Thursday, June 3, 2010

အမေရိကန် လွှတ်တော်အမတ် ခရီးစဉ် ရွှေ့ဆိုင်း

NEJ / ၀၃ ဇွန် ၂၀၁၀

မြန်မာနိုင်ငံသို့ ဇွန် (၄) ရက်တွင် သွားရောက်မည့် အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်သည် ၎င်း၏ ခရီးစဉ်ကို ရုတ်တရက် ယနေ့ရွှေ့ဆိုင်းလိုက်သည်။

ထိုသို့ရွှေ့ဆိုင်းလိုက်ရသည့်အကြောင်းမှာ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယား အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်နေသည့်ဆိုသည့် စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်လာသည့်အတွက်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြသည်။

ယနေ့ထုတ်ပြန်သည့် သတင်းများအရ မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားနှင့် နျူကလီးယား အစီအစဉ်တခု လုပ်ဆောင်နေကြောင်း ခန့်မှန်းရသောကြောင့်ဖြစ်သည်ဟု မစ္စတာ ဂျင်မ်ဝက်ဘ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ပြောဆိုစွပ်စွဲမှုများ ထွက်ပေါ်နေပြီး ရှင်းရှင်းလင်းလင်း မရှိသေးခြင်းကြောင့် နဂိုရည်ရွယ်ချက်အပေါ် ဆန့်ကျင်ဘက်သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် မြန်မာနိုင်ငံသို့ သွားရောက်ရန် မသင့်တော်သေးကြောင်း မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောကြားသည်။

အမေရိကန် အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ အာရှနှင့်ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဂျင်မ်ဝက်ဘ်သည် ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့သို့ အလည်အပတ်ရောက်ရှိပြီးနောက် မြန်မာ နိုင်ငံ သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

No comments: