဲ့ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက “တရုတ်အစိုးရကနေ တရုတ်သံအမတ်ကြီးက ၀မ်ကြားပေါင်မလာခင် အကြိုထုတ်တဲ့ကြေညာချက်ထဲမှာလည်း ဒီစကားလုံးပါတယ်။ ဒါပေမယ့် ဘာမှ တရုတ်က နိုင်ငံရေးတည်ငြိမ်မှုအတွက် လုပ်ပေးတာမဟုတ်ဘူး။ အခုဆို အန်အယ်လ်ဒီကို နိုင်ငံရေးပင်မ ရေစီးကြောင်းထဲကနေ ထုတ်လိုက်တဲ့ အဆင့်အတန်းထိ ရောက်လာတယ်။ ဒါတွေကို ကြည့်ရင် တရုတ်ပြောတဲ့ တည်ငြိမ်မှုမရှိဘူးဆိုတာ ပြတယ်” ဟု ပြောသည်။

အကယ်၍ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်အစိုးရပြောသည့် နိုင်ငံရေးတည်ငြိမ်မှုကို လုပ်မည်ဆိုပါက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဆိုသည်မှာ ဖြစ်မြောက်နိုင်ကြောင်း၊ သို့သော် စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေးရန် စေတနာမရှိခြင်းသည် အခက်အခဲဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောကြားသည်။

“တရုတ်အစိုးရအနေနဲ့လည်း တကယ်စေတနာရှိရင် စီးပွားရေးလုပ်ငန်းတို့ ဒီမိုကရေစီအရိပ်အယောင်ပြတဲ့ဟာမျိုးတွေလောက် လုပ်နေလို့ကတော့ ဘာမှမထူးဘူး။ လုပ်ရမယ့်ဟာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲလိုဟာမျိုး၊ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ဖြစ်တယ်။ ဘာမှလည်း အဓိပ္ပာယ်ရှိတဲ့ အနေအထားမျိုး ရောက်အောင်မလုပ်ဘူး။ ကျနော်ကတော့ ၀မ်းကြားပေါင်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မျှော်လင့်ချက်မထားဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးရလဒ်တွေကိုလည်း ဘာမှမမျှော်လင့်ဘူး။ အဲဒီက ပေါ်ပေါက်လာမယ့် အကျိုးသက်ရောက်မှု ဆိုတာတွေလည်း ဘာမှရှိလိမ့်မယ်မဟုတ်ဘူးလို့ သဘောထားတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

မုံရွာ ချင်းတွင်း ရတနာဈေး မီးလောင်

ဇာနည်မာန် Thursday, June 03, 2010

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ချင်းတွင်း ရတနာ ဈေးကြီးသည် ယနေ့နံနက် ၃ နာရီခန့်က မီးလောင်ကျွမ်း မှုကြောင့် ဆိုင်ခန်း ပေါင်း ၅၀၀ နီးပါး ပျက်စီး ဆုံးရှုံး သွားကြောင်း သတင်းရရှိသည်။

“အခုက မီးကြွင်း မီးကျန် နည်းနည်း ကျန်တာ လိုက်ငြှိမ်း နေရတယ်၊ စလောင်တဲ့ အကြောင်းရင်းနဲ့ တန်ဖိုးကတော့ စုံစမ်းနေ တုန်းပဲ၊ အခု အကြမ်းဖျဉ်း ကတော့ ၄၇၂ ခန်း လောင်တယ်လို့ သိထား ရပါတယ်”ဟု မုံရွာ မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိ သူ တဦးက ဧရာဝတီသို့ ပြောသည်။

မီးလောင်ရာသို့ မီးသတ်ကား၂၈ စီးဖြင့် ငြှိမ်းသတ် ပေးခဲ့ရသည် ဟုလည်း မုံရွာမီးသတ်က ပြောဆိုသည်။

ဈေးကြီးမှာ ချင်းတွင်းရတနာ နှင့် မြရတနာ ဟု နှစ်ပိုင်းခွဲထားရာ အရှေ့ဘက်ခြမ်း ချင်းတွင်းရတနာ တိုက်တန်း ပထမ ထပ် မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီခန့်တွင်မူ မီးညွန့်ကျိုးသွားကြောင်း၊ အောက်ထပ်တွင် ဆိုင်ခန်း၂၀၀၊ အပေါ် ထပ် တွင် ဆိုင်ခန်း ၂၀၀ ကျော် မီးလောင်ကျွမ်းသွားကြောင်း ဒေသခံများကဆိုသည်။

“မနက် ၂ နာရီကျော်ကျော်က စလောင်နေတယ်ထင်တာပဲ။ သိကြတာကတော့ မနက် ၃နာရီလောက်မှ သိကြတာ ၊ အဲဒီအချိန်ကျမှ ဈေးမျက်နှာစာက မှန်တွေပေါက်ထွက်သံတွေ ကြားမှ သိကြတာ ၊ ဈေးအပေါ်ထက် လျှပ်စစ်ဝါယာရှော့ ဖြစ်ရာကနေ စလောင်တယ်လို့ ပြောနေကြတာပဲ ၊ မနက် ၂ နာရီလောက်ကြီးမှာ မီးမလာစဖူးလာနေတယ်ဗျ"ဟု မုံရွာမြို့ခံ တဦးကပြောသည်။

ယနေ့မနက် ၂ နာရီခန့်တွင် မီးမလာစဘူး လာနေခဲ့ကြောင်း ဒေါနခြံ ၊ ဆူးလေကုန်း ၊ အောင်မင်္ဂလာ ၊ ရတနာပုံ ရပ်ကွက် သားများက ပြောဆိုကြသည်။

အောင်မင်္ဂလာ ရပ်ကွက်သားတဦးကလည်း“မုံရွာမှာက အလှည့်ကျမီးပေးစနစ်လုပ်လိုက်တာကြာပြီလေ ၊ ၂၀၀၃ခုနှစ်ထဲမှာ ဒေါ်စု မုံရွာလာတုန်းက တမြို့လုံးကို မီးဖြတ်ထားတဲ့အကြားက ဖယောင်းတိုင်တွေထွန်းပြီး ကြိုကြပြီးကတည်းက မုံရွာရပ်ကွက် တိုင်းမှာ နှစ်ရက်ခြားတခါပဲ မီးပေးတယ်။ ဒါတောင်တနေကုန်မဟုတ်ဘူး။ ညပိုင်းလေးပဲ"ဟု ပြောသည်။

ယင်း ဈေးမှ အထည်ဆိုင် ပိုင်ရှင် တဦးက“ဆိုင်ခန်းတွေက အပြင်ဘက်တန်းက သိန်း ၂၀၀ ကျော် ၃၀၀ လောက်ရှိတာ၊ အထည်ဆိုင်တွေ၊ စတီးပစ္စည်းဆိုင်တွေ၊ ပလတ်စတစ်ဆိုင်တွေ၊ ကုန်စုံဆိုင်တွေ လောင်သွားတယ်၊ ပစ္စည်းပါ အပါဆိုရင် သိန်း ၅၀၀ ကျော် လောက် ဆုံးရှုံးသွားတယ်”ဟု ပြောသည်။

အဆိုပါ ဈေးကြီးကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နှစ်ထပ်ဈေးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဈေးသူ ဈေး သား များက ပြောပြသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ရန်ကုန်မြို့ရှိ မင်္ဂလာဈေး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ယင်း မီးလောင်မှုကြောင့် ပြည်သူ ၁ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက် မရှိကြောင်း၊ အလှကုန်ပစ္စည်းနှင့် ဆေးဝါး အရောင်း ဆိုင်ခန်း ၇၉၇ ခန်း၊ အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်ပေါင်း ၄၈ ဆိုင် မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ပစ္စည်း ဆုံးရှုံးမှု ခန့်မှန်းခြေ တန်ဖိုး ကျပ် သိန်းပေါင်း (၂၀၉၂၆၃)သိန်း ဖြစ်ကြောင်း၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုမူ တွက်ချက် ဆဲဖြစ်ကြောင်း အစိုးရသတင်းစာတွင် ရေးသားထားသည်။


တိုင်းပြည်လည်း နာလှပြီ

မြင့်မောင်

(ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲယင်း အတွေ့အကြုံ )

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒီပဲယင်း အကြမ်းဖက်မှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီဝင်များ စည်းရုံးရေးခရီး ထွက်နေစဉ် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနီး ကျည်ရွာတွင် လွန်ခဲ့သည့် ၇ နှစ် မေလ ၃ဝ ရက်နေ့တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။


၂ဝဝ၃ ခုနှစ် မေလ ၆ ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် ရန်ကုန်မှနေ၍ ထွက်ခွာလာခဲ့ရာ အထက်မြန်မာပြည် ခရီးစဉ်ဖြစ်သည့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ကသာ၊ မန္တလေးတိုင်း မိုးကုတ်နှင့် မန္တလေး၊ စစ်ကိုင်းတိုင်း မုံရွာမြို့သို့ ရောက်ရှိခဲ့စဉ် ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုထောက်ခံခဲ့ကြသည်။

ထို့နောက် မေလ ၃ဝ ရက်နေ့တွင် ဒီပဲယင်း ကျည်ရွာအနီးသို့ ရောက်ရှိစဉ် စစ်အစိုးရဖွဲ့ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ စွမ်းအားရှင်များက အကြမ်းဖက် ရိုက်နှက်ခဲ့သည်နှင့် တွေ့ကြုံ ခဲ့ကြရသည်။

ထိုဖြစ်ရပ်အတွင်း ပါတီအဖွဲ့ဝင်များနှင့် ထောက်ခံအားပေးသူ ဦးရေ ၇ဝ ထက်မနည်း သေဆုံးခဲ့ကာ၊ အမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း အတိုက်အခံများက ပြောသည်။

သို့သော် စစ်အစိုးရက လူ ၄ ဦး သေဆုံးကာ၊ ၅ဝ ခန့် ဒဏ်ရာရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖြစ်ရပ်ဆိုးတွင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ပြောဆိုချက်များ တင်ပြလိုက်ရပါသည်။


ဦးတင်ဦး ပြန်ပြောပြတဲ့ ဒီပဲရင်း လုပ်ကြံမှု

ဒေါ်အောင်ဆန်းစုကြည် ၂ဝဝ၃ ခုနှစ်ကစပြီး စည်းရုံးရေးထွက်တဲ့ အချိန်တုန်းက အတားအဆီး၊ အပိတ်အပင်တွေ လုပ်တာတွေ ရှိတယ်။ နောက်ပိုင်းမှာကျ ပိုပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ အထူးသဖြင့် ဘယ်မှာများလဲ ဆိုတော့။ စတာက မြစ်ကြီးနားက စပြီးတော့ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့၊ ဘာတို့က ကားနောက်ကနေ လိုက်အော်တာတို့၊ ကိုယ်ကို ထိတာပုတ်တာတို့ကတော့ ရှိတာပေါ့။ ဗန်းမော်ဝင်တုန်းကလည်း အဲဒီလိုပဲ။ နောက် မိုးကုတ်ဝင်တော့ကာ သိပ်ပြီး လိုက်လာတာ မတွေ့ရဘူး။ မိုးကုတ်ရောက်တော့ မိုးကုတ်သူ မိုးကုတ်သားတွေက တခဲနက်ကြိုဆိုကြတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆိုပြီး ဆုတောင်းကြတယ်။ အဲဒီလို အောင်မြင်ပြီးတော့ လာတာကို တားစီးချင်တဲ့၊ ပိတ်ဆို့ချင်တဲ့ သဘောတွေက ပြင်းထန်လာတဲ့ သဘောတွေ ရှိတယ်။

ဘယ်မှာစဖြစ်လဲဆိုတော့ မိုးကုတ်ကနေ သပိတ်ကျင်းကို ထွက်လာတဲ့အချိန်မှာ နည်းနည်းလေး ညနေပိုင်း စောင်းသွားတော့ ဒေါ်အောင်ဆန်းစုကို လာပြီး ကြိုဆိုတဲ့ လူအုပ်ကြီးကလည်း များတယ်။

သတင်းတွေကတော့ ရတယ်။ စာရွက်တွေနဲ့လည်း ရတယ်၊ လူကိုယ်တိုင်လာပြီး သတင်းပို့တာတွေလည်း ရတယ်။ ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေက ဒုတ်တွေ၊ ဓားတွေ၊ လောက်လေး (ဘတ်ခွ) တွေနဲ့ လာပြီး နှောင့်ယှက်ဖို့ ရှိတယ်။ လမ်းမှာ လာတဲ့ လူတွေကတော့ လောက်လေးတွေနဲ့ ပစ်တာခတ်တွေတော့ စပြီး ဖြစ်နေပြီ။ လာတဲ့ လူတွေက လမ်းမှာ စစ်တာဆေးတာတွေ ရှိတယ်။ ဒါပေမဲ့ အစည်းအဝေးက ညနေပိုင်းမှာ လူ ၄ဝဝဝ၊ ၅ဝဝဝ လောက်ရှိတယ်။ အောင်မြင်သွားတယ်။

ကျနော်တို့က အဲဒီကနေ ထွက်လာတဲ့ အချိန်ကျတော့ အခြေအနေက တော်တော်ကို ဆိုးတယ်။ ထွက်လာပြီး မကြာခင်မှာ ဒိုင်နာကားကြီးတွေနဲ့ ကျနော်တို့ကားကို ရှေ့နဲ့နောက်နဲ့ ပိတ်ကြီးတော့ အပေါ်မှာရှိတဲ့ အသံချဲ့စက် ၄ ခုလောက် တပ်ထားပြီးတော့၊ အကြီးအကျယ် အော်ပြီးတော့ နယ်ချဲ့အားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒ ကန့်ကွက်ကြ၊ ပြည်ဖျက်မ စုကြည် ဆိုတာတွေ ဘာတွေကို အော်တယ်။ အဲဒီမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရဲမှူးကြီး၊ တပွင့်၊ နှစ်ပွင့်၊ အကြပ်တွေလည်း ရှိတယ်။

သူတို့က ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ လုပ်တာကို မပြောရဲဘူး။ သူတို့ ကြောက်တယ်။ ကျနော်တို့ကားတွေကို အတင်းပဲ သွားပါသွားပါ ပြောတယ်။ သူတို့က သွားပါသွားပါ ပြောပေမယ့် ရှေ့ကပိတ်ထားတော့ ဘယ်လိုသွားလို့ ရမလဲ။ အဲဒီနေရာမှာ တော်တော်ကို မှောင်သွားပြီ။ အဲဒီကနေ ထွက်လာတော့ စဥ့်ကူးကို ဝင်သွားပြီ။ အဲဒီကားကြီးတွေကလည်း နောက်ကနေ အော်ရင်း လိုက်တယ်။ စဥ့်ကူး အဖွဲ့ချုပ်ရုံးမှာ စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ အဲဒီမှာ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။ အဲဒီမှာ ည ၈ နာရီလောက် ရောက်သွားပြီ။ အဲဒီအချိန်မှာ ကျနော်တို့တည်းတဲ့ အိမ်ကို လောက်လေးတွေနဲ့ ပစ်တယ်။ ခေါင်မိုးတွေကိုလည်း မှန်တယ်။

ပစ်လိုက်တဲ့ လောက်လေးဆံက ကျနော်တို့နားလည်း ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရဲစခန်းကို အမှုဖွင့်ဖို့ ပြောတဲ့အခါကျတော့ ကျနော်သွားပြီးတော့ အမှုဖွင့်တယ်။ အမှုဖွင့်တာကို ရဲစခန်းက လက်မခံဘူး။ လက်မခံတဲ့ အခါကျတော့ ကျနော်က ပြောတာက ပထမ FIR လာပြီးဖွင့်ရင် တိုင်တဲ့ဟာကို လက်ခံရမယ်၊ လက်မခံရင် တရားစွဲနိုင်တယ်လို့။ အဲဒီတပ်ကြပ်က ကောင်းပြီဆိုပြီး လူကြီးတွေကိုပြောတော့ လက်ခံမယ်ဆိုပြီး ပြောတော့ ရဲစခန်းမှူးတွေက လိုက်လာပြီးတော့ အမှုဖွင့်တယ်။

အမှုဖွင့်နေစဉ်အတွင်းမှာ ကားတစီး ဝင်လာတယ်။ ကားပေါ်မှာ ပတ်တီးစည်းထားတဲ့ လူတယောက်ပါတယ်လို့ ရဲတယောက်က လာပြောတော့ ပြာပြာသလဲ ထသွားတယ်။ ဘာဖြစ်လို့ ပြာပြာသလဲ ထသွားလဲဆိုတော့ ဒဏ်ရာရတဲ့လူက ကြံ့ဖွတ်ထဲတယောက် လောက်လေးခွမှန်လို့ ပတ်တီးစည်းပြီးတော့ လာတိုင်တာ။ ဒီမှာ တိုင်နေတဲ့ တိုင်ချက်က မပြီးသေးဘူး၊ ကမန်းကတန်း ထသွားပြီးတော့ ဟိုဘက်က တိုင်ချက်သွားဖွင့်တာတို့၊ ဘာတို့ လုပ်တယ်။

ဒီဘက်မှာက တိုင်ချက်ဖွင့်တာကိုတော့ ကျန်တဲ့လူနဲ့ ပြီးအောင် လုပ်လိုက်တာပေါ့လေ။ ဆိုလိုတာက ဘာပြောချင်လဲဆိုတော့ အဲဒီအဖွဲ့အစည်းက ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ဆိုရင် ဝန်ထမ်းလောက၊ အထူးသဖြင့် ရဲတို့၊ အုပ်ချုပ်ရေးအပိုင်းက လူတွေက တော်တော်ကို ကြောက်တဲ့သဘော ရှိတယ်။ ဒီကိစ္စကို မေးကြည့်တော့ ဒေါ်အောင်ဆန်စုကြည်ကို ကြိုဆိုတဲ့လူတွေကို သူတို့က ကားနဲ့ ဖြတ်သွားရင်းနဲ့ အပေါ်ကနေပြီးတော့မှ လောက်လေးခွတွေ၊ ခဲတွေနဲ့ ပစ်တယ်။ အောက်ကကောင်တွေက မခံချင်တာနဲ့ နေရာမှာရှိတဲ့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ပြန်ပစ်လို့ မှန်သွားတယ်လို့ ပြောတာပါ။

အဲဒီညက တော်တော်ကို မှောင်သွားတော့ ဘဘကတော့ တော်တော်ကို စိုးရိမ်တယ်။ စဥ့်ကူးအထွက်နဲ့ ခြေတောက်ပေါက် အသွားမှာ လမ်းမှာ ရိုက်ကြမလားဆိုပြီးတော့ စိုးရိမ်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လုပ်တဲ့ လုပ်ရပ်တွေက ဆိုးဆိုးရွားရွား ဖြစ်နေလို့ပါ။ ဒါပေမဲ့ စဥ့်ကူးမှာရှိတဲ့ အမျိုးသမီးအဖွဲ့တွေရော၊ ယောက်ျားတချို့ကရော၊ သံဃာတော်ကရော ခြေထောက်ပေါက်ကို သန်းခေါင်အချိန်လောက်မှာ လိုက်ပို့ကြတယ်။

ခြေထောက်ပေါက်မှာ တရားပွဲ လုပ်တော့လည်း လူတွေက အုပ်လိုက်လာကြတာပဲ။ အဲဒီလာတဲ့အခါမှာ တားတာဆီးတာ၊ ခရာတွေမှုတ် ဘာတွေမှုတ်နဲ့၊ လူထုက မကျေမနပ်ဖြစ်နေကြတယ်။ အဲဒီမှာ ဘဘတို့ ပြောရတယ်၊ လမ်းနဲ့ ပတ်သက်ပြီးတော့ အကျယ်ကြီး ပေးထားတာပဲ ဘာဖြစ်လို့ ဒီကားတွေက မသွားဘဲ၊ မလာဘဲနဲ့ ဘာဖြစ်လို့ ခရာမှုတ်နေရတာလဲလို့ ပြောလိုက်တော့မှ ခရာသံ တိပ်သွားတယ်။ တရားပွဲတွေဘာတွေ လုပ်ပြီးတော့ ဘဘတို့ မတ္တရာကို ထွက်လာတယ်။ မတ္တရာထွက်လာတဲ့အချိန်မှာ အလားတူပဲ ဖြစ်တယ်။ မတ္တရာ လမ်းမှာတော့ အနှောင့်အယှက် မရှိဘူး။

ဘာဖြစ်လို့လဲဆိုတော့ လူတွေက နောက်ကနေ တပါထဲ ပါလာခဲ့တယ်။ မတ္တရာရောက်တော့ နေလည်စာ စားပြီးတော့ လူအုပ်ကြီးက အဖွဲ့ချုပ်ကြိုဆိုတဲ့ တိုက်ရှေ့မှာ ခြံဝင်းကြီး ရှိတယ်။ ခြံဝင်းထဲမှာ လူတွေက ပြည့်နေတယ်။ ခုနတုန်းက လိုက်လာတဲ့ လူတွေက အဲဒီလူအုပ်ထဲ ဝင်ပြီးတော့ အသံချဲ့စက်တွေ ဖွင့်တယ်၊ သံပုံးတွေ တီးပြီးတော့ ခုနကပြောခဲ့တဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်တယ်။ လူတွေက မကျေနပ်ဘဲ သူတို့နဲ့ ကတောက်ကဆဖြစ်ပြီးတော့ အဲဒီနားမှာရှိတဲ့ ကျောင်းတိုက်တွေက သံဃာတော်တွေ၊ ဘုန်းကြီးတွေ ဆင်းလာပြီးတော့ သူတို့ကို လိုက်တားတယ်။ ထော်လာချီကားပေါ်က ဘုန်းကြီးတွေကို လောက်လေးခွနဲ့ လိုက်ပစ်တယ်။

အော်တဲ့လူတွေက ဘုန်းကြီးတွေလည်း ရောက်လာတော့ သူတို့လည်း အကုန်လုံး ထွက်ပြေးကြတယ်။ မတ္တရာ ထွက်လာပြီးနောက် တလမ်းလုံးက အနှောင့်အယှက် ဖြစ်တော့တာပါပဲ။ မန္တလေးရာက်တော့ တရက်၊ ၂ ရက်နေတော့ ဘာမှမဖြစ်ဘူး။ မန္တလေးက ထွက်တဲ့အချိန် မေလ ၂၉ ရက်နေ့မှာ မုံရွာဘက်ကို ထွက်တယ်။ မုံရွာဘက်ကို ထွက်တော့ မြင်းမူအရောက်မှာ သတင်းရတယ်။

အဖွဲ့ချုပ်က ဘာပြောလဲဆိုတော့ မုံရွာဘက်မှာ လူတစု စုပြီးတော့ ရိုက်မယ်ပြုမယ်နဲ့ လူစုနေကြတယ်လို့ အဲဒီလို ပြောတယ်။ ပြောတဲ့အခါကျတော့ ရန်ကုန်မှာရှိတဲ့ အဖွဲ့ချုပ်က ခေါင်းဆောင်တွေကလည်း ဒီသတင်းရတယ်။ ဘဘက ဥက္ကဋ္ဌ ဦးအောင်ရွှေကို ခေါ်တယ်၊ ဦးအောင်ရွှေကလည်း ဘဘကို ခေါ်ဖို့ ကြိုးစားရင်းနဲ့ နှစ်ယောက်ဆုံတယ်။ ခုနကပြောသလို သတင်းရတယ်။ သတင်းရတဲ့အတွက် သက်ဆိုင်ရာ အကြီးအကဲတွေကိုတော့ သတင်းပို့ထားပြီးပြီ။ ခင်ဗျာတို့ သွားတဲ့အခါ သတိထားသွားပါ၊ စသဖြင့် အဲဒီလို ပြောတယ်။

ဘဘကလည်း ဒီမှာရှိတဲ့ လုံခြုံရေး အသိုင်းအဝိုင်းကိုလည်း အကြောင်းကြားထားပြီးပြီ။ တတ်နိုင်သလောက် လုံခြုံရေးစောင့်ရှောက်ဖို့ ပြောထားတယ်။ အဲဒီလိုပြောပြီးတော့ မြင်းမူကနေ စထွက်ကြတယ်။ အဲဒီကနေ စထွက်တဲ့ အချိန်ကစပြီး အော်တာတွေ ဘာတွေလည်း ပါတယ်။ မုံရွာမရောက်ခင် မြို့ဝင်မှာကတည်းက လူအုပ်က အများကြီး ဖြစ်နေပြီ။

နေရာတနေရာမှာ ဆန့်ကျင်ဘက် အော်မယ့်သူရော၊ အော်ရုံတင်မကဘူး နှောင့်ယှက်ဖို့ တော်တော် ကြမ်းကြမ်းတမ်းတမ်း နှောင့်ယှက်ဖို့ ပြင်နေတဲ့ လူ ၄-၅-၆ဝ လောက်က လမ်းအကွေ့လေးနားမှာ ဆန့်ကျင်ဖို့၊ ပြုဖို့ နည်းနည်းလေး အကြမ်းဖက်ချင်တဲ့သဘော သူတို့ အမူအရာတွေက မကောင်းဘူး။ ကျနော်တို့ကို ဘယ်သူက စောင့်ရှောက်လဲဆိုတော့ မုံရွာက လူငယ်တွေလည်း ပါတယ်။ မြို့လူထုလည်း ပါတယ်။ နောက် မုံရွာက သံဃာတော်တွေရော၊ မန္တလေးဘက်က လိုက်လာတဲ့ သံဃာတွေလည်း ပါတယ်။ ဆိုတော့ သူတို့ ဝိုင်းဝန်းပြီးတော့ အတားအဆီး အပိတ်အပင်လုပ်လိုက်တဲ့အခါ ဘာမှ မဖြစ်သွားဘူး။ အဲဒီအချိန်မှာ မှောင်စပြုနေပြီ။ အဲဒီကနေ လာလိုက်တာ ဆိုင်းဘုတ်တင်မယ့် နေရာကို ည ၈ နာရီ နီးပါးလောက်မှာ ရောက်တယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လူထုက လာရောက်ထောက်ခံကြိုဆိုတဲ့ အထဲမှာ မိုးကုတ်နဲ့ မုံရွာက အများဆုံး ဖြစ်တယ်။ မုံရွာအဝင်မှာ မှောင်နေတဲ့အတွက် ဖယောင်းတိုင်တွေထွန်းပြီး လိုက်ကြတဲ့သူတွေက အများကြီးပဲ။ အဲဒီမှာ အဖွဲ့ချုပ်ရုံးရောက်တယ်။ အဖွဲ့ချုပ်ရုံးမှာ ဆိုင်းဘုတ်တင်ပြီးတော့ကာ မုံရွာအဖွဲ့ချုပ်က စည်းရုံးရေး ပုဂ္ဂိုလ်တွေကို ဖမ်းချုပ်တယ်။ ခေါ်ပြီးတော့ မေးတယ်။ ဗဟိုကတော့ ကျနော်တို့က အမိန့်ရတယ်။ မြို့နယ်က သက်ဆိုင်ရာ မယကကို ခွင့်မတောင်းဘူးဆိုပြီးတော့ ဖမ်းချုပ်တယ်။

အဲဒီဟာတွေကို ရှင်းရလင်းရတာ လုပ်ပြီးတော့၊ ပြေလည်တော့ သွားတယ်။ ဘဘတို့က ဗဟိုက အမိန့်စာနဲ့ လာတဲ့အတွက် ပြောလည်တော့ သွားပြီ။ ဒါပေမဲ့ အဲဒီမှာစပြီး ပဋိပက္ခလေးတော့ ရှိနေကြပြီ။ တည်းတဲ့ အိမ်ရောက်တော့ ၁၁ နာရီလောက် ရှိပြီ။ အဲဒီမှာ လူငယ်ဖွဲ့စည်းပုံအရ လူငယ်ဖွဲ့စည်းရေး လုပ်တယ်။
လုပ်တဲ့အချိန်မှာ အောက်မှာက သင်္ကန်းဝတ်တချို့က တကာမကြီး တွေ့ချင်လို့ ဆင်းခဲ့ပါတို့ ဘာတို့ပေါ့လေ။ နောက်ပြီး တရားဟောပါပေါ့လေ။ ဘုန်းကြီးတို့ စောင့်နေပါတယ်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောတယ်။ ခဏသွားပြီးတော့ ပြေလည်အောင် လုပ်ပေးပါဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ ဘဘဆင်းသွားတယ်။ ဆင်းသွားတဲ့အခါကျတော့ သူတို့ကို တွေ့တယ်။ သူတို့ အမူအရာက မကောင်းဘူး။ ရန်လိုတဲ့ အမူအရာ ဖြစ်နေတယ်။

ဘုန်းကြီးအစစ်တော့ မဟုတ်ဘူး။ သင်္ကန်းဝတ်ထားတဲ့ လူတွေ ဖြစ်တယ်။ သူတို့ရဲ့ အမူအရာက ရန်မူတဲ့ အမူအရာတွေ ဖြစ်နေတော့ ဘဘက တောင်းပန်တယ်၊ ရှစ်ခိုးပြီးတော့ အရှင်ဘုရား ညဥ့်လည်း နက်ပါပြီ၊ တကာမကြီးလည်း အလုပ်က မပြီးသေးပါဘူး။ တနေ့လုံးလည်း ပင်ပန်းနွမ်းနယ်လှပါတယ်။ ဒါပြီးရင်လည်း နည်းနည်းနားဖို့ လိုပါတယ်။ ဆရာတော်အနေနဲ့ မနက် အာရုံဆွမ်းဖိုးပေးပြီးတော့ ပြန်ကြွလာလို့ ရှိရင်လည်း တကာမကြီးကို တွေ့နိုင်ပါတယ်လို့ လျှောက်ထားတယ်။

မတွေ့နိုင်ဘူး၊ မပြန်နိုင်ဘူး။ ဒီနေ့ည ဒီတကာမကြီးကို မတွေ့ရရင် ကျုပ်မပြန်ဘူး။ ခေါ်လာခဲ့၊ ဆင်းပေးပါ။ တပည့်တော်က ခေါ်ပြီး ဆင်းခိုင်းလို့ မရဘူး။ အပေါ်မှာ သူ အလုပ်လုပ်နေတယ်။ ပြီးရင် သူ အနားယူပါမယ်။ အလုပ်လုပ်ရင် ည ၁၂ နာရီ၊ ၁ နာရီထိ ရောက်သွားမယ်။ သူအိပ်ချိန်က ၂ နာရီ၊ ၃ နာရီလောက်ပဲ ရှိမယ်။ ဆရာတော် သံဃာတော်ရှင်မြတ်များအနေနဲ့ ကျောင်းကို ပြန်ပြီး အေးအေးဆေးဆေး ကြွပါ။ ပြီးတော့မှ တရေးတမော အိပ်ပြီးတာ့မှ ပြန်လာပါပြောတာကို မရဘူး။ ပူညံပူညံ လုပ်နေတဲ့အခါမှာ ဘေးနားမှာရှိတဲ့ လူတွေက ရပ်ကြည့်နေကြတာပေါ့။ တခြားတဖက်မှာရှိတဲ့ လူငယ်တွေက ကျောင်းသားတွေ ရောက်လာကြတယ်။ သူတို့ကလည်း အဲဒီလို ဘုန်းကြီးတွေ လုပ်နေတာကို မကြိုက်ဘူး။ မကြိုက်တဲ့ အမူအရာကို လူအုပ်က ပြတဲ့အခါကျမှ သူတို့က ယောင်ချာ၊ယောင်ချာနဲ့ ပြန်သွားကြတယ်။
စိတ်ထဲမှာတော့ သိနေတယ်။ မနက်ဖြန်တော့ တခုတခုတော့ လုပ်မှာပဲဆိုတာ သိနေတယ်လေ။

တကယ်တမ်းကျတော့ ဘေးကနေ လုပ်မယ်ဆိုတဲ့ သတင်းတွေကလည်း ထပ်ထပ်ရနေကြတယ်။ ဒါနဲ့ မုံရွာကနေ ထွက်တော့ လိုက်ပို့တဲ့ လူအုပ်က မနည်းဘူး။ သံဃာတော်တွေရော၊ မုံရွာက ကျောင်းသားတွေရော၊ မန္တလေး စစ်ကိုင်းဘက်က ပါလာတဲ့ အမျိုးသမီးအဖွဲ့တွေရော ကားတန်းတွေက အရှည်ကြီးပေါ့။ အဲဒီမှာ ရှေ့ဆက် တော်တော်လေးသွားတဲ့ အခါကျတော့ ဘုတလင်လောက် ရောက်ခါနီးတော့ ဘာသိလဲဆိုတော့ နောက်က လိုက်လာတဲ့ ကားတွေကို ဖမ်းတယ်၊ ဆီးတယ်၊ တားတယ်၊ ပိတ်တယ်တွေ လုပ်တယ်လို့ ကြားတယ်။

အဲဒီနောက် ကားတွေက ပါမလာဘူး။ ကားတော်တော်များများက ပါလာတယ်။ အမြှီးပိုင်းလေးလောက်တော့ ကျန်ခဲ့တယ်။ ဘုတလင်မှာ အစည်းအဝေးလုပ်တယ်။ လူငယ်တွေ ဖွဲ့စည်းတာတွေ လုပ်တယ်။

ပြီးသွားတဲ့အခါ နောက်အဖွဲ့တွေ မလာသေးတဲ့အတွက်ကြောင့် သွားခေါ်ဖို့ လူလွှတ်လိုက်တဲ့ အခါကျတော့ ဘဘတို့ ရှေ့ဆုံးက လမ်းပြတဲ့ ကားကို ပြန်လွှတ်လိုက်တယ်။ အဲဒီကားလည်း ပြန်မလာဘူး။ အဲဒီမှာ အခြေအနေကတော့ သိပ်မကောင်းတော့ဘူး။ နည်းနည်းတော့ အဖမ်းအဆီး၊ အချုပ်အနှောင်တွေက များနေပြီ။ ဘုတလင်မှာ အားလုံးပြီးသွားတဲ့ အချိန်မှာ ၄ နာရီခွဲ ရောက်ပြီ။

၅ နာရီလောက်မှာ ဘုတလင်က ထွက်လာတယ်။ လမ်းမှာရှိတဲ့ ရွာတွေက ကြိုတာတို့၊ ပန်းကုံးဆွတ်တာတို့ လုပ်တာတွေ ရှိသလို တချို့နေရာတွေက ၁ဝဝ-၁၅ဝ လောက်ရှိတဲ့ လူတွေက တလျှောက်လုံး မပြတ်ဘူး၊ ရှိနေကြတယ်။ တချို့ရွာတွေက တရားဟောခိုင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်က တရားမဟောနိုင်တော့ပါဘူး။ လာကြိုတဲ့ လူတွေကို လက်ကလေးပြပြီး ပြန်နှုတ်ဆက်ပြီးလာခဲ့တဲ့ အချိန်မှာ စိုင်ပြင်ကြီးဆိုတဲ့ နေရာကို ရောက်တယ်။ အဲဒီကို ရောက်တဲ့အချိန်က သိပ်မမှောင်သေးဘူး၊ အလင်းရောင် ရှိတယ်။

ဘယ်အချိန်လောက် ရှိမလဲဆိုတော့ ည ၆ နာရီခွဲလောက် ရှိမယ်။ အလင်းရောင် ကျန်သေးတော့ အဲဒီကို ဝင်လိုက်တယ်။ ဝင်လိုက်ရတဲ့ အကြောင်းအရင်း တခြားမဟုတ်ဘူး။ စိုင်ပြင်ကြီးရွာကို ကိုဝင်းမြင့်အောင် ဒီပဲယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်၊ သူက အဖမ်းခံထားရတယ်။ သူ့မိသားစုတွေကို အားပေးစကားပြောဖို့ ဝင်လိုက်တယ်။ ဝင်လိုက်တဲ့အချိန်မှာ အပြင်မှာ လူအုပ်ကြီးက အများကြီး ရောက်လာတယ်။

လူကတော့ ၄-၅ဝဝဝ လောက် ရှိမယ်။ တချို့ကလည်း သူတို့ကားနဲ့ သူတို့ ဆိုင်ကယ်တွေနဲ့ လိုက်လာကြတယ်။ ပြန်ခါနီးကျတော့ ထွက်လို့ မရဘူး။ ပြောရဟောရ တောင်းပန်ရ လုပ်ရသေးတယ်။ စကားပြောတဲ့အချိန်မှာ အချိန်လေးက ရသွားတော့ ထွက်တဲ့အချိန်က မှောင်စပြုနေပြီ။ စိုင်ပြင်ကြီးက ထွက်လာတဲ့အချိန်က မှောင်စပြုနေပြီ။ ထွက်တဲ့အချိန်မှာ လမ်းပြတဲ့ ကားက မုံရွာဘက် ပြန်သွားတာ ပြန်မလာတော့ ဒေသခံ လမ်းပြ ဂျစ်ကားလေးက ရှေ့က မောင်းပြီးတော့ နောက်ကလိုက်တဲ့ ဘဘကား (တောင်းအေစ့်) က ရှေ့ဖြစ်သွားတယ်။

ဘဘကားနောက်က ဒေါ်အောင်ဆန်းစုကြည်ကား၊ နောက်က မန္တလေး စစ်ကိုင်း မုံရွာတို့က လိုက်ပို့တဲ့ ကားတွေဗျာ။ စိုင်ပြင်ကြီးအထွက်မှာ ကားက တခါရပ်တာ တွေ့လိုက်ရတယ်။ ကျနော်ကလည်း ရပ်စောင့်နေတယ်။ တခါပြန်ထွက်လာတော့ ကျည်ရွာကို ရောက်တယ်။ ကျည်ရွာမှာ တခါရပ်တယ်။ ကျည်ရွာမှာ ရပ်တဲ့ အချိန်မှာ နည်းနည်းလေး ကြာတယ်။ ၁ဝ မိနစ်၊ ၁၅ မိနစ်လောက် ကြာမယ်ထင်တယ်။ ဘဘက ကားကို ရပ်စောင့်တယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်လာပြီး မကြာဘူး သူ့ကားကို ရပ်လိုက်တယ်။ ဘဘတို့ကားလည်း ရပ်လိုက်တယ်၊ သိပ်မကြာဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်က လိုက်လာတဲ့ ကားတွေ ရောက်လာတယ်။

ကလေးတွေက မော်တော်ဆိုင်ကယ်နဲ့ ဘုန်းကြီးတွေ တင်လာတာတွေ အများကြီးပဲ။ သူတို့က အုပ်ကြီးလိုက် ရောက်လာတယ်။ ကျည်ရွာမှာ ရှိနေတဲ့ ကားတွေကို နောက်က လိုက်လာတဲ့ ဒိုင်နာကားပေါ်က လူတွေက ရိုက်ကုန်ပြီ၊ သေတဲ့လူတွေ သေကုန်ပြီ၊ အဘတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လုံခြုံရေးကို ကျနော်တို့ တာဝန်ယူတယ်တဲ့။ ကလေးတွေက ကျနော်တို့ကားနဲ့ ဒေါ်အောင်အောင်ဆန်းစုကြည်ကားကို ဝိုင်းပြီးတော့ လုံခြုံရေး ယူပေးတယ်။

ဘဘကို ကားပေါ်က မဆင်းဖို့ ပြောတယ်။ ဘဘလည်း မဆင်းဘဲ မနေနိုင်ဘူး။ လိုက်သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ရဦးမယ်။ အခြေအနေသိအောင် ကားပေါ်ကဆင်းပြီး ဒေါ်အောင်ဆန်းစုကြည် ရှိတဲ့နေရာကို သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားနဲ့ ဘဘကား ရပ်ထားတဲ့နေရာနဲ့ ကိုက်၂ဝ-၂၅ လောက် ဝေးမယ်။ အဲဒီကို ဘဘသွားလိုက်တယ်။

ဒေါ်အောင်ဆန်းစုကြည်ကား (Double Cap) ပေါ့။ သူက အလယ်ခန်းမှာ ရှိတယ်။ ဘဘက ကားဘေးရောက်တော့ ကျည်ရွာမှာ ရိုက်ကုန်ပြီးလို့ ပြောတော့ သူ သိတယ်။

ဘဘက အန္တရာယ်ဖြစ်နေတယ်ဆိုတော့ သူ့ကားကို သွားစေချင်တယ်။ ကားကို ဒီပဲယင်းဘက်ကို မောင်းစေချင်တယ်။ ကျနော်က သွားခိုင်းတာကို သူက မသွားဘူးလို့ ပြောတယ်။ နောက်က အရိုက်အနှက်ခံနေရတဲ့သူတွေ၊ သူ့ကို ကြိုဆိုတဲ့ လူတွေကို ရိုက်တာနှက်တာတွေကို သူ လက်မခံဘူး။ ဒါကြောင့်မို့ ဒီလူတွေနဲ့အတူ သူ နေမယ်။ မသွားဘူးဆိုပြီး ပြောတယ်။ စိတ်ထဲမှာတော့ သိပ်စိုးရိမ်သွားတာပေါ့ဗျာ။ မသွားရင်တော့ ဒုက္ခများလိမ့်မယ်ဆိုပြီး၊ နောက်ပိုင်းက အခြေအနေသိအောင် ကြည့်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားနောက်က မန္တလေးကားကို လွန်သွားတဲ့အချိန်မှာ ဘာမြင်လဲဆိုတော့ မီးအနီးရောင်တွေက အပေါ်မှာ အနီရဲရဲတွေ မီးရှို့ထားတဲ့ မီးလောင်တဲ့ပုံ ဖြစ်နေတယ်။ အဲဒီရှေ့က ကားတွေက မီးထိုးထားတာက မီးက အဖြူရောင်ပေါ့။ အဲဒီမှာက လူတွေက ရုတ်ရုတ်သဲသဲ အော်ကြဟစ်ကြနဲ့ ကမ္ဘာပျက်သလိုပါပဲ။ လမ်းဘေးက ဖုံတွေကလည်း ထ၊ မီးအလင်းရောင်အောက်မှာ မြင်ကွင်းတွေက ဆိုးဆိုးရွားရွားတွေ မြင်နေရတယ်။ ဘဘက စိုးရိမ်ပြီးတော့ သိပ်ပြီးတော့ နီးနေပြီဆိုတော့ ပြန်လာတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့ကိုသွားဖို့ ပြန်လာတာ။ သူ့ဆီရောက်တော့ အခြေအနေတွေ အားလုံးပြော ပြတယ်။ သူ မသွားဘူးတဲ့။ အဲဒီလို မသွားဘူး ပြောနေတဲ့အချိန်မှာ လှမ်းကြည့်လိုက်တော့ နောက်က ကားတကားကို စပြီး ရိုက်နေနပြီ။ ရိုက်တဲ့ အသံတွေ စပြီး ကြားနေရပြီ။ ဝုန်းဝုန်းနဲ့ ရိုက်သံတွေ ကြားနေရတယ်။ နောက် ဒုတိယကားကိုလည်း ရိုက်နေပြီ။ ဒေါ်အောင်ဆန်စုကြည်ကား (Double Cap) ရဲ့ တံခါးပေါက်ထိပ်နားကို ရောက်လာတော့၊ ကိုတိုး ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တာဝန်ယူတဲ့ လူငယ်က ကားပေါ်မှာပါတဲ့ လူငယ်တွေက ကားအောက်ကို ဆင်းပြီး ကာကွယ်ထားတဲ့ သဘော ရှိတယ်။

အဲဒီအချိန်မှာ ကိုတိုးက အော်လိုက်တယ်။ ဘာ အော်လိုက်လဲဆိုတော့ ဒီကားဟာ နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကား၊ ဘဘကလည်း မင်သက်မိနေရာကနေ သတိရလာပြီး ကုန်းအော်တယ်။ ဟေ့ကောင်တွေ မလုပ်နဲ့၊ မရိုက်နဲ့ဆိုပြီး ကုန်းအော်တယ်။ အော်နေတဲ့အချိန်မှာ စက္ကန့်ပိုင်းလေးလောက်တော့ ရပ်သွားတယ်။

သင်္ကန်းဝတ် ရွယ်သူ ၄-၅ ယောက်လောက်က သင်္ကန်းဝတ် ဒုတ်နဲ့ သူတို့က ရှေ့ကဗျာ။ နောက်ကကောင်တွေက ညာသံပေးတဲ့ အကောင်တွေ၊ လူငယ်လူလတ်ပိုင်းတွေ။ သူတို့က ပုဆိုးတိုတိုနဲ့ ခါးစည်းထားတယ်။ နောက် လက်မှာ အမှတ်အသားပါတယ်။ လက်မှာက ဝါးရင်းဒုတ်တွေကို ကိုင်ထားတယ်။ နောက်ကနေ အော်နေတယ်။ ခဲတွေနဲ့ ပစ်တယ်။ ဒီကောင်တွေ ချကွာဆိုပြီး နောက်ကနေ အော်နေတယ်။ ဒုတိယအကြိမ်ရိုက်ဖို့ လုပ်ရာကနေ ရပ်သွားသေးတယ်။ နောက်ကကောင်တွေက ရိုက်ခိုင်းနေတယ်ဆိုတော့ ရိုက်မှာပဲဆိုတာ ဘဘ တွက်ထားတယ်။

ဘဘက ဒုတ်လွတ်တဲ့ နေရာကို နည်းနည်းလေးရှောင်ပြီးတော့ လှည့်လိုက်တဲ့အခါ နောက်က ရိုက်တာပဲဆိုပြီး ရှောင်လိုက်တဲ့အခါ ဘဘ လဲကျသွားတယ်။ ဘဘ ခြေထောက်က ခြေကျင်းဝတ် လည်ပြီးတော့ ထလိုက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားဘောနပ်ရှေ့ရောက်တဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကား ထွက်သွားတယ်။ ကျနော်ကတော့ အဲဒီလို ထွက်သွားတဲ့အချိန်မှာ သိပ်ပြီးတော့ ဝမ်းသာသွားတယ်။ ရိုက်တော့ ရိုက်တယ် မထိဘူးပေါ့။ သူ ဒီသေတွင်းက လွတ်ပြီဆိုပြီး ဝမ်းသာသွားမိတယ်။

ဘဘက ဘဘကားဆီ အပြေးသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားကို ရိုက်ရင်းရိုက်ရင်း လိုက်သွားတော့ မမီဘူး။ သူတို့ပါးစပ်က ဆဲတာဆိုတာ၊ ကြိမ်းတာမောင်းတာတွေ လုပ်ရင်းနဲ့ လိုက်သွားတယ်၊ မမီဘူး။ မမီတဲ့ အခါကတော့ ဘဘစီးလာတဲ့ကားကို လှည့်ပြီးတော့ ရိုက်တာပေါ့နော်။

ဘဘကားကလည်း မောင်းထွက်သွားတော့ မမီလိုက်ဘူး။ ဘဘက ကိုက် ၁၅ ကိုက်လောက်မှာ ကျန်ရစ်ခဲ့ပြီးတော့ ဘဘကား ထွက်သွားတယ်။ အဲဒီကောင်တွေက မော်တော်ကားကို မမီတဲ့ အခါကျတော့ ဆဲဆိုပြီးတော့ ပြန်လာကြတယ်။ ရိုက်တဲ့ သင်္ကန်းဝတ်တဲ့ ကောင်တွေနဲ့ နောက်က ညာသံပေးပြီး လုပ်ခိုင်းတဲ့ သူတွေက ပြန်လာကြတယ်။

ကျနော်က လမ်းရဲ့ ညာဘက်ဘေးနားမှာ ငြိမ်ပြီးတော့ နေရတယ်။ သဘောက ညဆိုတော့ မမြင်ဘူး။ လွတ်ရင် ဒီပဲယင်းဆီ ပြေးမယ်ဆိုပြီး ပြင်ထားတယ်။ သူတို့ ဘဘနဲ့ အလှမ်းဝေးတဲ့ နေရာလည်း ရောက်ရော ဒီပဲယင်းဘက်ကို ပြေးတာပဲ။ မောလို့ရှိရင် လမ်းလျှောက်လိုက်၊ အမောလေးဖြေလိုက်၊ ပြေးလိုက်လုပ်တယ်။

ဒီပဲယမ်းဘက်ကို ပြေးလာတဲ့ အချိန်မှာ နောက်ဘက်က အော်သံတွေ ကြားတယ်။ မန်း ၁ ဒီကိုလာစု၊ မန်း ၂ ဟိုဘက်မှာစု ဆိုတဲ့ အသံတွေ ကြားနေရတယ်။ မန်း ၁၊ မန်း ၂ ဆိုတာက မန္တလေးက ခေါ်လာတဲ့ အကောင်တွေပဲလားဆိုပြီး စဉ်စားစရာ ဖြစ်သွားတယ်။ အဲဒီဟာ ကြားပြီးနောက်မှာ ရှေ့မှာ လူတယောက် တွေ့တယ်။ ရှေ့မှာတော့ ဒီကောင်တွေ မရှိသေးဘူးဆိုတာ သိထားတယ်။ ရှေ့မှာ တွေ့ရတဲ့ လူတွေ ငါတို့ဆီဘက်က လွတ်သွားတဲ့ လူတွေ ဖြစ်နိုင်တယ်ဆိုပြီး လှမ်းမေးလိုက်တော့ ခင်ဦးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်နဲ့ တွေ့တယ်။ ကျနော် ခြေကျင်းဝတ် လည်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လွတ်သွားတယ်။ သူတို့ လှမ်းရိုက်တာကို ရှောင်လိုက်တဲ့အတွက် ဒုတ်နဲ့ ထိုးမိတာ ဖြစ်တယ်။ ပါးစပ်မှာ ကွဲသွားတယ်။ သူ့ရင်ဘတ်မှာ သွေးတွေက ရဲနေတာပဲ။

ဒေါက်တာဝင်းအောင် သွားတွေ၊ ဘာတွေ ပျက်စီးသွားတယ်။ ကျနော်မှာ ဖိနပ်မပါတော့ သူ့ဖိနပ်တွေ ဘာတွေ ချွတ်ပေးတယ်။ နှစ်ယောက်အတူတူ သွားတဲ့အခါ ရှေ့နည်းနည်းလေး ရောက်တဲ့အခါမှာ ၉ နာရီ ထိုးသံ ကြားရတယ်။ အဲဒီ နာရီအသံကြားပြီး မကြာခင်မှာ ဒီပဲယင်း တပ်ကနေ ပုဒ်မ ၁၄၄ ထုတ်သံကို ကြားလိုက်ရတယ်။ အဲဒီကနေ ဆက်သွားတဲ့အခါကျ မန္တလေးတိုင်းက လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကို တွေ့တယ်။

မူလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ကားပေါ်မှာ ရပ်တုန်းက ကိုတိုးအောင်၊ ညာဘက်က ကျနော်၊ ကျနော်နဲ့ ကပ်ပြီး ရပ်နေတဲ့သူက ဦးတင်အောင်ရဲ့ဘေးက မန္တလေးက ကလေးလေး။ အဲဒီကလေးလေးက သနားစရာ ကောင်းပါတယ်။ သူ့ကို လူကြီးတွေက ရိုက်မယ်လုပ်တော့ အကိုတို့ရယ် ကျနော့်ကို မရိုက်ပါနဲ့ ကျနော်က ကျောင်းသားလေးပါ။ ကျနော်က မိဘကို လုပ်ကျွေးနေတာပါ။ ကလေး သဘာဝအတိုင်းပြောတာ၊ တောင်းပန်နေတာ ကျနော် ကြားယောင်နေမိတယ်။ အဲဒီကနေ ဆက်ပြီးသွားတော့ ဘဘတို့ဘက်က ကားမီးက လင်းလိုက်၊ မှိတ်လိုက်၊ လင်းလိုက်ဆိုတော့၊ ကျနော်တို့ စိတ်ထဲမှာ ထင်တာက ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားပြီးတော့ ကျန်တဲ့လူတွေက သူ့လူကို သူ စောင့်ခေါ်နေတယ် ထင်ပြီးတော့ ဘဘတို့ မြန်မြန်သွားကြတယ်။ ဟိုလည်းရောက်ရော၊ အနားလည်းရောက်ရော၊ ကားတွေက မီးတွေဖွင့်လိုက်တဲ့ အခါကျတော့ ဘဘတို့ကို မီးနဲ့ထိုးထားသလိုဖြစ်ပြီး မီးတွေ လင်းနေတယ်။

ဘဘတို့ကို ရိုက်ဖို့ ဆင်းလာကြတယ်။ ဘဘတို့အနား ရောက်လာတော့ ဘဘက အော်ပြောလိုက်တယ်။ ဟိုက ငါတို့ကို ရိုက်လို့ ငါတို့က အသက်လုပြီးတော့ ထွက်ပြေးလာတယ်။ မင်းတို့က ဒီကနေ ပိတ်ပြီးတော့ လုပ်မယ်ဆိုတော့ကာ မင်းတို့နဲ့ပတ်သက်ပြီး ငါတို့ ဘာလုပ်လို့လဲ။ ငါတို့မှာ ဘာလက်နက်များ ပါလို့လဲ။

မင်းတို့နဲ့ ငါတို့က ဘာဖြစ်လို့လဲလို့ ပြောလိုက်တော့ တန့်သွားတယ်။ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ခဏနေဦး။ သူတို့ကို မေးကြည့်ရဦးးမယ်။ အကောင် နှစ်ကောင် သုံးကောင်လောက်က ပြောတယ်။ ခုနတုန်းက ကားတစီး ဖြတ်သွားတယ်။ အားလုံးပိတ်ဆို့ထားတဲ့ အတားအဆီးကိုလည်း၊ အတင်းတိုက်ပြီးတော့ ထွက်သွားတယ်။ တချို့လူတွေ ထိခိုက်ဒဏ်ရာ ရတယ်။ တချို့ကို ဆေးရုံပို့ရတယ်။

ကျုပ်တို့လူတွေကို သေအောင်လုပ်တဲ့အတွက် ချရမယ်၊ နှက်ရမယ်လို့ အဲဒီလိုပြောတယ်။ ငါတို့က ဟိုက အသက်လုပြေးလာရတယ်။ အခု မင်းတို့က လုပ်မယ်ဆိုရင် ဥပဒေက ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်လို့ ဘဘက ပြောတယ်။ ခေါင်းဆောင် လုပ်တဲ့သူက ခင်ဗျား ဘယ်သွားချင်လဲဆိုတော့ ကျနော်လာရင်းက ဒီပဲယင်း သွားဖို့ပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလာတာ၊ သူဘယ်ရောက်လဲဆိုတာ သိခွင့် ရှိတယ်။ သူနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။

အဲဒီလိုပြောတော့ ဟိုအမှောင်ထဲမှာ ထိုင်နေဆိုပြီးတော့ ပြောတယ်။ အပေါ်က ကောင်တကောင်က ရိုက်မယ်ဆိုပြီး ပြေးဆင်းလာတော့ အပေါ်က ကောင်တွေက ရိုက်ကွာ၊ ထိုးကွာ နိုင်ငံခြားအားကိုးတဲ့ ကောင်တွေ၊ ဘာတွေညာတွေဆိုပြီး အပေါ်ကောင်တွေက ကြွေးကြော်သံတွေ အော်နေကြတဲ့အချိန်မှာ ခေါင်းဆောင်လုပ်တဲ့သူက ဟေ့ကောင်တွေ ပါးစပ်ပိတ်၊ တိတ်စမ်း၊ လုပ်စရာရှိတာ ဒီလူတွေနဲ့ စကားပြောနေတယ်။ မင်းတို့ ပါးစပ်ပိတ်လို့ ပြောတော့ ငြိမ်သွားတယ်။ အဲဒါကိုကြည့်ပြီး ဘဘက စဉ်းစားတာက သူတို့ဟာ အဖွဲ့အစည်းတခုခုက သင်တန်းပေးထားတဲ့ သူတွေလား။ တပ်ထဲက အဝတ်အစား လဲပြီးတော့မှ လုပ်တာလား၊ ရဲထဲကပဲလား ဆိုတာကို စဉ်းစားနေမိတယ်။

ဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်တဲ့ ကောင်ရဲ့ အမိန့်ဟာ ကွပ်ကဲမှု အနေအထားအရ လိုက်နာမှု ရှိတယ်။ ချက်ချင်း ပြောတဲ့အခါ ချက်ချင်း ရပ်သွားတာတွေ၊ မသွားနဲ့ဆို မသွားတာတွေ၊ ရပ်ဆို ရပ်တာတွေကို သတိထားကြည့်မိတော့ ဒါဟာ အဖွဲ့အစည်းတခုအနေနဲ့ လာလုပ်တာပဲလို့ အောက်မေ့တယ်။ အဲဒီလို တွေးရင်းနဲ့ ကားသံတွေ ကြားတယ်။

သူတို့ လူတွေထဲက အော်သံတွေ ကြားတယ်။ ရှေ့မှာ လူကြီးတွေ လာတယ်ပြောတဲ့ အချိန်မှာ ကားတွေ ဝင်လာတယ်။ ဘဘတို့ကို မေးနေတဲ့ အကောင်က ပြန်သွားတယ်။ ဟိုမှာပဲ စကားတွေဘာတွေ ပြောနေတော့ ဘဘတို့က ထိုင်နေတယ်။ ခဏနေတော့ ဘဘတို့အထဲက ဦးပေါခင်က အခြေအနေက ဘာမှ မထူးဘူး၊ လူကြီးတွေ လာတယ်လို့လည်း ပြောတယ်။ အဲဒီအချိန်မှာ နည်းနည်းလေးတော့ အခြေအနေ အေးသွားတယ်။ ကျနော့်အနားကနေ အခြေအနေလေး ချောင်းကြည့်လိုက်ဦးမယ်ဆိုပြီး သွားကြည့်တယ်။
သူကြည့်ပြီး ပြန်လာပြောတယ်။ ဟုတ်တယ်။ အခုလာတဲ့ အထဲမှာ ရဲအဖွဲ့က လူကြီးတွေလို့ ထင်ရတယ်။

သူတို့ကို မေးစမ်းနေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ပြန်ပြီး ပို့ပေးဖို့နဲ့ ဒီမှာရောက်တဲ့ လူတွေကိုလည်း လုံခြုံတဲ့ နေရာပို့ဖို့ ပြောတယ်။ အဲဒီလိုပြောနေရင်းနဲ့ နောက်တခေါက် ပြန်သွားတယ်။ ဟိုက လူကြီးတယောက်က လိုက်လာပြီးတော့ ဘဘတို့ကို ဒီပဲယင်းကို ပို့ပေးမယ်။ သူတို့က လုံခြုံရေးကို ထိန်းသိမ်းတဲ့ အဖွဲ့ဝင်တွေ ခင်ဗျားတို့ကို ကျနော်တို့ လိုက်ပို့ပေးမယ်ဆိုပြီးတော့ ကောင်းပြီဆိုပြီး လက်ခံလိုက်တယ်။ နည်းတနည်းတော့ ယုံကြည်မှုလေးတော့ ဖြစ်သွားတာပေါ့။ ကျကျနန စည်းလေးကမ်းလေးနဲ့ ပြောတာလေးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ လိုက်မယ်ဆိုပြီး ပြောလိုက်တယ်။
ဘဘတို့ လုပ်မယ် ပြောတော့ တပ်ကြပ်လေး နှစ်ကောင်ကို ထည့်လိုက်တယ်။ အဲဒီမှာ ကားမောင်းမယ်ဆိုပြီး မီးထွန်းလိုက်တော့ လမ်းဘေးတဘက် တချက်တွေမှာ လူ ၅ဝ အုပ်၊ ၁ဝဝ အုပ်လေးတွေက ဒုတ်တွေနဲ့ ရှိသေးတယ်ဗျာ။ ဟိုဘက်ဒီဘက် ပိတ်ပြီးတော့ ညှပ်ပူးညှပ်ပိတ်လုပ်တဲ့ သဘောတော့ ပေါ်တာပေါ့လေ၊ ဟိုဘက်ဒီဘက်က ၅ဝ စီ - ၁ဝဝ စီ၊ လမ်းတဖက်တချက်မှာ ၂ ဖွဲ့လောက် တွေ့တယ်။

အဲဒါ လွန်သွားတဲ့ အခါကျတော့ လမ်းဘေးတဖက်တချက်မှာ မိန်းမကြီး ၂ဝ လောက် ရှိတယ်။ သူတို့က ထမီတိုတိုနဲ့။ အပေါ်က မျက်နှာပေါ်မှာ တဘက်စတွေ ပေါင်းထားတဲ့ မိန်းမတွေက သူတို့က ဘာအော်လဲဆိုတော့ ပုဆိန်ရိုးတွေ ခွေးတွေ ပြေးပြီ၊ ရှူးရှူးနဲ့ ရယ်ကြမောကြ ဟားတိုက်ကြ လုပ်ကြတယ်ဗျာ။ သဘောကတော့ ခေါ်လာတဲ့ လူတွေကို လုပ်ခိုင်းတာပဲ။ တကယ်တော့ အောက်တမ်းကြတာပေါ့ဗျာ၊ ဘဘ စိတ်ထဲမှာတော့ အဲဒီမိန်းမတွေက တော်တော်အောက်တမ်းကျတဲ့ မိန်းမတွေလို့ စိတ်ထဲမှာ မှတ်ထားလိုက်တယ်။

အဲဒီလို့နဲ့ ဒီပဲယင်းကို ရောက်တယ်။ ဘဘတို့ကို မယက ရုံးမှာ ထားတယ်။ မယက ရုံးမှာ ထားရင်းနဲ့ ခဏလောက် နေတော့ ဒိုင်နာကားတစီး ဝင်လာတယ်။ ခြံစည်းရိုးမှာ မီးတိုင်တွေ ထွန်းထားတာပေါ့ဗျာ။ ဝင်လာတဲ့ ဒိုင်နာကားက အမှောင်ရိပ်ထဲကို ထိုးပြီးရပ်လိုက်တော့ ကားပေါ်ကလူတွေ ဆင်းလာပြီးတော့ အမှောင်ရိပ်ကနေ အသီးသီး ဝင်သွားကြတယ်၊ အဲဒီ ပုံစံ။ ဘယ်လို့လဲဆိုတော့ သူတို့က အင်္ကျင်္ီ လက်ပြတ်ဝတ်ထားတယ်။ ပုဆိုးတိုတို ဝတ်တယ်။ သူတို့လက်ထဲမှာ ဘာမှတော့ ကိုင်ထားတာ မတွေ့ရဘူး။

ကားပေါ်မှာ ထားခဲ့တာ ဖြစ်နိုင်တယ်။ ၂ ယောက် တတွဲ၊ ၃ ယောက် တတွဲ တွဲပြီးတော့ ရုံးနောက်ထဲကို ဝင်သွားကြတယ်။ သဘောကတော့ဗျာ၊ ဒီနေရာက ည နေရာယူခိုင်းပြီးတော့၊ ဒီနေရာမှာ အသုတ်လိုက် ရောက်လာတဲ့ လူ၊ တာဝန်ခံတဲ့သူ ရောက်လာတဲ့ သဘောပေါ့ဗျာ။ အဲဒီလို လုပ်မယ့်ကိုင်မယ့် သူတွေကို အဲဒီနေရာတင် ထားပြုပြီးတော့ လုပ်ခိုင်းတဲ့ သဘောလို့ ကောက်ချက်ချရတာပေါ့၊ အဲဒီကနေ ဘယ်ပို့လိုက်လဲဆိုတော့ ဒီပဲယင်း ရဲစခန်းကို ပို့လိုက်တယ်။ ရဲစခန်းမှာ ခဏ ထိုင်ခိုင်းပြီးတော့၊ တယောက်က ရဲစခန်းမှူးနဲ့ စကားပြောပြီးတော့ ဘဘတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာပေါ့။

ဘဘကိုကျတော့ အမှုစစ်တဲ့ ရုံးခန်းရှေ့နားက သံဇကာ ကာထားတဲ့ အခန်းမှာ ထားတယ်။ ဘဘနဲ့အတူ ပါလာတဲ့ လွှတ်တော်ကိုယ်စား ၃ ယောက်ကိုတော့ အချုပ်ခန်းထဲ ထည့်တယ်။ သူတို့ကို မလုပ်နဲ့ မလုပ်ပါနဲ့ သူတို့နဲ့ ကျနော်က အတူတူ လာခဲ့တာပါပြောတော့ သူတို့က မလုပ်ပါဘူး။ သူတို့ကို အပြင်မှာပဲ အိပ်ခိုင်းမှာပါ။ သူတို့အတွက် လုံခြုံအောင်လို့ပါဆိုပြီးတော့ ဘဘလည်း ခုနက ပြောခဲ့တဲ့ အခန်းထဲ ရောက်သွားတယ်။ သူတို့ကိုလည်း အချုပ်ခန်းထဲ ထည့်လိုက်တယ်။ မနက်မိုးလင်းတဲ့ အခါကျတော့ ကားတစီး ဝင်လာတယ်။ ဒိုင်နာကား ဖင်ထိုးပြီးတော့ ဝင်လာတော့ ဒဏ်ရာရတဲ့ မန္တလေးက ကိုလှဦး၊ နောက်တယောက်က ကျနော့်ကား မောင်းတဲ့ ကိုအောင်စိုးဗျာ။ ကိုအောင်စိုးက ဘယ်သူ့ကို တွဲချလာလဲဆိုတော့ ကိုတိုးလွင်။ ကိုတိုးလွင်ရဲ့ တကိုယ်လုံးမှာလည်း သွေးတွေ ရဲနေတယ်။ ခေါင်းမှာလည်း သွေးတွေ စီးပြီးတော့ ရဲရဲနီနေတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယူတဲ့ ကိုတိုးလွင်က အများဆုံး အရိုက်ရတာ ဖြစ်တယ်။ ဆေးဝါး ကုသခွင့်လည်း မပေးပါဘူး။ အကျဉ်းစခန်းထဲ ထည့်တယ်ပေါ့။ မနက်ပိုင်းကျတော့ အဖွဲ့ချုပ်ရုံးတွေကို ချိတ်ပိတ်လိုက်တဲ့အကြောင်း မီရာသတင်းတွေနဲ့ ပြတာပေါ့ဗျာ။ သူတို့က ဘဘတို့ မြင်အောင် ပြတာပေါ့ကွာ။ ဒီလိုမျိုးဖြစ်လို့ အဖွဲ့ချုပ်ရုံးတွေကို ပိတ်လိုက်ရပါတယ်ဆိုပြီးတော့ လုံခြုံရေး အကြောင်းပြပြီး ပိတ်တာပေါ့။ နေ့ခင်းမှာ ဘဘက အိုက်လို့ ရေချိုးချင်တာပေါ့။ မိသားစုတွေနေတဲ့ ဘားတိုက်တွေနောက်က လက်လှုပ်တွင်းမှာ သွားချိုးရတာပေါ့။ သွားချိုးတော့ ဘာကြားလဲဆိုတော့ အိမ်ထောင်လိုင်းမှာနေတဲ့ ဝန်ထမ်းတွေ အချင်းချင်း မနေ့က အဖြစ်အပျက်တွေကို ပြန်ပြောတဲ့ဟာတွေ ကြားတယ်။

ဘယ်လိုကြားလိုက်လဲဆိုတော့ ငါမှာလည်းကွာ ရိုက်ရမယ့်ဟာက အမျိုးသမီးတွေက ငါတို့ ရိုက်မယ်ဆိုတော့ အော်လိုက်တာကွာ၊ အကိုကြီးရယ် မလုပ်ပါနဲ့ဆိုပြီး ဝိုင်းပြီး အော်ကြဟစ်ကြ၊ ငိုကြရယ်ကြနဲ့ကွာ။ ငါ့မှာက ရိုက်ရတော့မလို၊ ရယ်ရတော့မလို ဖြစ်နေတယ်ကွာ။ ဒါပေမဲ့ သူတို့က စပ်စပ်ကလေး လုပ်လွှတ်လိုက်တော့ အော်လိုက်ကြတာများကွာ ဆိုပြီး၊ ပြီးတော့မှ ရယ်မောသံတွေပေါ့ဗျာ၊ ဟားဟား ဟီးဟီးပေါ့ဗျာ။

အော် လက်စတက်တော့ ညက လုပ်တဲ့ အသိုင်းအဝိုင်းက လူတွေက ဒီကကောင်တွေပဲ ထင်တယ်။ ဒီလိုတော့ မှန်းလို့ ရတာပေါ့ဗျာ။ အဲဒီလို သဘောတွေလည်း ရှိတာပေါ့ဗျာ။ ကျနော်လည်း အဲဒီကနေ ပြန်လာပြီးတော့ FIR ဖွင့်ပြီးတော့ တိုင်ချက်တွေဘာတွေ ပေးခဲ့သေးတယ်ဗျာ၊ အဲဒီည အိပ်ပြီး နောက်တနေ့မှာ ကျနော်တို့ အားလုံးကို ခွဲပြီးတော့ ပို့တယ်။ တချို့လည်း ဘယ်ခွဲပို့လဲဆိုတာကတော့ မသိရဘူး ခေါ်သွားတာပဲ။ ကျနော်က သူတို့နဲ့ အတူတူလိုက်မယ်ဆိုပြီး ပစ္စည်းလေးယူပြီး ထွက်တော့ ကျနော် မလိုက်ရဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မလိုက်ရဘူး။

ဘဘတို့ကို တနေရာပို့မယ်ဆိုပြီး ၁ ရက်နေ့ ၃ နာရီမှာ ပို့လိုက်တယ်။ ပို့လိုက်တော့ ဘယ်ရောက်သွားလဲဆိုတော့ ကလေးမြို့ အကျဉ်းထောင်ကို ရောက်သွားတော့တယ်။

ဘဘတို့ ရောက်တော့ ပထမဦးဆုံး တွေ့ရတာက ဆရာဝန်ပေါ့။ ဆရာဝန်က လာပြီး ဘာရောဂါတွေ ရှိသလဲပေါ့ဗျာ၊ မေးတာပေါ့။ ဘဘက ရောဂါရှိသမျှကို ပြောပြတယ်။ ခြေထောက်မှာလည်း သွေးကြောထုံးရောဂါ ရှိတယ်။ သွေးတိုးနည်းနည်း ရှိတယ်။ နောက်ပြီးတော့ ဂေါတ်လည်း ရှိတယ်၊ ဆီးချိုလည်း နည်းနည်း ရှိတယ်။ သူတို့လည်း မှတ်တမ်းတင်ထားတာပေါ့ဗျာ။ ဆေးရုံက ဆရာဝန်က ကလေးမြို့က လာတာဗျာ။ ကလေးမြို့က ဆေးရုံက ကလေးထောင်ကို တယောက်လွှဲထားပေးတယ်။ အဲဒီဆရာဝန်က ဆေးတွေဘာတွေ စစ်ဆေးတယ်။ ကျနော်တို့ ရှိစဉ်ကာလအတွင်းမှာ လာပြီးတော့ စစ်ဆေးတာတွေ လုပ်ပေးပါတယ်။

နောက်ပြီးတော့ သူတို့ လူကြီးတွေက မှာလိုက်ပါတယ်။ ဘဘတို့ အားလုံးအတွက် လိုချင်တာရှိရင်၊ စားချင်တာရှိရင် မှာပါ၊ သူတို့ အကုန်လုပ်ပေးပါမယ်လို့တော့ ပြောတယ်။ သူတို့ဆီက ကြက်သွန်တို့၊ ကြာဇံတို့ လိုအပ်တဲ့ ပစ္စည်းတွေ လာပေးတယ်။ ဘဘအနေနဲ့ တောင်းတာပြုတာ မလုပ်ဘူး။
နေ့ကြီးရက်ကြီး အခါကြီးတွေ ကျပြန်တော့လည်း ကျနော်တို့ အဖွဲ့သားလေးတွေနဲ့လာပြီး လုပ်ကိုင်ပေးတဲ့ ကလေးတွေ စားဖို့ကတော့ စမူဆာလေး ဘာလေးညာလေး ၃ဝဝ ဖိုး၊ ၄ဝဝ ဖိုးလောက်ကတော့ မှာဖူးတယ်။

အဲဒါကိုတာ့ ဘဘက ပိုက်ဆံပေးမယ်လို့ပြောတော့ သူတို့က ပိုက်ဆံမယူဘူး။ တချို့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘဘက ပိုက်ဆံပေးတယ်။ ဥပမာ - ထမင်းနဲ့ပတ်သက်တဲ့ ထမင်းချိုင့် သပ်သပ်ရပ်ရပ်လေးဖြစ်ဖို့၊ ရေပုလင်းနဲ့ပတ်သက်လို့ ရေသန့်ဘူးလေး ဘာလေးတွေအတွက် ပိုက်ဆံပေးတယ်။ ဒါပေမဲ့ သူတို့ ပိုက်ဆံပေးတာတွေနဲ့ပတ်သက်လို့ တခုမှ မယူပါဘူး။ လိုချင်တာရှိရင် မှာပါ၊ သူတို့လူကြီးက မှာတယ်ပြုတယ်လို့ ပြောတယ်။

တပတ်နှစ်ပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည်က ပို့လိုက်တဲ့ အားရှိမယ့် အစားအသောက်တွေနဲ့ ဘူးတွေခွက်တွေ ရဖူးပါတယ်။ နှစ်ကြိမ်သုံးကြိမ်လောက် ရဖူးတယ်။ နောက်မှ တော်တော်လေးကြာတဲ့ အခါကျမှ ခြင်ထောင်လေးဘာလေး ပေးတယ်။ အောက်ခင်းဖို့ပြုဖို့ ပေးတယ်။ ကျနော်က ရောက်ရောက်ချင်း တောင်းတာကတော့ ကုတင် အမြင့်လေး တောင်းတယ်။ ဒါတော့ မပေးပါဘူး။ ကျနော်က အခင်းနဲ့ အိပ်ရတယ်။

အဲဒီလိုနေရင်းနဲ့ ၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ကျတော့ မနက်မနက်တိုင်း နှုတ်ဆက်တော့၊ အသံမကြားရတဲ့ အခါကျတော့ ဘဘမေးကြည့်တော့ သူတို့ ရွှေ့သွားပြီလို့ ပြောတယ်၊ ဘဘ စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်များ ပို့လိုက်သလဲဆိုပြီးတော့ စိတ်ပူတာပေါ့။ ကျနော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်ကို မေးကြည့်တော့ သူတို့ကို ကောင်းကောင်းမွန်မွန်၊ ကားနဲ့ လာခေါ်တာတွေ တွေ့လိုက်ရတယ်။ သူတို့ကို ရွှေဘိုထောင်တို့၊ မန္တလေးထောင်တို့ ပို့လိုက်တယ် ထင်တာပေါ့။ နောက်မှာပဲ သိလိုက်ရတယ်၊ လွှတ်လိုက်ပြီဆိုတာ သိလိုက်ရတယ်။

ဘဘကို ဖော်ဖော်ဝါရီလ ၁၃ရက်နေ့ ညတည်းက ပလပ်စတစ်အိပ်တွေ လာပေးတယ်။ မနက်ဖြန်ကျရင် အဘကို တနေရာ ပို့ဖို့ရှိတယ်။ ဘဘကလည်း ဘယ်ကို ပို့မလဲ မေးကြည့်တော့ သူတို့လည်း မသိဘူးလို့ ပြောတယ်။ ဘဘစိတ်ထင် အင်းစိန်ကိုများ ပို့မလား၊ ဘဘ စိတ်ထင်နေမိတယ်။ လေယျာဉ်ပျံက မန္တလေးကနေ ရန်ကုန်ရောက်တော့ မင်္ဂလာဒုံက လူတွေ လာကြိုပြီး၊ ကျနော့်ကို ၁ဝ (က) နဲ့ အိမ်မှာ အကျယ်ချုပ်ကျတယ်။ အဲဒါနဲ့ ၆ နှစ်ပေါ့။ လွတ်လာတာ မကြာသေးဘူးပေါ့ဗျာ။

သင်ပုန်းချေရေး ဒေါ်အောင်ဆန်းစုကြည်ကမ်းလှမ်း

ဘဘ အပြင်ရောက်တဲ့အခါ ပထမဆုံးအကြိမ် ကြားတာက အင်းစိန်ထောင်ကို ရောက်သွားတယ်လို့ ကြားတယ်။ နောက်တော့ အိမ်ချုပ်ချထားတယ်လို့ ကြားတယ်။ အဲဒီတုန်း မစ္စတာ အစ္စမေးလ်လာတဲ့ အချိန်နဲ့ ကိုက်နေတယ်။ လူကြီးတွေက တွေ့ဖို့ ခေါ်တယ်ပြောတော့ ဘဘတို့ လိုက်သွားတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ အဲဒီအချိန်က ညောင်နှစ်ပင် ညီလာခံကလည်း ခေါ်မယ် လုပ်နေတဲ့ အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်မှူးကြီးသန်းထွန်းတို့၊ ပြည်ထဲရေးဝန်ကြီး ကိုတင်လှိုင်တို့၊ ကိုကျော်ကျော်ဝင်းတို့ လာတွေ့တယ်။

အဓိပ္ပာယ်ကတော့ လာတွေ့တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီပဲယင်းနဲ့ ပတ်သက်တဲ့ ကိစ္စအားလုံးကို သူ့ကို ဘာမှ မပြောဘူး။ သင်ပုန်းချေတဲ့ သဘောကို ပြောလိုက်တယ်။ တဖက်က ဘာလုပ်ပေးဖို့ လိုလားလဲ ဆိုတော့ကာ၊ ညောင်နှစ်ပင် ညီလာခံတက်ဖို့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသမားတွေကို လွှတ်ပေးဖို့၊ အဖွဲ့ချုပ် မြို့နယ်မှာရှိတဲ့ ရုံးတွေကို ဖွင့်ပေးပြီးတော့ လုပ်ရိုးလုပ်စဉ် စည်းရုံးရေး ကိစ္စတွေကို ငြိမ်းချမ်းစွာနဲ့ လုပ်နိုင်ရန် ခွင့်ပြုဖို့၊ နောက်တခုက အဖွဲ့ချုပ်က ညီလာခံကိုယ်စားလှယ်ကို မိမိအဖွဲ့ချုပ်အနေနဲ့ ရွေးချယ်ခွင့်ပေးဖို့၊ နောက်တခုကတော့ အခုလက်ရှိ ညီလာခံ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲဖြစ်ဖြစ်၊ ညီလာခံ မခေါ်ခင်မှာဖြစ်စေ၊ ခေါ်ပြီးဖြစ်စေ ညှိနှိုင်းဆွေးနွေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ဟာတွေကို ဘဘတို့က ပြောတယ်။ ခုနက လာပြောတဲ့ သူတွေက ပြန်သွားတယ်။

ဟိုဘက်က လာပြန်ပြောတယ်။ အမတို့ဘက်က ဒီပဲယင်းကိစ္စနဲ့ပတ်သက်လို့ ဘာမှ မပြောတော့ဘူး၊ သင်ပုန်းချေမယ်လို့ ပြောတဲ့အခါ ဟိုဘက်က သူတို့လူကြီးက အရမ်းဝမ်းသာတယ်လို့ ပြောတယ် အမရေဆိုပြီး လာပြောတယ်။ အမတို့ဘက်က စီစဉ်စရာရှိတာ ဆက်ပြီး စီစဉ်ပါလို့ ပြောတယ်။ ဘဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။ ဘဘတို့ဘက်က ညောင်နှစ်ပင် ညီလာခံကို တက်ရောက်နိုင်တဲ့ အနေအထားဖြစ်တော့ တက်မယ်ဆိုပြီးတော့ အုပ်စုနှစ်ခု ခွဲလိုက်တယ်။ ညီလာခံမှာ ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်ပြီးတော့ တက်မယ်။

အရင်တုန်းက တက်ခဲ့တဲ့ အသက်အရွယ်ကြီးရင့်တဲ့ ပုဂ္ဂိုလ်တွေက ပြန်လာ၊ လူလတ်ပိုင်းက လူတွေ ပြန်တက်၊ ဥပဒေဆွဲတာတွေကို နားထောင်၊ ရေးစရာ ရှိတာတွေကို ရေးသားမှတ်သားလာ၊ ညီလာခံ ပြီးတဲ့အချိန်က ရုံးချိန်ဆိုရင် ရုံးမှာ တွေ့မယ်။ ရုံးချိန်မဟုတ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ တွေ့မယ်။

တနေ့လုံး လုပ်ခဲ့တဲ့ ညီလာခံ ကိစ္စတွေကို ပြောကြမယ် ဆိုကြမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး နားထောင်၊ ရှေ့ဆက်ပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာ ဆွေးနွေး၊ ဆုံးဖြတ်၊ အတည်ပြုပြီးလို့ရှိရင် အဲဒီညီလာခံတက်တဲ့ လူတွေက ပြောဖို့ဆိုဖို့ အစီအစဉ်တွေလုပ်၊ ဘာညာပေါ့လေ။ နောက် ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေခဲ့မယ့် ဘဘတို့တတွေက ကျန်ခဲ့မယ်။ လွတ်လာတဲ့ အထဲက ဦးဝင်းတင်၊ ဒေါက်တာသန်းငြိမ်းတို့၊ ဒေါ်မေဝင်းမြင့်တို့ စသဖြင့် လွတ်လာတဲ့ ပုဂ္ဂိုလ်တွေထဲက ညီလာခံ တက်ခိုင်းသင့်သူတွေကို တက်ခိုင်းပြီးတော့ ဦးဝင်းတင်နဲ့ ကျနော်တို့က အတူတကွ ပြောတဲ့ဆိုတဲ့ ဟာတွေကို နားထောင်ပြီးရင် တွေ့ဆုံဆွေးနွေးပြီးတော့ ရေးကြခြစ်ကြဖို့ပေါ့ဗျာ။ လွတ်တဲ့အထဲမှာ ကိုကျော်စန်းတို့၊ ဗိုလ်ဝင်းထိန်တို့ စသည်အားဖြင့် နာမည်တွေကတော့ တော်တော်များများ ပြောပါတယ်။ အဲဒါမျိုး အဖွဲ့ ၂ ဖွဲ့ ခွဲလိုက်တယ်။ ညီလာခံတက်မယ့် အထဲမှာ ဦးအောင်ရွှေ ခေါင်းဆောင်မယ့် အဖွဲ့နဲ့ နောက်မှာ ကျန်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ လုပ်မယ့် အဖွဲ့၊ ၂ ဖွဲ့ လုပ်မယ်လို့ စီမံထားတယ်။

ညီလာခံ ဖွင့်ဖို့ နှစ်ရက်လောက်အလို ထင်တယ်။ ကျနော်တို့ကို ခေါ်လို့သွားတယ်။ သူတို့ဘက်က လာသွားတယ်။ အမရေ ဒါနဲ့ ပတ်သက်တာကတော့ အစီအစဉ်ကတော့ အဲဒီအတိုင်း မဖြစ်ဘူး။ အမတို့ တက်မယ်ဆိုရင် ဒီအတိုင်းပဲ တက်ပါဆိုပြီးတော့ ပြောတယ်။ သဘောကတော့ ပထမဆုံး စီမံတဲ့ ကိစ္စကတော့ သူတို့ လူကြီးတယောက် နေမှာပေါ့။ အဲဒီလို ခွင့်မပြုဘူး၊ သဘောမတူဘူးဆိုတာက တခြားလူကြီးတယောက် ဖြစ်မှာပေါ့။ အဲဒီလိုပဲ ဘဘတို့က အောက်မေ့တာပေါ့နော်။

အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာကတော့ ကျမတို့က ဒီပဲယင်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်ပျက်တဲ့ အားလုံးကို သင်ပုန်းချေထားတယ်။ ပြောလည်း မပြောဘူး၊ ဆိုလည်း မဆိုဘူး။ ကျမတို့ဘက်က ခံထားရတဲ့ အကျဉ်းကျခံနေရတဲ့ ပုဂ္ဂိုလ်တွေ၊ အရိုက်ခံရတဲ့ ပုဂ္ဂိုလ်တွေ၊ အသက်မသေခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်ဆုံးရှုံးမှုတွေ အားလုံးကို ကျမတို့ဘက်သားတွေကို ပြေလည်အောင် ပြောရမယ့် ကိစ္စ၊ ကျမ အန္တရာယ်ကို စွန့်ပြီးတော့ ပြောရမှာပါ ဆိုပြီးတော့ သူတို့ကို ပြန်ပြီး ပြောလိုက်တယ်။

ညီလာခံကို တက်ဖို့၊ မတက်ရင် အဖွဲ့ချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝဟာ အဖွဲ့ချုပ်ရဲ့ တာဝန်ဖြစ်တယ်။ ဆိုလိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောလည်း ပါတယ်ပေါ့ဗျာ။ အဲဒီတော့ မတက်ဘူး။ ဒီနေ့
အတိုင်းအတာက သိတဲ့အတိုင်းပဲ မှတ်ပုံလည်း မတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူး။ အခြေအနေ အရပ်ရပ်ဟာ အဲဒီ အချိန်တိုင်း ထိခိုက်ခဲ့တာ အမှန်ပဲ။ အဖွဲ့ချုပ်အနေနဲ့ကတော့ ရှေ့ဆက်ပြီး မိမိတို့အဖွဲ့ချုပ် စိတ်ဓာတ်နဲ့ ရပ်တည်ပြီး ပြည်သူလူထုနဲ့ ပတ်သက်လို့ လိုအပ်တဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကိစ္စတွေကို ဆက်လက်အောင်မြင်သည်အထိ ကြိုးစားသွားမယ်ဆိုတာကို သန္နိဋ္ဌာန် ချထားတယ်။

ဘဘတို့ ဖြစ်ပျက်ခဲ့ကိစ္စ အဝဝကိုလည်း ပြည်သူလူထုတရပ်လုံး တိုင်းရင်းသား အားလုံး၊ အဲဒီထဲမှာ တပ်မတော်သားတွေ အပါအဝင် ပြည်သူသားလျှင် အမိ၊ ပြည်သူသာလျှင် အဖ ဖြစ်တဲ့အတွက် တပ်မတော်သားတွေကလည်း ပြည်သူပြည်သားက မွေးဖွားတဲ့ သားသမီးဖြစ်တဲ့ အားလျော်စွာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်တို့ဟာလည်း အောင်မြင်သည်အထိ ဆောင်ရွက်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာတဲ့ အဖွဲ့ချုပ်ဖြစ်တဲ့အတွက် အဖွဲ့ချုပ်ဟာ အဲဒီစိတ်ဓာတ်နဲ့ ရှင်သန်နေတာမို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဝင်တွေ အပေါ်မှာ ပြည်သူပြည်သားများ အားလုံး၊ တိုင်းရင်းသားတွေ အားလုံး၊ တပ်မတော်သားတွေ အားလုံး ဝိုင်းဝန်းပြီးတော့ စာနာထောက်ထားပြီးတော့ နားလည်မှုရှိပြီး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ ပြောချင်တော့တယ်။

တွေ့ဆုံဆွေးနွေးမှု

ဒီလို တိုက်တာခိုက်တာတွေတော့ မကောင်းဘူး။ ဘယ်သူလုပ်လုပ် ဘဘအနေနဲ့ကတော့ မကြိုက်ဘူး။ ဒါက အဖြေမှ မဟုတ်ပဲဗျာ။ အဖြေက တယောက်နဲ့ တယောက် ယုံကြည်မှု ရဖို့ရာအတွက် စိတ်ရှည်လက်ရှည်နဲ့ ဆွေးနွေးဖို့ပဲဗျာ။ အဲဒီဟာပဲ။ သူတို့ လုံပမ်းနေတာက ပါတီထောင်ကတည်းက အဆင့်လိုက် အဆင့်လိုက် မပြတ် တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့အတွက် လုပ်ခဲ့တယ်။ ဒါတင် မကသေးဘူး။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ လွှတ်တော်ကိုယ်စားများ စုဝေးပြီးတော့ လွှတ်တော်သဘောနဲ့ သူတို့အစိုးရ ရပ်တည်နေတဲ့ ဒီဖက်တို (တရားမဝင်) အစိုးရကနေ၊ တရားဝင် အစိုးရဖြစ်အောင် လွှတ်တော်ကနေ သဘောတူ ခွင့်ပြုပြီးတော့ တရားဝင် အစိုးရအဖြစ် ကြေညာပေးဖို့ ဒီလို လုပ်ခဲ့တာပဲ။ သူတို့ ဆက်ပြီးတော့ ရွေးကောက်ပွဲပဲ လုပ်လုပ်၊ ဘာပဲလုပ်လုပ် ကျနော်တို့ ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို ဂုဏ်ပြုဖို့၊ အသိအမှတ်ပြုဖို့ပဲ။ ဒါပဲ ကျနော်တို့က ပြောနေတာပဲ။ အသိအမှတ်ပြု ဂုဏ်ပြုလိုက်တယ်ဆိုရင် သမိုင်းမှာ အစဉ်အလာကောင်းတွေ ဖြစ်သွားမှာပေါ့။ ၉ဝ ခုနှစ် ရလဒ်ကောင်းတွေ ရှိရဲ့သားနဲ့ ထပ်မံပြီးတော့ ရွေးကောက်ပွဲသစ် လုပ်မယ်၊ ရလဒ်သစ် လုပ်မယ် ဆိုတာကတော့ သမိုင်းမှာ မကောင်းဘူးဗျာ။ အင်မတန် သမိုင်းမှာ အရုပ်ဆိုးတဲ့ ဟာကြီးဗျာ။

အရုပ်ဆိုးတဲ့ ဟာကြီး ဖြစ်တာကို နောင်လာနောက်သားတွ အတွက် မကောင်းသော ပညာပေးမှု၊ မကောင်းသော သင်ခန်းစာလို့ ကျနော်တို့က ယူဆထားတဲ့အတွက် မလုပ်ကောင်းဘူးဗျာ။ နောင်မှာလည်း လုပ်စရာရှိတဲ့ လုပ်ငန်း အဝဝကို ဘာပဲလုပ်လုပ်၊ ဘယ်သူကပဲ လုပ်လုပ်၊ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားတာကိုပဲ အားပေးချင်တယ်။ ကျနော်ပြောသလို ဒီပဲယင်းဟာမျိုး အကြမ်းဖက်မှုတွေက ဒီမှာ နှစ်ပေါင်း ၆ဝ ကျော် ရှိပြီဗျာ။ တယောက်နဲ့တယောက် အပြန်အလှန် စကားစစ်ထိုးမှုတွေက တော်လောက်ပြီဗျာ၊

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေက ချွတ်ချုံကျနေပြီ။ ပြည်သူလူထုနဲ့ ပတ်သက်ပြီးတော့ ကယ်တင်ရမယ့် ကိစ္စမှာ ဟိုဘက်က အကြီးအကဲဖြစ်တဲ့ ပုဂ္ဂိုလ်နဲ့၊ ဒီမိုကရေစီ အင်အားစုတွေနဲ့၊ ပြည်သူလူထုက ထောက်ခံအားပေးတဲ့ အထောက်အခံ အများဆုံးဖြစ်တဲ့ ကျနော်တို့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စာပွဲဝိုင်းမှာထိုင်ပြီး လျှော့နိုင်သလောက်တွေ လျှော့ပြီးတော့၊ အပေးအယူတွေ လုပ်မယ်ဆိုရင် ဖြစ်ပါတယ်ခင်ဗျာ။ ဘဘကတော့ အဲဒီလိုပဲ မြင်တယ်။

သူတို့မှာ လက်နက်တွေ ရှိလို့၊ ငွေတွေ ရှိလို့၊ ပါးစပ်မှာ အာဏာတွေ ရှိလို့ လုပ်တဲ့ဟာတွေကလည်း အမှန်မဟုတ်ဘူးဗျာ။ အကြမ်းဖက်မှု လုပ်လို့ ပြန်ပြီး တုံ့ပြန်တယ်ဆိုတာလည်း အဖြေမဟုတ်ဘူးဗျာ။ ဘယ်တော့မှ မပြီးဘူးဗျာ။ ပြီးနိုင်တဲ့ ကိစ္စကတော့ ပြည်သူလူထု အကျိုးစီးပွား၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်က ကျရှုံးနုံနဲ့နေတဲ့ဟာကို ပြန်ပြီး မတ်လာအောင် လုပ်ဖို့ဟာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ကြားလူမပါဘဲ အေးအေးဆေးဆေး တွေ့ပြီးတော့ အပေးအယူ လုပ်လိုက်ပြီးတော့ လျှော့တန်တာတွေ လျှော့လိုက်ရင် ဖြစ်ပါတယ်ဗျာ။ ဘဘအနေနဲ့ အသက်အရွယ် ကြီးလာပြီဆိုတော့ တိုင်းပြည်မှာ တိုးတက်ကောင်းမွန်ပြီးတော့ အေးအေးချမ်းချမ်း ဖြစ်သွားတာကို မြင်ချင်တယ်ဗျာ၊ ဒါပဲ။


ကျိုင်းတုံမြို့ သာသနာ့ဗိမာန်အုတ်တံတိုင်းအတွက် ဒေသခံလူထုထံ ကျပ်သိန်းချီ အလှူငွေကောက်

မွေခေါဝ်

နအဖအာဏာပိုင်များက ကျိုင်းတုံမြို့သာသနာ့ဗိမာန် အုတ်တံတိုင်းဆောက်လုပ်ကာရံရန် ဒေသခံလူထုထံ အလှူငွေ များ ကောက်ခံလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

တြိဂံဒေသတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုးက သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ နောင်ခမ်းရပ်ကွက်အတွင်းရှိ သာသနာ့ဗိမာန် အုတ်တံတိုင်းဆောက်လုပ်ကာရံရေးအတွက် ကျိုင်းတုံမြို့နေ ကားပိုင်ရှင်များထံ အလှူငွေကောက်ခံ ရန် ရပ်ကွက်/ကျေးရွာအာဏာပိုင်များအား ညွန်ကြားထားသည်။

ရပ်ကွက်/ကျေးရွာအာဏာပိုင်များက အုတ်တံတိုင်းဆောက်လုပ်ရေးအတွက် မြို့တွင်းသွားလာ/၀င်ထွက်ပြေးဆွဲနေ သည့်ယာဉ်- ၁၆ ဘီး တစ်စီး ကျပ် ၃ သိန်း၊ ၁၂ ဘီး ကျပ် ၂ သိန်း၊ ၆ ဘီး ကျပ် ၁ သိန်း၊ ဟိုင်းလက်တစ်စီး ကျပ် ၆ သောင်း၊ ဒိုင်နာတစ်စီးကျပ် ၅ သောင်းအသီးသီးထည့်ဆောင်ရမည်ဟု မြို့ဝင်/ထွက်ဂိတ်များ၌ စာကပ်ထားသည် ဟုဆို၏။

“ကျိုင်းတုံမြို့မှာ ၁၆ ဘီးကားကြီး ၉၂ စီးရှိတယ်။ အာဏာပိုင်တွေက အစီး ၆၀ ကို စာရင်းကောက်ယူပြီး ကျန် ၃၂ စီးအတွက် စာရင်းစီစစ်ကောက်ယူဆဲ” ဟု မယကနှင့်ဝင်ဆန့်သူတစ်ဦးက ပြောပြပါသည်။

ထို့အပြင် တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး၏ ညွှန်ကြားချက်အတိုင်း ခရက၊ မယကတို့က မြို့ပေါ်ရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအားလုံးဆင့်ခေါ်ပြီး ရပ်ကွက်အတွင်းကင်းတဲများဆောက်လုပ်ရန် ညွန်ကြားခဲ့သေး၏။

မေလလယ်မှစ၍ တရက်လျှင် ၂၄ နာရီပတ်လုံး ရပ်ကွက်သား ၃ ဦးစီ အလှည့်ကျကင်းစောင့်ခိုင်းစေသည်ဟုဆို၏။

“ကင်းစောင့်ဖို့မအားရင် တနေ့ကျပ်ငွေ ၃၀၀၀ နဲ့ လူတယောက်ငှားပြီး အစားစောင့်ခိုင်းဖို့ မယကရုံးကို ပိုက်ဆံပေး သွင်းရတယ်။ကိုယ်တိုင်လူစားသွားရှာငှါးပြီး စောင့်ခိုင်းလို့မရဘူးလို့လဲ အမိန့်ထုတ်ထားသေးတယ်” ဟု မြို့ခံတစ်ဦး က ပြောပါသည်။





မြန်မာ့“စပါးကျီ” တကျော့ပြန်လာပြီလော

ဝီလျံဘု Monday, May 31, 2010


တချိန်က ပြည်ပသို့ ဆန် အလုံးအရင်း ပို့နိုင်ခဲ့သော မြန်မာ နိုင်ငံတွင် ထုတ်ကုန် တိုးမြှင့်လာ မှုကြောင့် လက်ရှိ ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့နေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံက စနိုးစနောင့် ဖြစ်နေရသည်။


၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံက ဆန်တန်ချိန် ၁ ဒသမ ၃ သန်း ပြည်ပပို့နိုင်ခဲ့သောကြောင့် ထိုင်း ဆန် တင်ပို့သူများ အသင်း (Thai Rice Exporters Association - TREA) က နိုင်ငံခြားပို့ကုန် ပမာဏကို ဆက်လက် အာရုံစိုက်ရမည် လော၊ မြန်မာနိုင်ငံကဲ့သို့ ပြိုင်ဘက် အသစ်များကို နေရာဖယ်ပေးမည်လော၊ အရည်အသွေးကောင်း ဈေးကွက်ကို အရ လှမ်းယူမည်လော ဟူ၍ မေးခွန်းထုတ် သုံးသပ်နေရသည်။

တကျော့ပြန် အားကောင်းလာသော မြန်မာ့ဆန်လုပ်ငန်းသည် နှစ်စဉ် ပို့ကုန်ပမာဏ တန်ချိန် ၂ ဒသမ ၅ သန်းမှ မကြာမီ ၃ သန်းအထိရှိလာမည်ဟု ခန့်မှန်းရကြောင်း ထိုင်း ဆန်စက် လုပ်ငန်းရှင်များ အသင်းက မတ်လတွင် သတိ ပေးခဲ့ဖူးသည်။

ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း (MRIA) ကို ဆန် ထုတ်လုပ် ရောင်းချသော အုပ်စု သုံးစုဖြင့် ဖွဲ့စည်းခဲ့သည်။ မြန်မာ့ဆန်လုပ်ငန်းကို ပြည်တွင်း ဆန်ထုတ်လုပ်မှု လုပ်ငန်းများဖြင့် ပြန်လည် စုစည်း အား ဖြည့်လိုက်ခြင်း ဖြစ်သည်။

၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း အကြီးအကျယ် တိုက်ခိုက်ခံရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် အခက်အခဲ များ ဆက်လက် ဖြစ်ပေါ်နေခြင်း၊ ရင်းနှီး မြှုပ်နှံမှု နည်းပါးခြင်း စသည့် ပြဿနာများ ရှိနေသော်လည်း မြန်မာ့ ဆန် ထုတ်လုပ်မှုက တိုးမြင့်လာနေဆဲ ဖြစ်သည်။

မြစ်ဝ ကျွန်းပေါ် ဒေသ ဆန်ထုတ်လုပ်နိုင်မှုသည် နာဂစ်မတိုင်မီ ကာလထက် ၅ဝ ရာခိုင်နှုန်း လျော့ကျသွားသည်။ ထိုသို့ ဖြစ်ရခြင်းမှာ စိုက်ပျိုးမြေအတွင်း ရေငန် ဒီရေမြင့်တက်မှုကို ကာကွယ်မည့် ကမ်းရိုးတန်း တာတမံ အလုံ အလောက် မတည်ဆောက်နိုင်သောကြောင့် ဖြစ်သည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့က ယခုနှစ် အစ ပိုင်းတွင် အစီရင်ခံခဲ့သည်။

ထိုပြဿနာများရှိနေသော်လည်း တနိုင်ငံလုံး အတိုင်းအတာရ ဆန်ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ခဲ့သည်။ ဈေးကွက် အကဲဖြတ် လေ့လာသူများကလည်း နောင် နှစ်အနည်းငယ်အထိ ထိုနှုန်းထားကို ဆက်လက် ထိန်းထားနိုင်မည်ဟု မျှော်မှန်း ထားကြသည်။

မြန်မာနိုင်ငံသည် ၂ဝဝ၉ - ၂ဝ၁ဝ ဘဏ္ဍာနှစ်၏ ပထမ ၉ လ အတွင်း ဆန်တန်ချိန် ၁ ဒသမ ၂ သန်း ပြည်ပပို့နိုင်ခဲ့ သည် ဟု ထိုင်းနိုင်ငံ စိုက်ပျိုးစီးပွားဌာနက ပြောသည်။ ယခု ဘဏ္ဍာနှစ် အကုန်တွင် တန်ချိန် ၁ ဒသမ ၅ သန်း အထိ ရှိလာနိုင်သည်ဟု ဆိုသည်။

ထိုပမာဏသည် ထိုင်းနိုင်ငံ၏ နှစ်စဉ် ဆန်တင်ပို့မှုတန်ချိန် ၈ ဒသမ ၅ သန်းနှင့် အလွန် အလှမ်း ကွာဝေးနေသော် လည်း လွန်ခဲ့သည့် ၆ နှစ် ကာလနှင့် နှိုင်းယှဉ်ပါက အကြီးအကျယ် တိုးတက်လာသည်ဟု ဆိုရမည် ဖြစ်သည်။ ထိုစဉ်က မြန်မာ့ဆန် တင်ပို့မှုမှာ တနှစ်လျှင် တန်ချိန် တသိန်းခန့်သာ ရှိခဲ့သည်။

မြန်မာ၊ ဗီယက်နမ် နှင့် တခြားတိုင်းပြည်များ၏ ဆန်ထုတ်လုပ်မှု မြင့်တက်လာခြင်းသည် ထိုင်းနိုင်ငံ၏ ဈေးကွက် ယှဉ်ပြိုင်မှု အားလျော့သွားသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။ ထိုသို့ အားလျော့သွားရခြင်း၏ အဓိက အကြောင်းမှာ ပြည်တွင်း ကုန်ထုတ်လုပ်မှု စရိတ် ကြီးခြင်းကြောင့် ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်ပါက စရိတ်စက အထူး ကွာဟ သည်ဟု TREA ၏ ဥက္ကဋ္ဌ ချွတ်ကိယက် အုပ်ဟာဝုန်စီ (Chookiat Ophaswongse) က ဆိုသည်။

မြန်မာနိုင်ငံတွင် ဆန် တတန် ထုတ်လုပ်မှု စရိတ်သည် ထိုင်းနိုင်ငံထက် ထက်ဝက် သက်သာသည်။ အရှေ့တောင် အာရှ နိုင်ငံများရှိ ကုန်ကျစရိတ် နည်းနည်းဖြင့် ထုတ်လုပ်နိုင်သူများ ယခုထက် ပို၍ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်လာပါက ထိုင်းနိုင်ငံ၏ ဈေးကွက်တည်ငြိမ်မှု အားနည်းသွားမည်ကို TREA အဖွဲ့က စိုးရိမ်နေသည်။

မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးရန် အခြေအနေကောင်းများ ရှိသောကြောင့် ဆက်လက် အကျိုး ဖြစ်ထွန်းနေပြီး ၂ဝဝ၉ ခုနှစ် ပို့ကုန် ပမာဏထက် အနည်းဆုံး နှစ်ဆ တင်ပို့ရန် ပြဿနာ မရှိနိုင်ဟု အုပ်ဟာဝုန်စီ က ဆိုသည်။

မြန်မာနိုင်ငံသည် ၁၉၃ဝ အစောပိုင်းနှစ်များက တန်ချိန် ၇ သန်း နှစ်စဉ် တင်ပို့နိုင်ခဲ့သဖြင့် ကမ္ဘာ့ “စပါးကျီ” ဟူ၍ တင်စားခံခဲ့ရသည်။ ထိုအခြေအနေသို့ ပြန်ရောက်ရှိမရှိ ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ထိုင်းနိုင်ငံ၏ ဆန်ထုတ်လုပ်သူများ သိသိသာသာ စိတ်လှုပ်ရှားနေချိန်၌ မြန်မာ့ စီးပွားရေး လေ့လာသူများက စစ်တပ်၏ အစဉ်အဆက် ဗိုလ်ကျချယ်လှယ်မှုကို အဖြေတခု အဖြစ် ထောက်ပြကြသည်။

“မြန်မာ့ပုဂ္ဂလိက ဆန်တင်ပို့သူတွေက တင်ပို့မှု အရည်အသွေးနဲ့အရေအတွက် နှစ်မျိုးစလုံး တိုးမြှင့်လာအောင် ကြိုးစား နေတာတွေကို ကျနော်တို့ ကြိုဆိုပါတယ်”ဟု မြန်မာ့ စီးပွားရေး အခြေအနေကို စောင့်ကြည့်နေသည့် ပါမောက္ခ ရှောင်တာနဲလ် (Sean Turnell) က ပြောသည်။

“ဒါပေမယ့် အဲဒီလိုမျိုး ကြိုးစားမှုတွေကြောင့် လုပ်ငန်းတခုလုံး အကျိုးနည်းစေမယ့် အတားအဆီးတွေကိုလည်း မြန်မြန် တွေ့ရပါလိမ့်မယ်။ အဲဒီ အခက်အခဲတွေကတော့ ကျေးလက် တောင်သူတွေကို အသိအမှတ် ပြုမှု မရှိတာကနေ အစိုးရ ရဲ့ နက်နက် ရှိုင်းရှိုင်း ကြားဝင် စွက်ဖက်မှုတွေ၊ အကျင့်ပျက် ချစားမှုတွေ အထိပေါ့။ ဒါတွေကလည်း အမြစ်တွယ်နေပြီး အမြဲတစေ ဖြစ်နေတာပါ”ဟု သူက ဆက်ပြောပြသည်။

ဆန်ဈေးကွက်အပေါ် လက်ဝါးကြီး အုပ်ထားသည့် ထိုင်း နိုင်ငံသည် အိမ်နီးချင်းများ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။
ဗီယက်နမ်နှင့်ပင် ဈေးပြိုင် လျှော့ရောင်းခဲ့ရဖူးသည်။ ၂ဝဝ၉ ခုနှစ်တွင် ဗီယက်နမ်က ဆန်တန်ချိန် ၆ သန်း တင်ပို့နိုင် သဖြင့် အပေးအယူ ပြုလုပ်ရန် ထိုင်း စီးပွားရေး ဝန်ကြီးဌာနက ဗီယက်နမ်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ရသည်။

မြန်မာနိုင်ငံက သီးနှံ အရည်အသွေး တိုးတက်လာစေရန် အကူအညီတောင်းခံထားရာ မည်သို့ တုံ့ပြန်ရမည်ကို ထိုင်း နိုင်ငံ က သေချာ စဉ်းစားနေချိန်တွင် ဂျပန်အစိုးရ အေဂျင်စီ တခု ဖြစ်သော ဂျပန် ပြင်ပ ကူးသန်း ရောင်းဝယ်ရေး အဖွဲ့ (Japan External Trade Organization)၏ နည်းပညာအကူအညီကို မြန်မာနိုင်ငံက ရရှိနေသည်။

ထိုင်းနိုင်ငံသည် အရည်အသွေးညံ့၊ ဈေးပေါသည့် ဆန်ဈေးကွက်ကို စွန့်လွှတ်သင့်ကြောင်း၊ ကာလတခုအထိ မြန်မာ နိုင်ငံ က လိုက်မီနိုင်ဖွယ်မရှိသည့် အရည်အသွေးမြင့် ဆန်အမျိုးအစားများကို အာရုံစိုက်သင့်ကြောင်း TREA အဖွဲ့က အကြံပြုထားသည်။

ကမ္ဘာ့ဆန်ဈေးကွက်သည် ဈေးနှုန်း အတက် အကျ ဆိုးဆိုးဝါးဝါး ဖြစ်သည့် ကာလတခုကို ကျော်လွန်ပြီးနောက် ယခု ပြန်လည် တည်ငြိမ်သွားပြီဟု နိုင်ငံတကာ ဆန်သုတေသနအဖွဲ့ (IRRI) က မတ်လတွင် ပြောဆိုခဲ့သည်။ သို့သော် စပါးထုတ်လုပ်မှု လျော့ကျသည့် ပြဿနာကို ရင်ဆိုင်ရဖွယ် ရှိသည် ဟုလည်း ထိုအဖွဲ့က သတိပေးထားသည်။

စပါးစိုက်ပျိုးမြေပမာဏသည် တမ္ဘာလုံး အနှံ့တိုးတက်လာနေသော်လည်း ထွက်နှုန်း ကျဆင်းလာနေသည်ဟု ဖိလစ်ပိုင် အခြေစိုက် IRRI အဖွဲ့က ဆိုသည်။

စပါးထွက်နှုန်း ကျဆင်းလာခြင်းမှာ ဆန်ဈေးနှုန်းထက် ပြဿနာ ပိုကြီးနေသည်။ အဘယ့်ကြောင့် ဆိုသော် ကမ္ဘာ့ လူဦးရေ၏ ထက်ဝက်သည် ဆန်ကို အဓိက အစားအစာအဖြစ် မှီခိုနေရခြင်းကြောင့် ဖြစ်သည်ဟု ထိုအဖွဲ့ကပြောသည်။

ကမ္ဘာနှင့်တ၀န်း ဆန်လိုအပ်ချက်က တနှစ် ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးနေသော်လည်း စပါး စိုက်မြေက အကန့်အသတ် ဖြင့်သာ ရှိနေသေးသည်။ တခုတည်းသော ဖြေရှင်းနည်းမှာ ထွက်နှုန်း ကောင်းသော ပျိုးပင်များကို ပို၍ စိုက်ပျိုးခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထိုရည်မှန်းချက် အထမြောက်ရန် နည်းပညာ အားနည်း နေ ကြသည်။

တဆက်တည်းမှာပင် ပြည်ပပို့မြန်မာ့ဆန် အရည်အသွေးကလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ဂါနာနိုင်ငံသို့ တင်ပို့ခဲ့သည့် ဆန်သဘောင်္တစီးသည် “စားသုံး၍ မရ” ဟု တံဆိပ်ကပ်ခံရပြီး ယခုနှစ် အစပိုင်းတွင် မြန်မာပြည်သို့ ပြန်ရောက်လာသည်။ ဆန်များက မှိုတက်၍ ပိုးထိုးနေသောကြောင့်ဟု ဆိုသည်။

ပါမောက္ခ ရှောင်တာနဲလ်၏ အယူအဆမှာ မြန်မာ့ဆန် တစခန်း ပြန်ထလာခြင်းကို ထိုင်းတို့က စိုးရိမ်မှုကဲနေသည် ဟူ ၏။ မြန်မာ့ဆန် အခြေအနေသည် စစ်ဗိုလ်ချုပ်များ မြန်မာ့ စီးပွားရေးကို ထိန်းချုပ်နေသမျှ အကန့်အသတ် ဖြစ်နေ ဦး မည်ဟု သူက ယုံကြည်ထားသည်။

“ဆန်တင်ပို့ရာမှာ အရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာဖို့ မြန်မာပြည်ရဲ့လတ်တလော ကြိုးပမ်းချက်တွေက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ စု အတွင်း တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းမှု အပါအဝင် ကိစ္စ တော်တော်များများကို မီးမောင်း ထိုးပြရာ ရောက်ပါတယ်”ဟု သူက ဆိုသည်။

“ဒါပေမယ့် ပြည်ပ တင်ပို့မှု ပမာဏကတော့ ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ဆန်တင်ပို့မှု လုပ်ငန်းမှာ အောင်မြင်ခဲ့တဲ့ နိုင်ငံတွေထဲက အဆင့် နံပါတ် ၁ဝ လောက်ပဲ ရှိပါသေးတယ်။ တချိန်တည်းမှာ ထွက်ကုန်ကလည်း အရည်အသွေး ညံ့ဖျင်းတာမို့ အာဖရိကရဲ့ခပ်ပေါပေါ ဈေးကွက်တွေထက် မဆိုသလောက်ပဲ ပိုရတာပါ”ဟု သူက သုံးသပ်ပြသည်။

WILLIAM BOOT ရေးသားသည့် Return of the Burmese 'Rice Bowl'? ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ June,3rd,2010

( 42 )Chinese, Myanmar premiers attend celebrations of anniversary of diplomatic ties

( 41 )နျူကလီးယား အရေးကြောင့် ဂျင်မ် ဝက်ဘ် ခရီးစဉ် ရွှေ့ဆိုင်း

( 40 )Chinese, Myanmarese leaders agree to enhance bilateral friendship, cooperation

( 39 )ထက်ထက်မိုးဦးကို ပုဒ်မ ၂ ခုနှင့် အမှုစွဲတင်ပြီ

( 38 )နော်ဝေးဝန်ကြီး နာဂစ်ဒေသ လှည့်လည်

( 37 )US Senator Cancels Myanmar Trip Over Suspected Nuclear Program With North Korea

( 36 )ကွမ်းခြံကုန်း ဓားပြမှု သတင်းစာရှင်းလင်းပွဲ လုပ်မည်

( 35 )Ethnic Leaders Dividing Community

( 34 )ကြယ်ငါးပွင့် သင်္ဘောသား ထက်ဝက်နီးပါး နုတ်ထွက်

( 33 )EU neighbours sign up to Myanmar sanctions

( 32 )မုံရွာမြို့က ချင်တွင်းရတနာဈေး မီးလောင်

( 31 )Webb cancels Burma trip over nuclear fears

( 30 )UN Group to Begin Child Soldier Information Campaign

( 29 )အမေရိကန် လွှတ်တော်အမတ် ဂျင်မ်ဝက် မြန်မာခရီးစဉ် ရွှေ့ဆိုင်း

( 28 )Rangoon photographer facing two charges

( 27 )Chinese PM says 'step forward' in ties with Myanmar

( 26 )ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကော်ပိုရေးရှင်း ဖွဲ့ပေးမည်

( 25 )Burma refugees ask NZ Govt for help

( 24) South Korea is a willing middle man

( 23 )မုံရွာဈေးသစ်ကြီး မီးလောင်

( 22 )Myanmar grows teak saplings during monsoon to green region

( 21 )ကြေးမုံကြော်ငြာ သတ်မှတ်နှုန်းထက် ပိုပေးမှ အမြန်ပါ

( 20 )Premier Wen visits Myanmar, 15 deals inked

( 19 )ပလောင်ဒေသတွင် မီးသွေးထုတ်လုပ်မှု ကန့်သတ်

( 18 )Chinese premier holds talks with Myanmar PM, 15 deals signed

( 17 )Yangon market fire causes losses of $24.4 mln

( 16 )အမေရိကန် လွှတ်တော်အမတ် ဂျင်မ်ဝက် မြန်မာခရီးစဉ် ရွှေ့ဆိုင်း

( 15 )မုံရွာဈေးမီး ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံး

( 14 )Burmese, Thai envoys to visit northeast India

( 13 )မုံရွာမြို့ ချင်းတွင်း ရတနာဈေးသစ် မီးလောင်

( 12 )Webb to meet PM and Suu Kyi

( 11 )China's Premier on rare Burma visit

( 10 )တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ အလည်အပတ် ရောက်ရှိ

( 9 )When Don’t Sanctions Work?

( 8 )တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံ ခရီးစဉ် စတင်

( 7 )Chinese PM in Burma

( 6 )နာဂစ်ဒဏ်သင့်လူထု အကူအညီပေးရေး နော်ဝေး၀န်ကြီး လေ့လာ

( 5 )Myanmar's military ambitions

( 4 )ထိုင်းရောက် မြန်မာအလုပ်သမားများ နစ်နာကြေး ရဖွယ်ရှိ

( 3 )China's Wen Jiabao, Myanmar leaders to discuss

( 2 )ခြိမ်းခြောက်မှု မျိုးစုံအောက်က သတင်းသမားဆု မြန်မာရရှိ

( 1 )Human Rights Absent from Wen Jiabao's Agenda