သန်းထိုက်ဦး
နွားသိုးတွေနဲ့ ကျွဲတွေကို မြေဧက ၃၀ ကျော်ရှိတဲ့ ကွင်းကြီးထဲကနေ ၁၈ ဘီး ကားကြီးတွေပေါ်ကို အုပ်စုလိုက် အတင်းအကျပ် မောင်းတင်နေချိန်မှာ နွားတွေကို ၀ါးခြမ်းပြားနဲ့ တဖြန်းဖြန်း ရိုက်နေတဲ့ အသံ၊ အော်နေ၊ ငေါက်နေသံနဲ့ နွားအော်သံတွေ ဆူညံနေပါတယ်။
ဒီနေရာ လေးကတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့က နွားဈေးကွက်ပါ။ မြန်မာနိုင်ငံ တဝန်းက နွားနဲ့ ကျွဲတွေကို ကရင်ပြည်နယ် မြ၀တီမြို့ တဘက်ကမ်းက တဆင့် မဲဆောက်မြို့ကို ရောက်အောင် လာရောက် တင်သွင်း ရောင်းချတဲ့ နေရာပါ။ ဒီနွားဈေးကွက် နေရာဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က စတင်ခဲ့တယ် လို့ နွားကုန်သည်များက ဆိုပါတယ်။
တပတ်အတွင်း သောကြာနဲ့ စနေနေ့ ၂ ရက်မှာ ရောင်းသူနဲ့ ၀ယ်သူ အဆင်ပြေပြီဆိုရင် တနင်္ဂနွေနေ့ တရက်ပဲ နွားဈေးကွက် ကနေ ကားပေါ် တင်ခွင့်ပြုထားတာကို တွေ့ရပါတယ်။
တနင်္ဂနွေနေ့က အစည်ကားဆုံး ရက်ပါ။ ခိုင်းနွားအိုကြီးတွေ၊ နွားငယ်တွေနဲ့ သားပေါက်မယ့် နွားမတွေပါမကျန် အရွယ်အစားလိုက် ရှိပါတယ်။ ကာကွယ်ဆေးထိုးပြီးသားလို့ပြောတဲ့ နွားတွေကို နားရွက်ဖျားတွေမှာ အပေါက်ဖောက်ပြီး ရောင်စုံ ပလပ်စတစ် ကပ်ပြား ငယ်လေးတွေ ချိပ်ဆွဲပေးထားပါတယ်။
နွားဈေးကွက်ရဲ့ ကွင်းကြီးထဲမှာ ကောင်ရေ ၁၀၀၀ နီးပါးလောက် ရှိတဲ့ ကျွဲနဲ့ နွားတွေကို နေရာအလိုက် ဟိုတစု၊ ဒီတစု ချည်တုပ် ထားတာ တွေ့ရ သလို၊ နွားတွေကို ကာကွယ်ဆေး ထိုးပေးတဲ့ အဆောက်အဦတွေ၊ စားသောက်ဆိုင်တွေ ကိုလည်း တွေ့ရပါတယ်။
ဒါ့အပြင် ချက်ချင်းပေါ်၊ ချက်ချင်း ခုတ်ထစ်ပြီး သွေးသံရဲရဲနဲ့ လတ်လတ်ဆတ်ဆတ် ရောင်းချနေတဲ့ အမဲဆိုင်တွေလည်း ရှိတယ်။ အဲဒီ အမဲ သားတွေကိုတော့ နွားဈေးနား တ၀ိုက်မှာ နေထိုင်သူတွေ ၀ယ်စားကြပါတယ်။
နွားဈေးထဲမှာ နွားကုန်သည်၊ နွားပွဲစား၊ နွားအ၀ယ်တော် သူဌေးနဲ့ နွားပွဲလောင်းသူတွေက ဆူညံနေပြီး ဗွက်နံ့၊ နွားချေးနံ့၊ နွားသေးနံ့တွေနဲ့ ကြိုင်လှောက်နေပါတယ်။ အဲဒီနေရာမှာ နွားဝှေ့ပွဲတွေလည်း ကျင်းပလေ့ရှိတဲ့အတွက် အလောင်းအစား ကြေးထပ် နေကြတာ ကိုလည်း တွေ့ရပါတယ်။
နွားခြံတွေထဲမှာ ဆောက်လုပ်ထားတဲ့ တဲအိမ်ကလေး တလုံး အနီးအနားကို ရောက်သွားချိန်မှာတော့ နွားတကောင်က လမ်း မလျှောက်နိုင်တဲ့အတွက် ကြိုးနဲ့ တရွတ်ဆွဲခေါ်နေတာကို တွေ့လိုက်ရပါတယ်။
ဒီ နွားဈေးကွက်ထဲကို ရောက်လာအောင် နွားတွေကို ကရင်ပြည်နယ် ဘားအံမြို့နယ်နဲ့ ပဲခူးတိုင်းကနေ လိုက်ဝယ်ပြီး နယ်စပ် ကနေ တဆင့် တင်ပို့ ကြရတယ်လို့ နွားကုန်သည်တွေက ဆိုပါတယ်။
“ဒီဈေးကွက်မှာ အရောင်းအ၀ယ် မမှန်ဘူး၊ တခါတလေ အရောင်းအ၀ယ်က ကျတယ်၊ ဒီတပတ်နဲ့ပါဆို ဈေးတွေ အရမ်းထိုးကျတာ သုံးပတ်လောက်ရှိပြီ” လို့ မြန်မာနိုင်ငံသား နွားကုန်သည်တဦးက ပြောပါတယ်။
နွားဈေး အရောင်းအ၀ယ် မကောင်းရတဲ့ အကြောင်းကတော့ ဟင်းသီး ဟင်းရွက်နဲ့ အသားငါး ပေါလာတဲ့အတွက်ကြောင့်လို့ သူက ရှင်းပြတယ်။
နွားတကောင်ရဲ့ ဈေးနှုန်းကတော့ အနည်းဆုံး ထိုင်းဘတ် ထောင် ဂဏန်း (ကျပ် ၃၀၀၀၀) ၀န်းကျင် ကနေ ဘတ် ၁၀၀၀၀ ကျော် (ကျပ် ၃၀၀၀၀၀) ဝန်းကျင်အထိ ဈေး ရှိပါတယ်။ တချို့ နွားသိုးတွေ၊ တိုက်နွားတွေဆိုရင် အရည်အချင်း ကောင်းရင် ကောင်းသလို တကောင်ကို ဘတ် သိန်းဂဏန်း (ကျပ် သိန်း ၃၀) လောက်အထိ ဈေးရပါတယ်။
ဒီဈေးကွက်ထဲက နွားတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်မှာရှိတဲ့ ဆူခိုထိုင်း ခရိုင် နွားဈေးကွက်ကို တင်ပို့ရောင်းချနေတာ ရှိသလို ဖိဆန်နုလွတ် ဈေးကွက်ကိုလည်း တင်ပို့ကြတယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာဆို နတ်ခွန်ဆဝမ် ခရိုင်၊ ဘန်ကောက်မြို့ တွေကိုလည်း တင်ပို့ရောင်းချပါတယ်။
ဆူခိုထိုင်း ခရိုင်က နွားလာဝယ်တဲ့ ထိုင်းနိုင်ငံသား စွန်ဆက်က “ဒီဈေးမှာ ကျနော် တပတ်ကို နွားအကောင်ရေ ၈၀ လောက် လာဝယ်တယ်။ ဒီနွား တွေကို ဆူခိုထိုင်း မှာ တလခွဲလောက် ပြန်မွေး ပြီးတော့ အသားဈေးတွေမှာ ရောင်းပါတယ်။ နောက် ဘန်ကောက်မြို့က အသား ဈေးကွက်တွေကိုလည်း တင်ပို့ရောင်းချပါတယ်” လို့ ပြောပြပါတယ်။
မြန်မာပြည်က ကျွဲ၊ နွား တွေကို ထိုင်းနိုင်ငံက အသားဈေးကွက်ထဲမှာ ရောင်းချ အသုံးပြုနေတာ ရှိသလို၊ အသားလုံး ပြုလုပ်တဲ့ စက်ရုံတွေမှာလည်း အသုံးပြုပါတယ်။
ဘန်ကောက်မြို့က နွားလာဝယ်တဲ့ ထိုင်းအမျိုးသား တဦးက “ဒီနွားတွေကို ၀ယ်သွားပြီးတော့ ဘန်ကောက်မှာရှိတဲ့ နွားသတ် ရုံတွေမှာ အသားလုံး လုပ်ပြီး ပြန်ရောင်းတယ်။ အပတ်တိုင်း ဒီနွားဈေးမှာ တခေါက်ကို အကောင် ၄၀ ကျော် လာဝယ်ပါတယ်” လို့ ပြောပါတယ်။
ထိုင်း-မြန်မာနယ် နယ်စပ်ဂိတ်တွေထဲမှာ မဲဆောက်မြို့က ကုန်တင်ပို့မှု အကြီးဆုံး ဂိတ် တခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေရှိသလို၊ မြန်မာနိုင်ငံကနေ ထိုင်းကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေလည်း ရှိပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကတော့ စိုက်ပျိုးရေး ကုန်ဖြစ်တဲ့ ဆန်၊ ငရုပ်၊ ကြက်သွန် အပြင် ကျွဲ၊ နွား ဆိတ်၊ သိုး စတဲ့ တိရစ္ဆာန်တွေလည်း ပါပါတယ်။
ထိုင်းနိုင်ငံကနေ တဆင့် မြန်မာနိုင်ငံထဲကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကတော့ တလမှာ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀) လောက်ရှိပြီး မြန်မာနိုင်ငံကနေ ထိုင်းကို တင်ပို့တဲ့ ကုန်ပစ္စည်း တန်းဖိုကတော့ ဘတ်သန်း ၁၀ ဂဏန်း (ကျပ် သန်း ၃၀၀) လောက်ပဲ ရှိပါတယ်။
အရောင်းအ၀ယ် ပြီးသွားတဲ့အတွက် ကျွဲတွေ၊ နွားတွေ အပြည့်အကျပ် တင်ထားတဲ့ ကားတွေဟာ တစီးပြီး တစီး ထွက်ခွာ သွားနေပါပြီ။ သူတို့ရဲ့ ခရီးဆုံးကတော့ နွားသတ်ရုံ ဒါမှမဟုတ်ရင် မွေးမြူရေးခြံတွေပဲပေါ့။
No comments:
Post a Comment