Thursday, February 26, 2009

မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်သုံးသိန်းခွဲရှိဟု ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေပြော

NEJ /၂၆ ဖေဖော်ဝါရီ ၂၀၀၉


ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ပြုလုပ်သည့် စက်မှုကုန်ထုတ်လုပ်သူများအသင်း (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ (၃၄၉,ဝဝဝ) ကျပ် ရှိပြီး ရန်ကုန်သားတဦး တနှစ်ဝင်ငွေ (၆၃၅,၆၆၈) ကျပ် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ အစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးက

“လွန်ခဲ့တဲ့ (၃) နှစ် ခုလို အစည်းအဝေးမျိုးမှာပဲ ဗိုလ်ချုပ်မြင့်ဆွေက ၂ဝဝ၅ အတွက် မြန်မာနိုင်ငံသားတယောက် တနှစ် ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်။ ခု (၃) နှစ်အတွင်း ဂျီဒီပီ၊ ဂျီအင်န်ပီ (၂) ဆ လောက်တိုးလာတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သဘာဝ ဓာတ်ငွေ့ရောင်းလို့ရတဲ့ဆီက ဝင်ငွေတွေ တိုးလာတယ် ဆိုဦး လူတဦးဝင်ငွေ (၃) နှစ်အတွင်း (၂) ဆကျော် တိုးလာတာတော့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၂ဝဝ၆ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိကြောင်း ကြေငြာခဲ့ဖူးသည်။ အဆိုပါ ဝင်ငွေသည် တိုးတက်မြင့်မားလာသည့် ဝင်ငွေဖြစ်ကြောင်း လည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ဝေဖန်ဆန်းစစ်သူများက အဆိုပါအချိန်က ဒေါ်လာပေါက်ဈေးကို အခြေပြုပြီး မြန်မာနိုင်ငံသားတဦး တစ်နေ့ဝင်ငွေ (၁) ဒေါ်လာအောက်သာ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ဆင်းရဲသည့် တိုင်းပြည်ဖြစ်ကြောင်း ဝန်ခံသလို ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ ၄င်းဝေဖန်ချက်များနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဒေါ်လာဈေးနှုန်းကို ပြင်ပပေါက်ဈေးနဲ့ မတွက်ချက်သင့်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။

ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ လူတဦး၏ တနေ့ဝင်ငွေသည် အမေရိကန်ဒေါ်လာ (၁) ဒေါ်လာထက် နည်းနေခြင်းကို အခြေခံ ဆင်းရဲမှုအဆင့် (Poverty line သို့မဟုတ် Poverty threshold) ဟု သတ်မှတ်ထားသည်။ နိုင်ငံတခုရှိ လူနေမှုစရိတ်နှင့် ကာမိအောင် နေနိုင်ရမည့် လူတဦး၏၀င်ငွေနှင့် ဆင်းရဲမှုအခြေအနေ အချိုးကိုတော့ ဆင်းရဲမှုစံအချိုး (Poverty ratio) ဟု သုံးနှုန်းသည်။ ထိုအချိုးများလေ ဆင်းရဲမှု ပိုလေဖြစ်သည်။

မြန်မာနိုင်ငံက တကြိမ်သာထုတ်ပြန်ဖူးသည့် ဆင်းရဲမှုစံအချိုးမှာ မှန်ကန်မှုမရှိဟု စီးပွားရေး ပညာရှင်တဦးက ထောက်ပြရာတွင်-

“၂၀၀၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ UNSD ကုလသမဂ္ဂ စာရင်းအင်းအဖွဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို တင်ပြခဲ့တဲ့ မြန်မာနိုင်ငံ ဗဟိုစာရင်းရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်ရှိန်နဲ့ ဗဟိုစာရင်းရုံးအရာရှိ ဒေါ်လှလှမြင့်တို့ရဲ့ စာတန်းကိုကြည့်ရင် ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဆင်းရဲမှုစံအချိုးက (၂၂.၄) ရှိပြီး မြို့ပြ ဆင်းရဲမှု စံအချိုးမှာ (၂၃.၉) ရှိတယ်လို့ ပြောထားတယ်။ သဘောကတော့ အဲဒီိအချိန်က မြို့ပြက ကျေးလက်ထက်ပိုပြီး ဆင်းရဲနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဆင်းရဲမှု စံအချိုးက (၂၂.၉) ရှိတယ်ဆိုပြီး အဲဒီ စာတန်းမှာ ဖော်ပြထားတယ်။

ဒါပေမယ့် မြန်မာစစ်အစိုးရ ဗဟိုစာရင်းရုံးက ဖော်ပြတဲ့ ဆင်းရဲမှု စံအချိုးဟာ အလားတူ တဦးချင်း ၀င်ငွေရှိတဲ့ နိုင်ငံတွေက အချိုးနဲ့ ယှဉ်ကြည့်ရင် သိပ်ကိုနည်းနေတဲ့အတွက် ဗဟိုစာရင်းရုံးက တင်ပြခဲ့တဲ့ ဆင်းရဲမှုစံအချိုး (၂၂.၉) ဆိုတဲ့ ကိန်းဂဏန်းဟာ မှားယွင်းနေတာ ဖြစ်နိုင်တယ်ဆိုပြီး အေဒီဘီ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၀၂ ခု အစီရင်ခံစာမှာ ထောက်ပြထားတယ်။ စစ်အစိုးရ လိမ်ချင်တိုင်း လိမ်လိုမရဘူးဆိုတာ ပြနေတာပဲမှုတ်လား” ဟု ရှင်းပြသည်။

စီအိုင်အေ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ အချက်အလက်မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဆင်းရဲမှု စံအချိုးမှာ (၃၂.၇) ထိရှိသည်။ သဘောမှာ အခြေခံ ဆင်းရဲမှု နှုန်းထက် (၃၃) ရာနှုန်းနီးပါး မြန်မာပြည်သူတွေ ပိုဆင်းရဲနေသည်ဆိုသည့် သဘောဖြစ်သည်။ ၂၀၀၉ နှစ်ဆန်းပိုင်း ထုတ်ပြန်သည့် FAO ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့၏ အစီရင်ခံစာအရဆိုလျင် မြန်မာနိုင်ငံ၌ အခြေခံဆင်းရဲမှုနှုန်းထက် ပိုပြီး ဆင်းရဲနေသူပေါင်း (၅) သန်းရှိသည်ဟု ထောက်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် စာရေးဆရာ တဦးကတော့ ယခင်က အမ်ဘီအေ ကျောင်းသားများ၏ ဟောပြောပွဲတခုမှာ ဗိုလ်မှူးချုပ် ဇော်ထွန်း ပြောခဲ့သည့်စကား ရှိကြောင်း၊ (၄) လပတ် အစည်းအဝေးတခုမှာ စစ်တိုင်းမှူးများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သက်ဆိုင်ရာ စစ်တိုင်းအလိုက် ဂျီဒီပီ တိုးတက်အောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကြောင်း၊ အစည်းအဝေးအပြီး စစ်တိုင်းမှူးတွေ ပြန်သွားပြီး မကြာခင် တိုင်းမှူး တစ်ချို့က သူတို့တိုင်းမှာ ဂျီဒီပီ (၃) ဆခန့် တက်လာသည်ဟု အကြောင်းကြားခဲ့ခြင်းမျိုး ရှိဖူးကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်ထွန်း ဆိုလိုသည်မှာ စာရင်းဇယားများကို အထက်လူကြီးအကြိုက် ထင်သလို လုပ်နေကြခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း အဆိုပါ ဟောပြောချက်စာတမ်း ပြန့်နှံ့သွားခဲ့ပြီး ဗိုလ်မှူးချုပ် ဇော်ထွန်းလည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ယခုလည်း ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေက ၂ဝဝ၆ ခု ဇန်နဝါရီလက ပြောခဲ့သည့် ကိန်းဂဏန်းများ အဝေဖန်ခံရသဖြင့် ယခုလို နိုင်ငံသားများ၏ ဝင်ငွေကို (၂) ဆ၊ ရန်ကုန်သားများ၏ ဝင်ငွေ (၂.၇) ဆ တိုးလာတာဟု ပြောတာမျိုး ဖြစ်နိုင်ကြောင်း၊ ၄င်းတို့ပြောသည့် ကိန်းဂဏန်းများ ယုံကြည်စိတ်ချရမှု မရှိကြောင်း ဝေဖန်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေကတော့ လာမည့် ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာရေးနှစ်မှာ မြန်မာတနိုင်ငံလုံးရှိ လူတဦး တနှစ်ဝင်ငွေ ကျပ် (၆) သိန်း ရရှိဖို့၊ တနည်းအားဖြင့် လက်ရှိဝင်ငွေ၏ နှစ်ဆနီးပါး ရရှိဖို့ အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်မှူကြီး သန်းရွှေက လမ်းညွှန်ထား ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အတိုင်း ပြည့်မီမည်ဟု သူယုံကြည် ကြောင်းလည်း ယင်းအစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည် တပေါင်းလပြည့်မှာ လွတ်မည်

ပညာကျော် /၂၆ ဖေဖော်ဝါရီ ၂၀၀၉

လူတဦးတယောက်၏ ကံအနိမ့်အမြင့်သည် ကုသိုလ်၊ အကုသိုလ်နှင့်ဆိုင်သလို ထိုကုသိုလ်နှင့် အကုသိုလ်ကိုလည်း ဇာတာ (ကံ) က ပြုလုပ်ပေးတတ်ပါသည်။ လောကသဘောအရလည်း မြဲသောတရား သဘောတို့သည်ကား မရှိကြကုန်ရာသာ ဖြစ်သည်။

မြန်မာစစ်အာဏာရှင်တို့ကလည်း ထာဝရကိုသာ ယုံကြည်ကာ အာဏာတည်မြဲရေးအတွက် ကြိုးစားနေကြရာ တပေါင်းလပြည့်နေ့မှာ အကျဉ်းသား လွတ်မည်ဟု ကျွန်ုပ်ပြောတော့ ကျွန်ုပ်ကို ရူးများနေပြီလားဟု လူတွေက ပြောကြသည်။

ပြောမည်ဆိုလည်း ပြောကြမည်သာ။ ဗေဒင်ကို ပညာရှင်ဘွဲ့ တတ်ခြင်းမခံရသော ကျွန်ုပ်လို လူက ကမြောက်ကချောက် လျှောက်တွက်နေတော့ မယုံတာလည်း အကြောင်းတော့ မဟုတ်ပါ။ သို့သော်လည်း လွတ်မယ့်လွတ်တော့ အကျဉ်းသားတွေက ကြိုလွတ်လာတယ်။ အကျဉ်းသားလွတ်တော့လည်း ဝမ်းသာရတာပေါ့။ ဝမ်းသာသာနဲ့ ဟိုတွက်ဒီတွက် လျှောက်ချက်တွက်တာ ဒီတခါ ဒေါ်စု လွတ်ကိန်းကိုပါ တွေ့နေပြန်သည်။

ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်သည် ထူးခြားသော နှစ်တခုဟုဆိုရပါမည်။ အထူးသဖြင့် အုပ်ချုပ်သူအစိုးရကို ဒုက္ခပေးသော နှစ်လည်းဖြစ်သည်။

၁၃၇၀ ကိုတည် ခုနှစ် (၇) ဖြင့်စားလျှင်၊ (၅) ကြွင်းသည်။ မဟာဘုတ်ထူလျှင် တနင်္ဂနွေမရဏတွင် ကျနေသဖြင့် လူကြီး မင်းအစိုးရတို့ အပြောင်းအလဲရှိသည်။ မင်းအစိုးရကျဆုံးမည်။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ သောကြာသားသည် ပုတိတွင်ရောက်နေခြင်းကြောင့် အောက်လူတို့၏ အတိုက်အခိုက် ခံရမည်။ မြန်မာ၏ ကံကြမ္မာသက်ရောက်မှာလည်း စနေသက်ရောက် ဖြစ်နေခြင်းကြောင့် ကိုးကွယ်ရာမရ ဖြစ်ရမည်။

၁၃၇၀ ကို အကြေပေါင်းလျှင် (၂) ရသဖြင့် မဟာဘုတ်အလို သန်းရွှေအား အောက်လက်ငယ်သားများက တော်လှန်ပြီး အာဏာသိမ်းရန်လည်း ရှိနေပြန်သည်။

မြန်မာ၏ ဂြိုဟ်မှာလည်း တနင်္လာဂြိုဟ်၊ တနင်္လာသက်ရောက် ဖြစ်နေ၍ မိန်းမဂြိုလ် ဖြစ်သဖြင့် တနင်္လာ၊ သောကြာ၊ စနေ၊ ဗုဒ္ဓဟူးသား တို့၏ အာဏာလု အာဏာသိမ်းယူခြင်းကို ခံရတတ်သည်။

သန်းရွှေ၏ နန်းစံသက်မှာလည်း (၁၇) ဖြစ်နေပြန်၍ ဂြိုလ်မိန်းမ ဖြစ်သလို ရာဟုကြီးစိုးကာ မိန်းမကို ဦးစားပေးကိုးကွယ်မှ အသက်ချမ်းသာရမည့် ကိန်းဆိုက်နေသည်။

ထိုအချက်ကိုသိသော သန်းရွှေတို့ကလည်း နန်းသက်ကိုဆက် အကျဉ်းလွှတ်ဆိုပြီး စနေနေ့၊ တနင်္လာ အချိန် ညနေ လေးနာရီမှ စတင်ပြီး အကျဉ်းသား (၆,၃၁၃) ဦးကို လွှတ်ပေးခြင်းဖြစ်သည်။

(၂၆.၁.၂၀၀၉) တပို့တွဲလဆန်း (၁) ရက် တနင်္လာနေ့တွင် နေကြတ်ခြင်းကို ကြည့်ပြန်လျင်လည်း ထိုနေ့မှာ ပြဿဒါးဖြစ်ခြင်း၊ နေကြတ်ချိန် ညနေ (၄) နာရီ ဖြစ်သဖြင့် နေ့အလိုအခါကို ကြည့်သော် ဗုဒ္ဓဟူး အခါဖြစ်ပြီး ညနေဆိုသောကြောင့် ရာဟုသာဖြစ်ခြင်း၊ နေကြတ်ခြင်းတို့ကို ဖော်ပြသော အိန္ဒိယ ဗြိုဟဇ်သံကဟိတကျမ်း အလိုနှင့် မြန်မာ့သရ တွက်ရိုးကျမ်းအလိုအရ အုပ်ချုပ်သော မင်းတို့ နာအံ့။ စစ်သူကြီးများ ကျဆုံးအံ့။ စစ်သားများ ပုန်ကန်အံ့ ဟု ဆိုထားသဖြင့် စစ်အစိုးရအဖို့ တပူပေါ်နှစ်ပူဆင့်ကာ ပိုပြီး အရေးတကြီး စဉ်းစားရကိန်း ဆိုက်လာနေတော့သည်။

(၁) မြန်မာ့ မူလဇာတာနှင့် ခုနှစ်ဇာတာကို နှိုင်းယှဉ်သော် ဇာတာနှစ်ခုစလုံးတွင် မင်းဇာတာမှာ အပျက်တွင်ရှိနေပြီး ပြည်သူတို့၏ သြဇာ လွှမ်းမိုးနေခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ် အတွင်းတွင် ပြည်သူအများ ဆူပူအုံကြွမည်။ အစိုးရကို ဆန့်ကျင့်မည့် ကိန်းအရတခု။

(၂) မြန်မာသက္ကရာဇ် ၁၃၇၁ ခု နှစ်ဆန်းတစ်ရက်သည် သောကြာဖြစ်ပြီး သင်္ကြန်ကျချိန်မှာ အင်္ဂါနေ့ နံနက် (၃) နာရီ (၁၅) မိနစ် (၃၆) စက္ကန့် ဖြစ်ပြီး တက်ချိန်မှာ ကြာသပတေးနေ့ နံနက် (၇) နာရီ (၂၀) မိနစ် (၁၇) စက္ကန့် ဖြစ်နေပြန်ရာ ကျချိန်မှာ စနေအခါ ဖြစ်နေခြင်း၊ တက်ချိန်မှာလည်း ကြာသပတေးအခါတွင် တက်နေခြင်းကြောင့် နှစ်ဆန်းတစ်ရက်နေ့မှ သောကြာဆိုသည်မှာ ရက်အလိုသာဖြစ်၍ သင်္ကြန် တက်ပြီးချိန်မှ နောက်အချိန် သည်နှစ်ဆန်းအချိန် (ရက်) ဖြစ်သဖြင့် (ကြာသပတေးနှင့် စနေ) မှာ ပြဿဒါးဖြစ်ကာ ဇာတာခွင်အလို တိုင်းကားပြည်ရွာပျက်စီးခြင်း၊ ရေဘေးကြုံရခြင်း။

(၃) ကောဇာ ၁၃၇၁ ခု၏ ဇာတာအရ သောကြာသား၊ စနေသား၊ တနင်္လာသား မင်းတို့ ကျဆုံးကိန်းတွင် ရှိနေပြန်ပြီး၊ ပြည်သူတို့ ထကြွကာ လက်အောက်ငယ်သားတို့၏ တော်လှန်မှုကိုခံရမည်။ တိုင်းတစ်ပါး၏ အတိုက်အခံကြောင့် ကျဆုံးရမည့် ကိန်းဆိုက်နေခြင်း။

ဖော်ပြပါ ဇာတာသဘောကို နှိုင်းယှဉ်ပြီး ထိုကိန်းတို့မှ လွတ်မြောက်နိုင်ရေးကို ကြည့်လျှင် “အင်္ဂါကယ်မှ ပြည်ငြိမ်မည်။ တနင်္လာလွတ်မှ ရန်ငြိမ်းမည်" ဟူသော အယူကိုမသုံးလျင် အကုန်ကျဆုံးရမည်ဖြစ်၍-

-အင်္ဂါအလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်။
-တနင်္လာအလို ခွန်ထွန်းဦးကို လွှတ်ရန်ရှိသည်။

အင်္ဂါအလို နေ့နမ်ကိုတွက်သော် ဇာဂနာ၊ စုစုနွေး တို့လည်း ပါနိုင်ပြီး၊ တနင်္လာအလို ကိုကိုကြီး တို့ကိုပါ စဉ်းစားရမည်။ ခွန်ထွန်းဦးကို လွှတ်ခြင်းမှာ တိုင်းတစ်ပါးရန်ကို ကာကွယ်ရန် လူမျိုးခြားကို လွှတ်ပြီး ဓာတ်တူနမ်တူ ပြုခြင်းဖြစ်သည်။

ဘယ်လတွင် လွှတ်မည်ဆိုလျင် "တပေါင်းလပြည့် အင်္ဂါနေ့တွင် လွှတ်မည်”။

အကယ်၍ တပေါင်းလပြည့် မလွှတ်သော် ၁၃၇၁ ခုဆန်းပြီး ခြောက်လ (သီတင်းကျွတ်လထိ)အတွင်း လွှတ်ရမည်။

(အကျယ်ရေးလျင် ရှည်မည်စိုးသဖြင့် သဘောတရားကို အကျဉ်းချုံး ဖော်ပြခြင်းဖြစ်သည်။ )


ပညာကျော်
(သတ္တဝါမှန်သမျှ ချမ်းသာရာ ရနိုင်ကြပါစေ။)

နအဖ ဘီအီးတပ် မီးလောင် - စုပေါင်းမီးသတ်ပေးဖို့ ရွာသားများ ဆင့်ခေါ်ခံရ

သျှမ်းသံတော်ဆင့် ကြာသပတေးနေ့၊ 26 ဖေဖော်ဝါရီလ 2009

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးအုပ်စုအခြေချ နအဖ ဘီအီးတပ်မီးလောင်ရာ ရွာသားများအား စုပေါင်း ကူညီမီးငြိမ်း သတ်ပေးရန် ရပ်ကွက်ဥက္ကဌထံဆင့်ဆိုသည်ဟု ဒေသခံများကဆိုသည်။

ယခုလ ၂၂ ရက် နေ့လည် ၂ နာရီ ပူအိုက် လေပြင်းတိုက်သဖြင့် မိုင်းတုံမြို့တောင်ဘက် မိုင် ၄၀ ကျော်အကွာ နားကောင်းမူးအုပ်စုရှိ နအဖဆောက်လုပ်ရေးအင်္ဂျင်နီယာတပ် (အခြေချတပ်) တန်းလျား ၄ ခု နှင့် ဆောက်လုပ်ရေးကား (ခြောက်ဘီးကား) တစီး မီး လောင်ကြောင်း ဒေသခံများကဆိုသည်။

မီးငြိမ်းသတ်ပေးရန်ဆင့်ဆိုခံရသော အသက် ၅၀ ကျော် ရွာသားတဦးက - “အဲဒီအနားကို ဘယ်သူမှ မသွားဘူး။ သူတို့တပ်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ရင်း မီးရှို့ရင်းနဲ့ ဆောက်လုပ်ရေးတပ်ပါလောင်သွားတာ။ သူတို့သတ်လို့ မနိုင်တော့ ရွာသား တွေကိုလုပ်အားပေး ခိုင်းဖို့ ရပ်ကွက်ဥက္ကဌကို ဆင့်ခေါ်ခိုင်းတာ။ မီးမငြိမ်းသတ် နိုင်ရင်ရွာဘက်ကို ကူးလာမှာစိုးလို့ လူအင်အား ၄၀ နီးပါး၊ ရေဘီပါတင် ထော်လာဂျီ ၁၀ စင်းကျော် လုပ်အား ပေးသွားရတယ်။”- ဟုဆို၏။

ထို့အတူ ၂၃ ရက်နေ့တွင်လည်း ခလရ ၆၅ အနီး တောမီးလောင်မှု ဖြစ်ပွားပြီး ဒေသခံလူထုအင်အား ၈၀ နီးပါး သွားငြိမ်း သတ်ခဲ့ရ ကြောင်း၊ ဒေသခံ အင်အား မရှိပါက ဒုတပ်ရင်းမှူး နေအိမ်နှင့် ခလရ ၆၅ တပ်ရင်းတခုလုံး မီးထဲပါသွားနိုင်ဖွယ်ရှိကြောင်း အသက် ၃၀ ကျော် နားလွီးရွာ ဒေသခံနောက်တဦးက ဤကဲ့သို့ ဆက်ပြောပြ သည်။

“တောမီးလောင်တာ၊ မီးတောက်မီးလျှံတွေမြင်တော့ နားကောင်းမူးကျေးရွာအုပ်စု လုထုအင်အား ၈၀ ၀န်း ကျင်လောက်သွား ငြိမ်းကြတယ်။ မဟုတ်ရင် ခလရ ၆၅ ရဲ့ အဘလေးအိမ် (ဒုတပ်ရင်းမှူး အိမ်) သေချာပေါက် မီးထဲပါသွားပြီ။ လူအင်အားမများရင်တော့ ခလရ ၆၅ မကလို့ နားကောင်းမူးအထိပါ မီးကူးလာနိုင်တယ်။ တောင်ကုန်းလေးတခုဘဲ ခြားတာကိုး” - ဟုဆို၏။

ဒေသခံ ၃-၄ ယောက်၏ ပြောပြချက်အရ နအဖစစ်တပ်အနား မည်သူမှ သွားလိုစိတ်မရှိကြောင်း၊ တပ်လုံခြုံရေး အရ ပတ်ဝန်း ကျင်သန့်ရှင်းရေး လုပ်ရင်း ၂ ကြိမ်စလုံး မီးလောင်မှုဖြစ်ပွါးခြင်းမှာ ဗမာစစ်သားများ၏ လက်ချက်သာဖြစ်ကြောင်း သိရသည်။

နားကောင်း ကျေးရွာအုပ်စုသည် ရပ်ကွက် ၆ ခု ရှိပြီး၊ မီးသတ်ကားမဆိုထားနှင့် အရံမီးသတ် တပ်ဖွဲ့လည်း မရှိကြောင်း၊ နအဖ အထက်လူကြီးများလာလျှင်ကြိဆိုဖို့ရန် မိမိပိုက်ဆံဖြင့်ဝယ်ထားသော မီးသတ်ဝတ်စုံ ၀တ်သူ ၄-၅ ယောက်သာ ရှိကြောင်း ဒေသခံများကဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ဖို့လို (ဦးသက်ဝေနှင့် ဆက်သွယ် မေးမြန်းချက်)

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ)။ ။ "အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် သနား ချစ်ခင်မှုတို့ကို အလေးထားသည့် အနေ ဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညှာသော အနေဖြင့်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက်လည်း ကောင်း" ရည်ရွယ်၍ အကျဉ်းသား ၆,၃၁၃ ဦးကို ယခုလ ၂၁ ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့် ပေးမည်ဟု မြန်မာစစ်အစိုးရက နိုင်ငံပိုင် သတင်းဌာနများမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အင်းစိန်ထောင်မှ လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသား တချို့တွင် ပါဝင်ခဲ့သူ အန်အယ်ဒီ စမ်းချောင်းမြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ဝေကမူ အာဏာပိုင်များအနေဖြင့် လူသားချင်း စာနာထောက်ထားသည်ဆိုလျင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း မဇ္ဈိမကို ပြောသည်။

ထို့အပြင် ထောင်အတွင်း၌ အဓမ္မလုပ်အားပေး ခိုင်းစေမှုများ ရှိနေကြောင်း ပြောသည်။

အင်းစိန်ထောင်အတွင်း၌ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိမည်ဟုလည်း ဦးသက်ဝေက ခန့်မှန်းပြောဆိုသည်။

ဦးသက်ဝေအား အီလက်ထရောနစ် ပုဒ်မ ၃၃ (က)၊ ၃၃ (ခ) အပါအဝင် ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲခဲ့သော်လည်း နောက်ပိုင်းတွင် ပုဒ်မ ၃၅၃ ဖြင့်သာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်ထောင်အတွင်း၌ ဦးသက်ဝေ နေခဲ့ရသည့် ၅ လတာ အချိန်အတွင်း အတွေ့အကြုံ တချို့နှင့် သူ၏ ခံယူချက်တချို့ကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားပါသည်။

စနေနေ့ ဘယ်အချိန်လောက်က လွတ်လာတာလဲဗျာ။ မိသားစုကရော လာစောင့်တာ ရှိပါသလား။

ညနေ ၅ နာရီခွဲလောက်က အင်းစိန်အကျဉ်းထောင်က လွတ်ပါတယ်။ အင်းစိန် အကျဉ်းထောင် (၁) တိုက်ကပါ။ အိမ်ကိုတော့ ထောက်လှမ်းရေးကနေပြီးတော့ လိုက်ပို့ပေးပါတယ်။

အခုလို ပြန်လွတ်လာတဲ့ အခါကျတော့ စိတ်ထဲမှာ ဝမ်းနည်း၊ ဝမ်းသာ ဘယ်လိုဖြစ်လဲခင်ဗျ။

ဒီလိုပြန်လွတ်လာတဲ့အတွက် ဝမ်းမြောက်ပါတယ်။ တဖက်မှာလည်း အင်းစိန်ထောင်ထဲမှာရော၊ နယ်ထောင်တွေမှာရော ကျန်နေသေးတဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေအတွက် စိတ်မကောင်းဘူး။

ဦးသက်ဝေ ထွက်လာတဲ့အချိန် (၁) တိုက်ထဲမှာပဲ အကျဉ်းပိတ်ခံထားရတဲ့လူ ရှိသေးတယ်လို့ သိရပါတယ်။ နည်းနည်းရှင်းပြပေးလို့ ရမလားဗျာ။

ဟုတ်ကဲ့။ (၁) တိုက်မှာ၊ ထောင်အာဏာပိုင်ကနေပြီးတော့ တနာရီပဲ လမ်းလျှောက်ခွင့်ပေးတယ်။ ကျနော်တို့ (၁) တိုက်မှာ ကျနော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၂ ယောက်ရှိတယ်။ အဲဒီအထဲမှာ ၂ဝဝ၇ ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း အပါအဝင်ပေါ့။ တနာရီ လမ်းလျှောက်ခွင့်နဲ့ မလုံလောက်တဲ့အတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကနေ စပြီးတော့ တနာရီကနေ တိုးပြီးတော့ လမ်းလျှောက်ခွင့် ရဖို့အတွက် အကျဉ်းဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဋ္ဌေးကို ကျနော်တို့ တင်ပြတယ်။

အခြားသော အကျဉ်းသားတွေ၊ ထောင်တွေ၊ တိုက်တွေမှာလိုပဲ အချိန်ပြည့် ဖွင့်ပေးဖို့၊ အချိန်ပြည့် လမ်းလျှောက်ခွင့်၊ အားကစားလှုပ်ရှားခွင့် ပေးဖို့။ သူကနေ ထောင်ပိုင်ကို တင်ပြပြီးတော့မှ ခွင့်ပြုချက်ပေးပါမယ် ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ အကြောင်းမပြန်ဘူး။ ၂ လ ကျော်သွားပြီ။ အဲဒါနဲ့ ကျနော်တို့က သူတို့ပေးတဲ့ တနာရီ လမ်းလျှောက်ခွင့်ကို ဆက်မယူတော့ဘဲနဲ့ ကျနော်တို့ရဲ့ တိုက်ထဲမှာပဲနေပြီး သူတို့ကို ကန့်ကွက်ဆန္ဒပြတာပေါ့။

အဲဒီကန့်ကွက်ဆန္ဒပြတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ၂၀ ရက်နေ့မှာပဲ ထောင်ပိုင်ရဲ့ ညွှန်ကြားချက်အရ အကျဉ်းပိတ်မယ်ဆိုပြီးတော့ ပိတ်တာပေါ့။ အကျဉ်းပိတ်တယ်ဆိုတာက တိုက်မှာ တံခါး ၂ ထပ် ရှိတာကို ပထမ အကျဉ်းတံခါးကို ဖွင့်ပေးထားတော့ နည်းနည်း ကျယ်ကျယ်ဝန်းဝန်း ရှိတာပေါ့။ အပြင်တံခါးကိုတော့ ပိတ်ထားတယ်။ အပြင်တံခါး ပိတ်ထားရာကနေ အခု အတွင်းပါ ထပ်ပိတ်လိုက်တော့ လေဝင်လေထွက် မကောင်းလို့ အနံ့အသက်ဆိုးတဲ့ ၁ဝ ပေပတ်လည် အခန်းထဲမှာပဲ တနေလုံး၊ တညလုံးနေရတာပေါ့။ ရေချိုးပါပိတ်တာ။

အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့က ထောင်အာဏာပိုင်တွေကိုခေါ်ပြီး ''ဘာကြောင့် ပိတ်တာလဲ''။ အင်းစိန်ထောင်မှူး ကျော်သီဟ ဆိုတဲ့ ပုဂ္ဂိုလ်က ''လူကြီးတွေ ညွှန်ကြားချက်အရ ယာယီပိတ်တာပါ'' တဲ့။ ''ပြစ်မှုကျူးလွန်မှု မရှိဘဲနဲ့ ပြစ်ဒဏ်ပေးတဲ့ကိစ္စ ကျနော်တို့ လက်မခံနိုင်ဘူး။ ညွှန်ကြားချက်အရ ဆိုတာကလည်း ဥပဒေကို ကျော်လွန်လို့ မရဘူး'' လို့။ ''ဥပဒေအရ ဆောင်ရွက်တယ်ဆိုရင် ဒါ ဘယ်ဥပဒေနဲ့ ဆောင်ရွက်တယ်ဆိုတာ ကျနော်တို့ကို တိတိကျကျ ပြောဖို့လိုတယ်'' လို့။ အဲဒီအတွက်နဲ့ ပတ်သက်ပြီး ''ထောင်အာဏာပိုင်တွေကို ချက်ချင်းခေါ်ပေးပါ'' လို့ ပြောလိုက်တယ်။ ''ဦးခင်မောင်ဋ္ဌေးကို အကြောင်းကြားပေးပါ့မယ်'' လို့ ပြောတယ်။

နောက် တနာရီလောက်ကြာတော့ ဦးခင်မောင်ဋ္ဌေး ရောက်လာတယ်။ ''ဒါဟာတဲ့ ပြစ်ဒဏ်အဖြစ်နဲ့ ပိတ်တာ'' ဆိုပြီးတော့၊ သူတို့ပေးတဲ့ တနာရီလမ်းလျှောက်ခွင့်ကို မလျှောက်လို့၊ ဆန့်ကျင်လို့၊ စည်းကမ်းဖောက်ဖျက်လို့ ဆိုပြီးတော့ ပိတ်တာပေါ့။ ''ထောင်ပိုင်ရဲ့ ညွှန်ကြားချက်အရ ပိတ်တာ၊ ဥပဒေနဲ့ အညီလုပ်တာပါ'' တဲ့။ ''ဘယ်ဥပဒေလဲ'' ဆိုတော့ တိတိကျကျ မဖြေဘူး။ ထောင်ပိုင်နာမည်တော့ ကျနော် မသိဘူး။ သူတို့ ဖွဲ့စည်းပုံအရဆိုရင် ထောင်ပိုင်က ဦးစီးမှူးရဲ့ အပေါ်က။ ထောင်ပိုင်အပေါ်မှာ ညွှန်ချုပ်ရှိတယ်။ ထောင်မှူးက ဦးစီးမှူးအောက်က။ အဲဒါနဲ့ ''ခံဝန်လက်မှတ်ထိုးရင် ဖွင့်ပေးမယ်'' လို့ ပြောတယ်။

ဒါ ကျနော်တို့ကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော၊ ညှင်းပမ်းနှိပ်စက်တယ်လို့ ယူဆလို့ လက်မခံလို့ ခံဝန်ချက် လက်မှတ်မထိုးဘဲ ဆက်ပြီး တိုက်ပွဲဝင်တယ်။ အဲဒီလို အကျဉ်းပိတ်လိုက်တဲ့အတွက် ကျနော်တို့ ရဲဘော်တွေအတွက် စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၀ ခုနှစ်တုန်းက နိုင်ငံရေးအကျဉ်းသားပေါ့။ ရွှေပြည်သာက အန်အယ်ဒီ လူငယ် ကိုလှခင်ဟာ ညှင်းပမ်းနှိပ်စက်မှုဒဏ်ကို မခံနိုင်တော့တဲ့အတွက် သီးသန့်အကျဉ်းထောင် (၁) အဆောင် အောက်တိုက်က အခန်းနံပတ် ၁၉ မှာ ဆွဲကြိုးချသေခဲ့တယ်။

အဲဒါဆိုရင် ဒီငြိမ်းလင်းကိုလည်း ခန္တီးထောင်ကို ပြောင်းလိုက်ပြီဆိုတော့ နောက်ပိုင်းမှာ ၁၀ ယောက် ကျန်မှာပေါ့။ သူတို့က ဦးသက်ဝေ ထွက်လာတဲ့အထိ တိုက်ပွဲဝင်ဆဲပဲလား။

ဟုတ်ကဲ့၊ တိုက်ပွဲဝင်ဆဲပါ။

ထောင်ထဲမှာ နေရတဲ့အချိန်မှာ ဆေးဝါးကုသမှုနဲ့ အစားအသောက် အနေအထားရော ဘယ်လို ရှိလဲဗျ။

အစားအသောက်ကတော့ ကောင်းပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးမှူးက လာပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ လုပ်ပါတယ်။ ဒါပေမဲ့ သူတို့မှာက ဆေးမရှိဘူး။ မိသားစုက ပေးလာသမျှ ဆေးဝါးတွေနဲ့ပဲ ကုသမှု လုပ်ရတယ်။ အိုင်စီအာစီ ICRC ကိုလည်း ဝင်ခွင့်မပေးတဲ့ အခါကျတော့ အရင်ကလို ထိထိရောက်ရောက် မရှိတော့ဘူး။ ကျနော်ကတော့ အခုလောလောဆယ်တော့ အခုထွက်လာတဲ့ အချိန်မှာတော့ ကျန်းမာရေးအရ အခက်အခဲ မရှိပါဘူး။

ဦးသက်ဝေ ကို ဘယ်လို ပုဒ်မတပ်ပြီးတော့ ထောင် ဘယ်လောက် ချလိုက်တာလဲခင်ဗျ။

ထောင် ၂ နှစ် ချပါတယ်။ ပုဒ်မ ၃၅၃ ပေါ့ဗျာ။ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှုပေါ့။ ဒီအမှုက အမှုတည်ဆောက်ပြီး လုပ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က မြန်မာနိုင်ငံအတွင်းမှာ အဓမ္မလုပ်အားခိုင်းစေမှုကို ILO နဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ပပျောက်စေဖို့ ဆောင်ရွက်နေတယ်။ အဲဒီအပေါ်မှာ အငြိုးအာဃာတ ထားတယ်ထင်တယ်။ ကလေးစစ်သားတွေ ကိစ္စလည်း ပါတယ်။

ပုဒ်မ ၃၅၃။ ပြည်သူ့ ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှုဆိုတော့ အာဏာပိုင်တွေက ဘာကို အဓိကထောက်ပြပြီး အဲဒီ ပုဒ်မ တပ်တာလဲဗျ။

အဓိကကတော့ဗျာ၊ တိုင်ကြားထားတဲ့ စာတွေကို ထည့်သွင်းထားတဲ့ memory stick ကို ရဲကနေ ကျနော့်ဆီကနေ သိမ်းဆည်းဖို့ လုပ်တာကို ငြင်းဆန်ခဲ့တဲ့အတွက် ကျနော့်ကို ဝတ္တရားနှောင့်ယှက်တယ်လို့ စွဲတာပေါ့။ ကျနော့်ကို ကျောက်တံတားမြို့နယ် တရားရုံးအောက်မှာ သိမ်းဆည်းတာ။ အဲဒီတရားရုံးကို ကျနော်က နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ ဦးအုန်းသန်းကို သူ့အမှုမှာ ရှေ့နေအကူအညီပေးဖို့အတွက် ရှေ့နေတယောက်ကို သဘောထား သွားတောင်းရင်းနဲ့ သွားတာ။ ရဲက ကျနော့်ကို ရှာဖွေရင်းနဲ့ တွေ့သွားတာ။ ILO နဲ့ ပတ်သက်တဲ့ memory stick ကို ရဲက တွေ့သွားတာ။

အဲဒီ memory stick က ILO နဲ့ ကျနော်နဲ့ပဲ ဆိုင်တာဖြစ်တဲ့အတွက် ပေးလို့မဖြစ်ဘူးလို့ ငြင်းတာပေါ့။ ဥပဒေအရ မညီဘူးလို့။ ကျနော့်မှာ တရားဝင် ကိုင်ဆောင် သိမ်းဆည်းခွင့်ရှိတယ်လို့၊ ဒါကြောင့် သိမ်းဆည်းခွင့် မပေးတာ။ အဲဒီကနေ ကျောက်တံတား ရဲစခန်းကို ခေါ်သွားပြီးတော့မှ ပန်းပဲတန်း ရဲစခန်းကို ပြောင်းပြီးတော့ ပန်းပဲတန်း ရဲစခန်းက တရားလိုလုပ်ပြီးတော့ ပုဒ်မ ၃၅၃ နဲ့ တရားစွဲပြီး အရေးယူတာ။ ကျနော်က ပန်းပဲတန်းရဲစခန်းမှာ အာမခံရတယ်။ အပြင်ကနေ အမှုကို ၈ လလောက် ရင်ဆိုင်ရတယ်။ ၂၀၀၈ ခု ၉ လပိုင်း၊ ၁၆ ရက်မှာ အမိန့်ချပြီး အင်းစိန်ထောင် ရောက်တာ။ အင်းစိန်ထောင်ထဲမှာ ၅ လ နေပြီးပါပြီ။ ပြစ်ဒဏ်စေ့ဖို့ တနှစ်နဲ့ ၇ လ ကျန်သေးတယ်။

အဲဒီအမှုအတွက် ရှေ့နေလိုက်ခွင့်ရလား။ ဘယ်သူလိုက်ပေးပါလဲ။

အဲဒီတုန်းက ရှေ့နေလိုက်ခွင့်ရပါတယ်။ ကိုဖိုးဖြူ လိုက်ပေးပါတယ်။

အခု နောက်ပိုင်းက ရှေ့နေတွေကို ထောင်ထဲ ပေးမဝင်တာတို့၊ ထောင်ချခံရတာတို့၊ ထွက်ပြေးရတာတို့ ရှိနေပါတယ်။ ဆိုတော့ ဦးသက်ဝေတို့တုန်းကတော့ ရှေ့နေတွေက လျောလျောရှူရှူနဲ့ပဲ အကျိုးဆောင်ခွင့် ရလားဗျ။

တကယ်တမ်းကျတော့ တရားခွင်ထဲမှာ ကျနော့်ရဲ့ အမှုနဲ့ပတ်သက်လို့ ခုခံကာကွယ်ဖို့ အချက်အလက်တွေ ရှာဖွေဖော်ထုတ် မေးမြန်းတာတွေဟာ လွတ်လွတ်လပ်လပ် မေးမြန်းခွင့် ကျနော့်ရှေ့နေက မရခဲ့ဘူး။ ဒီတရားခွင်ထဲမှာ ကျနော့်အတွက် ဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့် အပြည့်အဝ ရတယ်လို့ ပြောလို့မရဘူး။

ပြန်ထွက်လာရတော့ရော အာဏာပိုင်တွေက ဘယ်လို ပုံစံမျိုးနဲ့ လာအကြောင်းကြားလဲဗျ။ လွှတ်ပေးလိုက်ပြီ ဆိုတာကိုရော ဘယ်သူက ပြောပါလဲခင်ဗျ။

အခုထွက်လာတော့လည်း ကျနော့်ကို ကြိုတင်အကြောင်းကြားမှု မရှိဘူး။ ခေါ်သွားပြီးတော့ နောက်မှ လွှတ်တယ်ဆိုပြီးတော့ အကျဉ်းသားမှတ်ပုံတင်နဲ့ လူနဲ့ တိုက်ကြည့်တယ်။ ပြီးတော့ လွှတ်ပေးလိုက်တယ်။ လွှတ်ပေးလိုက်ပြီ ဆိုတာကတော့ အကျဉ်းဦးစီးဌာနက ညွှန်ချုပ်ကိုယ်တိုင် ပြောတာ။ နာမည်တော့ မသိဘူး။ သူ့ကိုယ်သူပဲ အကျဉ်းဦးစီးဌာနက ညွှန်ချုပ်ဆိုပြီး မိတ်ဆက်တာပဲ။ အဲဒီနေ့က လွတ်တာက တခြားအကျဉ်းသားတွေရော အားလုံးပေါင်း ၁၁၁ ယောက်။ နိုင်ငံရေးအကျဉ်းသားက ကျနော် အပါအဝင် ကမာရွတ်မြိုကနယ်က ဗကသ ကျောင်းသား ကိုထွန်းထွန်းခေါ် ထွန်းဇော်ဋ္ဌေး၊ နောက် ၂၀၀၃ ခုက အဖမ်းခံရတဲ့ ရဟန်းတွေ အပါအဝင်ဆို အားလုံး ၁၁ ယောက်ပေါ့။

အဲဒီညွှန်ချုပ်က ဦးသက်ဝေတို့ကို ဘယ်လိုအကြောင်းပြ ပြောဆိုပြီးတော့ လွှတ်ပေးလိုက်တာလဲ။

ကျနော်တို့ ၁၁၁ ယောက်ကို ဘာပြောလဲဆိုတော့ ''မစ္စတာဂမ်ဘာရီနဲ့ လူ့အခွင့်အရေးက မစ္စတာကွင်တားနား လာလို့ လွှတ်ပေးတာ မဟုတ်ဘူး၊ သူတို့ လွှတ်ချင်လို့ လွှတ်ပေးတာ'' ဆိုပြီးတော့ ပြောတာပေါ့။ ဘယ်သူ့ ဖိအားပေးမှုကြောင့်မှ မဟုတ်ဘဲနဲ့ သူတို့ သဘောနဲ့သူတို့ လွှတ်တာပေါ့။ သူတို့ သဘောဆန္ဒမရှိဘဲနဲ့ လွှတ်မပေးနိုင်ဘူးပေါ့။

ထောင်ထဲမှာ နေတုန်းက အကျဉ်းသားဥပဒေနဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်တွေက တခြား ချိုးဖောက်နေတာတွေ တွေ့ခဲ့ရသေးလား။ နိုင်ငံရေးအကျဉ်းသားတင် မဟုတ်ဘဲ တခြား အကျဉ်းသားတွေအပေါ်ရောပေါ့။

ဘာကိုပြရမလဲဆိုတော့ ၂ အဆောင်အချုပ်မှာ။ တရားရုံးကနေ အမိန့်မကျသေးဘဲနဲ့ အချုပ်သားတွေဘဝနဲ့ ရောက်နေတဲ့ အကျဉ်းသားတွေကို အလုပ်ခိုင်းစေတဲ့ကိစ္စ။ ဒါ အချုပ်သားရဲ့ ဆန္ဒမပါဘဲနဲ့ အတင်းအဓမ္မ အလုပ်ခိုင်းစေတာကို တွေ့ရတယ်။ နောက်တခုက ခိုင်းစေတဲ့ အလုပ်ပုံစံတွေကလည်း ကျန်းမာရေးအရ ထိခိုက်နိုင်တဲ့ အလုပ်တွေ ဖြစ်တယ်။ မိလ္လာကျင်းထဲမှာ အမှိုက်တွေကို ခြေထောက်နဲ့ တက်နင်းခိုင်းတယ်။ ဒူးဆစ်လောက်မြုပ်တဲ့ မိလ္လာရည်တွေပေါ့။ နောက် ရေချိုးခွင့်လည်း မပေးဘူး။ ရေမချိုးရတဲ့ အခါကျတော့ ယားနာတွေပေါက်ပြီးတော့ ကျန်းမာရေးကို ထိခိုက်နေတယ်။ အနံ့အသက်ကြောင့်လည်း အာရုံကြောတွေ ထိခိုက်တယ်။

ဒီငြိမ်းလင်းကို ထောင်ရွှေ့လိုက်တဲ့အချိန်မှာ ဦးသက်ဝေက အထဲမှာပဲ ရှိသေးတယ်နော်။ ဦးသက်ဝေတို့ ကြိုသိလား။

ဟုတ်ကဲ့ခင်ဗျာ။ အဲဒီ စနေနေ့ မနက် ၂ နာရီလောက်မှာပဲ။ မနက်အစောကြီးပေါ့ဗျာ။ လာခေါ်သွားတာပေါ့။ ဒီငြိမ်းလင်းကို ခေါ်ထုတ်တဲ့အချိန်မှာ ဒီငြိမ်းလင်းက ကျနော့်အခန်းရှေ့ကို ရောက်လာပြီးတော့ လာနှုတ်ဆက်ပါတယ်။ သူ ထောင်ပြောင်းပါတယ် ဆိုပြီးတော့။ သူ့ကို ''ကြိုတင် အကြောင်းကြားခြင်း မရှိဘဲနဲ့တဲ့၊ ချက်ချင်း အားချင်း ဒီလို ခေါ်ထုတ်တော့ တော်တော်လေး ကသီလင်တနိုင်တယ်'' ဆိုပြီးတော့ ညီးညူသွားတယ်။

အခု အပြင်ပြန်ရောက်တော့ ဘာဆက်လုပ်မယ်လို့ စိတ်ကူး ရှိပါသလဲခင်ဗျာ။

တာဝန်ကတော့ ရှိတုန်းပါပဲ။ ကျနော်ဟာ စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တယောက်အနေနဲ့ ပါတီရဲ့ မူ၊ ဘောင်၊ စည်းကမ်းတွေနဲ့အညီ ဆက်လုပ်ပြီးတော့ နိုင်ငံရေးတာဝန်တွေကို ဆက်လက် ထမ်းဆောင်သွားမှာပါ။

အာဏာပိုင်တွေက အကျဉ်းသား ၆ ထောင်ကျော် လွှတ်လိုက်တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာလည်း သိရသလောက်အထိ ရာဇဝတ်သား အများစုဖြစ်တယ်။ ပြီးတော့ ဦးသက်ဝေ အထဲမှာ ရှိနေစဉ်မှာရော၊ မလွှတ်ခင်လေးတင်မှာရော သံဃာတော်တွေ အပါအဝင် အန်အယ်ဒီ အဖွဲ့ဝင်တွေ၊ နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို ထောင်ဒဏ်နှစ်ရှည် ချမှတ်ပြီး နယ်စွန်နယ်ဖျား ထောင်တွေကို ပို့ပစ်တာတွေ ရှိပါတယ်။ အဲဒီတော့ အခုလို လွှတ်ပေးလိုက်တဲ့ ကိစ္စကရော တရားမျှတမှု ရှိတယ်လို့ ထင်ပါသလား။ ဘယ်လို ယူဆပါသလဲခင်ဗျာ။

ဒီလို လွှတ်ပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ အပြုသဘောဆောင်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေကလည်း ကျန်နေသေးတယ်။ အခု ကျနော် ထွက်လာစဉ်ကာလမှာတောင် တိုက်ပိတ်၊ အကျဉ်းပိတ်ပြီးတော့ ကျန်းမာရေး ထိခိုက်အောင် လုပ်နေတယ်။ အင်းစိန်ထောင်မှာ ချပြီးတော့ နယ်ထောင်တွေ ရွှေ့တာတွေရှိတယ်။ ဒါတွေကလည်း အပြုသဘောဆောင်တဲ့ ကိစ္စကို ထိခိုက်စေတဲ့ အပိုင်းတွေ ရှိတယ်။ တကယ်တမ်း လူသားချင်း စာနာထောက်ထားမှု ရှိတယ်ဆိုရင် အကုန်လုံးကို ခြွင်းချက်မရှိ၊ အမြန်ဆုံး လွှတ်ပေးသင့်တယ်လို့ ကျနော် ယူဆတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် ပအိုဝ်းလက်နက်ကိုင်အဖွဲ့ ဆုံးဖြတ်

ဇော်ကြီး။

မြန်မာစစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန် လူထုအုံကြွမှုတရပ်ကို ဖော် ဆောင်ရမည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ က ပြောသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ ဗဟိုကော်မတီမျက်နှာစုံညီ အစည်းဝေးကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၁၈) ရက်နေ့ထိ ထိုင်း၊ မြန်မာ နယ်စပ်တနေရာ တွင် ကျင်းပ ခဲ့ပြီးနောက် ယခုလို ထုတ်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် မြန်မာအစိုးရ ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် လှုံ့ဆော်သွားမည်ဟု ပြန် လည် အရွေးချယ်ခံခဲ့ရသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“တကယ်လို့ မဲရုံကိုသွားတယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့က အလိုအလျောက် နအဖရဲ့ ဥပဒေ ကိုရော၊ ရွေးကောက်ပွဲကိုရော ၃၀ ရာခိုင်နုန်းလောက်က အလိုလိုထောက်ခံနေပြီး သားပဲဖြစ်နေတယ်။ အဲလိုဖြစ်တဲ့အချိန်ကျတော့ အဲဒီဟာမျိုးတော့ ကျနော်တို့က မဖြစ်စေ ချင်ဘူး၊ ပြတ်ပြတ်သားသားနဲ့ပဲ ဥပဒေကိုရော ရွေးကောက်ပွဲကိုရော ကျနော်တို့ဆန့်ကျင် မယ်။ အဲတော့ ကန့်ကွက်မဲသွားပေးမဲ့အစား ဒါကျနော်တို့ ပြည်သူလူထုမှာ လူထုအုံကြွမှုတ ရပ်ကို ပြည်တွင်းမှာပေါ့နော် ပေါ်ပေါက်အောင်လုပ်မယ် အဲဒီအစား လုပ်ရင်ပိုကောင်းတယ် လို့ ကျနော်တော့ အဲလိုပဲ မြင်ပါတယ်။”

ယခု ကျင်းပပြီးစီးခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဗဟိုကော်မတီ မျက်နှာ စုံညီ အစည်းဝေးတွင် ယခင်က သဘောတူထားသည့်အတိုင်း ပအိုဝ်းလူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များပါ ပူးပေါင်းလာခဲ့ကြသည်၊၊

ပြည်တွင်း၊ ပြည်ပရှိ ပအိုဝ်းအမျိုးသားများ စည်းလုံးညီညွတ်မှုရရှိနိုင်ရေးအတွက် နည်းလမ်း အမျိုးမျိုးအသုံးပြုပြီး ရည်မှန်းချက် သို့ရောက်အောင် အကောင်ထည်ဖော် ဆောင်ရွက်ရမည်ဟုလည်း ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“ကျနော်တို့ အထဲထဲမှာက နှစ်ပိုင်းရှိတယ်ခင်ဗျ၊ နှစ်ပိုင်းရှိတယ်ဆိုတာ ပထမ တပိုင်းကတော့ ဘယ်လို အခြေအနေ အောက်မှာပဲဖြစ်ဖြစ် ဒီ ၂၀၁၀ ရွေးကောက်ပွဲကို သူတို့ဝင်မယ် ဆိုတဲ့အပိုင်းပါပဲ၊ နောက်ထပ် တပိုင်းကျတော့ မလွဲမရှောင်သာလို့ ပြောရရင်တော့ အဲဒီမှာ လွန်ဆန်လို့မရလို့ ဘယ်လိုမှ လုပ်လို့မရလို့ အဲလိုမျိုး မှိန်းပြီးတော့ လိုက်နေတဲ့ အနေအထား တစ်ခုလည်းရှိတယ်။ အဲလိုမျိုး ဖြစ်တဲ့အချိန်ကျတော့ ကျနော်တို့ကတော့ ရရင်ရသလို ကျနော်တို့ အဲဒီနည်းလမ်းသုံးပြီးတော့မှ ကျနော်တို့ အတူ တကွ လက်တွဲလုပ်သွားမယ်ဆိုတဲ့ သဘောပါပဲခင်ဗျ။”

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့သည် မြန်မာစစ်အစိုးရက လက်နက်ချရန် ဖိအားပေးသည့်အတွက် ၂၀၀၇ ခုနှစ် ဇွန်လတွင် အပစ်ရပ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)မှ ခွဲထွက်ခဲ့ပြီး ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ကို ဖွဲ့စည်း၍ စစ်အစိုးရကို ဆက်လက် တော်လှန်နေသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။


ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,26th,2009

( 48 )မြန်မာလုပ်သား ရာပေါင်းများစွာ ထိုင်းတွင် ဖမ်းဆီးခံရ

( 47 )ASEAN leaders challenged on rights, economy

( 46 )လုပ်အားခ ထက်ဝက်ဖြင့် လုပ်အားပေး

( 45 )Burmese monks share stories of repression

( 44 )“ကျနော် ထမီ ၀တ်ချင်တယ်”

( 43 )မဲဆောက်မှာ အဖမ်းအဆီးကြမ်း

( 42 )Suspected killer of mute women apprehended in Maehongson

( 41 )မြန်မာ့ လူ့အခွင့်အရေး အခြေအနေ အမေရိကန် ထုတ်ပြန်

( 40 )Local people ordered to pay for road reconstruction

( 39 )နာရေးအသင်း နိဗ္ဗာန်ယာဉ်များ သုသာန်သို့ ပြောင်းရမည်

( 38 )Majority of under-five deaths preventable

( 37 )အာဆီယံသည် စစ်အစိုးရကို အရေးယူရန် ပျက်ကွက်ဟု လူ့အခွင့်အရေးအဖွဲ့ပြော

( 36 )Washington Forging New Burma Policy

( 35 )Rohingya Issue Figures in Regional Summit

( 34 )စစ်ခေါင်းဆောင်တွေကို ဘန်ကီမွန်းကအကျပ်ကိုင်ခိုင်းလို့မရဟု ဂမ်ဘာရီပြော

( 33 )New Chinese ambassador to Myanmar on China-ASEAN co-op in dealing with global financial crisis

( 32 )Vietnam and Myanmar to expand trade ties

( 31 )စီးပွားရေးဒဏ်ခတ်မှုဥပဒေရုတ်သိမ်းအောင် အန်အယ်လ်ဒီလုပ်ရန်မလို

( 30 )Rights Groups Call on Asean to Focus on Human Rights

( 29 )Human Rights in Burma Appalling

( 28 )ASEAN pressed on Myanmar's abuses

( 27 )မြ၀တီနယ်စပ်တွင် ရွှေ့ပြောင်းလုပ်သားများ လူကုန်ကူးပွဲစားနဲ့ အပြန်များလာ

( 26 )Migrants pose challenge for SEA leaders

( 25 )ရုပ်ရှင်ထဲ၌ ဆင်းရဲ နွမ်းပါးခွင့်မရှိ

( 24 )အသုဘယာဉ် အားလုံး ရေဝေးသုဿန်၌သာ ထားရမည်ဟု အမိန့်ထုတ်

( 23 )Myanmar to grant cross-border tourists from China to travel deep into country

( 22 )စာပေစိစစ်ရေးက အီလက်ထရောနစ် စံစနစ်ဖြင့် ဂျာနယ်များကို စိစစ်မည်ဟုဆို

( 21 )တောမီး မကူးအောင် မြန်မာ အစိုးရ ကြိုးစားသင့်ဟု တရုတ်မီဒီယာ သတိပေး

( 20 )ရခိုင်ပြည်နယ် ဈေးအခွန်ကောက်ခွင့် လိုင်စင်ကြေး ၃ ဆ မြင့်တက်

( 19 )Burma's refugees cut from ASEAN agenda

( 18 )လွိုင်ကော်မြို့တွင် အင်တာနက်ဆိုင်များ လာသည်နှင့်အမျှ အသုံးပြုသူများလည်း တိုးလာ

( 17 )စစ်အစိုးရကို အာစီယံ က ဖိအားပိုပေးဖို့ အမေရိကန် တိုက်တွန်း

( 16 )East Timor leader urges US to 'reach out' to Burma, Cuba

( 15 )Ramos-Horta urges Obama to embrace Burma

( 14 )အာဆီယံစည်းဝေးတွင် မြန်မာ့အရေးများ ဆွေးနွေးမည်

( 13 )Myanmar-Indonesia trade fair to be held in Myanmar

( 12 )ရွေးကောက်ပွဲ အရေး အဖွဲ့ချုပ် ဗဟို၌ မြို့နယ်ကိုယ်စားလှယ်များ ဆွေးနွေး

( 11 )'Brutal' Myanmar rights record

( 10 )မြန်မာလူထု လွတ်မြောက်ရေး နအဖ သံရုံးရှေ့ ၃၅၈ ကြိမ်မြောက် ဆန္ဒပြ

( 9 )“The Killing Fields” and the Rohingya of Burma

( 8 )နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ရန် အီးယူ၊ ကုလ နှင့် အမေရိကန် တောင်းဆို

( 7 )Fireman dies in fighting cross-border forest fire in SW China

( 6 )အသုဘယာဉ်တွေ မြို့ကျက်သရေ ယုတ်စေတယ်လို့ အာဏာပိုင်တွေယူဆ

( 5 )US wants 'political progress' in Myanmar

( 4 )နာဂ သူပုန်အချင်းချင်း တိုက်ပွဲကြောင့် မြန်မာပြည်သား နာဂများ အသက်ဆုံး

( 3 )Cross-border forest fire in southwest China put out

( 2 )UDP ခေါင်းဆောင် ဦးကျော်မြင့် ကို ဆက်သွယ်မေးမြန်း

( 1 )China Warns of Kidnappings at Myanmar Casinos

Wednesday, February 25, 2009

ရွှေတြိဂံ နယ်စပ်ဒေသ စစ်ရေး ပြင်ဆင်မှုများ ရှိနေ

ကိုစိုး Wednesday, 25 February 2009

မြန်မာနှင့် လာအို စစ်ရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် မကြာသေးခင်က နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရသည်။

နအဖ စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် လာအိုသမ္မတ Choummaly Sayasone တို့သည် လာအို နိုင်ငံ မြို့တော် ဗီယန်ကျင်းမြို့၌ တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးအခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်သည်ဟု ဆင်ဟွာသတင်းက ယမန်နေ့တွင် ဖော်ပြထားသည်။

လာအို သတင်းအေဂျင်စီကလည်း ဗိုလ်ချုပ်ကြီးသူရရွှေမန်းကို သမ္မတ Choummaly Sayasone က ၎င်း၏ ရုံးခန်းတွင် လက်ခံ တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရင်နှီးချစ်ကြည်မှု ဆက်ဆံရေး အစဉ်အလာ ပိုမိုခိုင်မာရေးနှင့် အထူးသဖြင့် စစ်တပ်များအကြား ပူးပေါင်း ဆောင်ရွက်ရေး များကို ပြီးခဲ့သည့် တနလာင်္နေ့က ဆွေးနွေးသည်ဟု ရေးသားထားသည်။

ယင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ၂ ရက်ကြာ လာအိုနိုင်ငံ ခရီးစဉ်သည် လာအို ဒု ၀န်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး Duangchay Phichit ၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်သည်ဟု ဆင်ဟွာက ဆိုသည်။

ယခုနှစ်အစောပိုင်းတွင်လည်း လာအိုကာကွယ်ရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် လာအိုပြည့်သူ့တပ်မတော်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ အခမ်းအနားအပြီးတွင် လူမှု စီးပွား ကိစ္စများ အပါအ၀င် အမျိုးသားလုံခြုံရေးဆိုင်ရာနှင့် နှစ်နိုင်ငံစစ်ရေး ဆိုင်ရာ မြှင်တင်မှုများပြုလုပ်ရန်တို့ကို ဆွေးနွေးကြသည်ဟု ဆင်ဟွာက ရေးသားထားသည်။

ဆက်လက်ပြီး လာအို-မြန်မာ နယ်စပ်ဒေသနေပြည်သူများ လူနေမှုအဆင့် မြင့်မားရေး၊ နယ်စပ်ကုန်သွယ်ရေး လွယ်ကူချောမောစေရေးများနှင့်ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်ပါဝင်ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးကြ ကြောင်း သိရသည်။

နယ်စပ်ဖြတ်ကျော်၍ တရားမ၀င် မူးယစ်မှောင်ခို ကုန်ကူးမှုများ၊ တရားမ၀င် ကုန်စည်ကူးသန်းမှုများ၊ တရားမ၀င် လူကုန်ကူးမှုများနှင့်ပတ်သက်သည့် အခြေအနေအဖြစ်အပျက် သတင်းများကို ပုံမှန်ဆွေးနွေးဖလှယ်ပြီး ပူးပေါင်း ဆောင်ရွက်ရန်တို့လည်း ပါဝင်ဆွေးနွေးကြသည်ဟု ဆင်ဟွာကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်ကလည်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြန်မာ-လာအို နယ်စပ်ကော်မတီ ပထမအကြိမ် အစည်းအဝေးကို ကျင်းပကြောင်း၊ ယင်းအစည်းအဝေးသို့ နှစ်နိုင်ငံ တာဝန်ရှိသူ များ တက်ရောက်၍ နယ်စပ်ဒေသတလျှောက်လုံခြုံရေး၊ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်ရေးနှင့် ပြည်သူများအကြား အပြန်အလှန် လည်ပတ်မှု တိုးမြှင့်ရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးကြကြောင်း ဖေဖော်ဝါရီ ၁၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖော်ပြထားသည်။

ယခုကဲ့သို့ စစ်အစိုးရက လာအိုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် စီစဉ်နေခြင်းသည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသတလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲကာလ အတွက် လက်နက်ဖြုတ်သိမ်းလို၍ ဖြစ်နိုင်ကြောင်း ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်(NDD)မှ သုတေ သန အရာရှိ စစ်ရေးလေ့လာသူ ဦးဌေးအောင်က သုံးသပ်သည်။

“တရုတ်နဲ့ ထိုင်းအပါအ၀င် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တကြောလုံးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း အသီးသီးရှိနေကြပါတယ်၊ တချို့လည်း အပစ်အခတ်ရပ်စဲထားသလို တချို့ကလည်း အခုအချိန်အထိ လက်နက်ကိုင်တိုက်နေတဲ့အဖွဲ့တွေလည်း ပါတာပေါ့၊ ဒီအဖွဲ့တွေကို စစ်အစိုးရအနေနဲ့ ၂၀၁၀ ကာလမှာ လက် နက် ဖြုတ်သိမ်းဖို့ ဖြစ်လာမယ်ဆိုရင်တော့ ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတွေ အနေအထားက အရေးပါ လာတာပေါ့၊ တရုတ် နိုင်ငံအရေးပါလာမယ်၊ ထိုင်းတို့ လာအိုတို့လည်း သူ့အနေအထားနဲ့သူ အရေးပါလာမှာပေါ့၊ စစ်အစိုးရအနေနဲ့ ဒီကိစ္စတွေအတွက် ကြိုပြီးတော့ အခုလိုသွားလုပ်ထားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”ဟု ဦးဌေးအောင်က ဆိုသည်။

အဆိုပါ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များဖြစ်သောဦးစိုင်းလင်း(လင်မိန်ဇင်း) ဦးဆောင်သည့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(NDAA) မိုင်းလားအထူးဒေသ(၄)အဖွဲ့နှင့် ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)အဖွဲ့များ၏လှုပ်ရှားမှုများကို တင်းကျပ်ထိန်းချုပ်ရန်စစ်အစိုးရက လာအိုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုပြုလိုသည်ဟု ယူဆရကြောင်း တိုင်းရင်းသားအရေးလေ့လာသူများက လည်း ပြောဆိုကြသည်။

ဝ အရေးစောင့်ကြည့်လေ့လာသူ မိုင်းအိုက်ဖုန်းက ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ နယ်စပ် ရွှေတြိဂံဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကို စစ်အစိုးရ စစ်တပ်များက တင်းကျပ်ရန် စီစဉ်နေသည် ဟု ပြောသည်။

“၀ အဖွဲ့ကို အရမ်းတင်းကျပ်လို့ ရမယ်မထင်ဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့မှာလည်း သူတို့ရဲ့ အပိုင်နယ် မြေ ရှိနေတယ်” ဟု မိုင်းအိုက်ဖုန်းက ဆိုသည်။

တာချီလိတ်မြို့မှ UWSA အဖွဲ့နှင့် နီးစပ်သူတဦးကလည်း မြန်မာစစ်တပ်များနှင့် တိုက်ပွဲဖြစ်ပွားပါက အဆင်သင့် ဖြစ်စေရန် UWSA က အရပ်သားများကို စစ်သင်တန်းပေးနေကြောင်း ပြောသည်။

“UWSA က အရပ်သား ၀ တိုင်းရင်းသားတွေကို အခုနွေရာသီအတွက် စားရေရိက္ခာ စုဆောင်းထားဖို့ နှိုးဆော် ထားတယ်၊ အရပ်သား ၀ တချို့လည်း သူတို့သားသမီးတွေကို တခြားနေရာတွေဆီ ပို့ထားတယ်၊ ပြီးတော့ စစ် သင်တန်း တက်နေကြတာလည်းရှိတယ်”ဟု ၎င်း က ပြောပြသည်။

လွန်ခဲ့သည့် အပတ်အတွင်းကလည်း မိုင်းလားအခြေစိုက် စစ်အစိုးရ စစ်တပ်အား ပေးနေရသည့် အခွန် ၃၀ ရာခိုင် နှုန်းကို ပေးရန်ငြင်းဆိုသည့်အတွက် NDAA အဖွဲ့နှင့်စစ်အစိုးရအကြား တင်းမာမှုဖြစ်နေကြောင်း၊ အဆိုပါနယ်မြေ အတွင်း အစိုးရစစ်တပ်များ တိုးချထားကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်ကလည်း ပြောဆိုသည်။

အကောင်းဆုံးမြေသြဇာ လူငယ်သုံးဦးရန်ကုန်တိုင်းရဲရုံးမှာ ဖမ်းထားဆဲ

မင်းနိုင်သူ /၂၅ ဖေဖော်ဝါရီ ၂၀၀၉

အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကိုစိုးမင်းထိုက်၊ ကိုကျော်ဇင်နိုင်၊ ကိုအောင်ထက်မင်းတို့ ဖေဖော်ဝါရီ (၁၄) ရက်၌ မြောက်ဥက္ကလာပမြို့နယ် အထက (၃) ရှေ့တွင် နှင်းဆီပန်း လူထုလှုပ်ရှားမှုအဖြစ် ပိုစတာများ ကပ်နှံခဲ့ခြင်းကြောင့် အာဏာပိုင်များက နေအိမ်သို့လာရောက် ဖမ်းဆီးခဲ့ပြီး၊ ယခုအခါ ရန်ကုန်တိုင်းရဲရုံးတွင် ဖမ်းဆီးနှိပ်စက် စစ်ဆေးနေကြောင်း ယင်းအဖွဲ့ဝင်လူငယ်တဦးက ပြောသည်။


အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်ရဲရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်းမရှိပေ။

လူထုအတွက် စတေးခံအကောင်းဆုံးမြေသြဇာအဖွဲ့၊ မျိုးဆက်သစ်လူငယ်များအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ ပူးပေါင်းကာ ငြိမ်းချမ်းရေးနှင့် ချစ်ခြင်းမေတ္တာ သင်္ကေတအထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ဖေဖော်ဝါရီ (၁၄) ရက်တွင် လူထုလှုံ့ဆော်ရေးတရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုအတွက် အဖမ်းခံလူငယ် (၃) ဦး ပိုစတာကပ်နှံသည်ကို စွမ်းအားရှင် ဆိုက္ကားသမားတဦး မြင်သွားကာ အာဏာပိုင်များ ထံ သတင်းပေးခဲ့ခြင်းကြောင့် အိမ်အထိ လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်းသိရသည်။

၎င်းတို့သုံးဦးကို မြို့နယ်မယကရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားရာမှ (၁၆) ရက်တွင် တိုင်းရရုံးသို့ ပြောင်းရွေ့ လိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင်လူငယ်က ပြောသည်။

“ကျနော်တို့ အဖွဲ့ဝင် လူငယ်တွေဟာ ဘယ်လောက်ပဲ အဖမ်းခံနေရပါစေ။ နောက်တွန့်သွားမှာ မဟုတ်ဘူး ဆက်လက်လုပ်ဆောင်သွား မယ်ဆိုတာ လှုပ်ရှားမှုတွေနဲ့ သက်သေပြနေပါတယ်။ အဲဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွတ်ပေး ပါ။ ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေမပါဘဲနဲ့ လုပ်ဆောင်နေမယ် ဆိုရင်လည်း အခု လိုလှုပ်ရှားမှုတွေနဲ့ လူထုကို နားလည်အောင်ပြောပြ ဆွဲခေါ်တင်ပြီး ဖယ်ရှားသွားမှာပါခင်ဗျ။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွေဖြစ်ဖို့အတွက် ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွတ်ပေးပါ။ ကျနော်တို့ လူငယ်တွေရဲ့ ရင်ထဲကဆန္ဒတွေ ဖော်ထုတ်ပြသတာကိုလည်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးပါ။ ဖမ်းတာဆီးတာတွေရပ်ပါ။ ကျနော်တို့အဖွဲ့က အဖမ်းခံလူငယ်တွေကို လည်း ချွင်းချက်မရှိ ပြန်လွတ်ပေးပါ” ဟု အဖွဲ့ဝင်လူငယ်က တောင်းဆိုသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုများရှိနေသော်လည်း အဖွဲ့အနေဖြင့် လှုပ်ရှားမှုများ ရပ်တန့်သွားမည်မဟုတ်ဘဲ နယ်မြို့များတွင်ပါ တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းလူငယ်က ဆက်လက်ပြောဆိုသည်။

စစ်တပ် ရိက္ခာ သယ်ယူရေးတွင် အရပ်သားများကို စေခိုင်း

Narinjara News

ရခိုင်ပြည်နယ်မှ တဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် နယ်စပ်ဒေသများသို့ တင်ပို့နေသော ဆန်နှင့် တခြား ရိက္ခာများ သယ်ယူရာတွင် သက်ဆိုင်ရာ စစ်တပ် တပ်ရင်းများက အရပ်သားများကို အတင်း အဓမ္မ ခေါ်ယူ စေခိုင်းနေသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ တဦးက “ ကျွန်တော်တို့ကို သရော်အိုင် ကျေးရွာကနေ တဆင့် အိန္ဒိယ မြန်မာ နယ်စပ် တလျောက်မှာ ရှိနေတဲ့ စစ်တပ် စခန်းတွေကို ဆန်တွေ သယ်ယူ ပို့ဆောင်နေရပါတယ်။ ကိုယ်စရိတ်နဲ့ကိုယ် သွားသယ် ပေးရတာပါ။ မသွားနိုင် မလာနိုင်ရင် ကန်ကျောက် ခံရတာတွေလည်း ရှိနေပါတယ်။” ဟု ပြောသည်။

နအဖ စစ်တပ်မှ အကြီးအကျယ် ဆန်များကို အိန္ဒိယ - မြန်မာ နယ်စပ် စခန်းများသို့ ပို့ဆောင် နေရာ ကုလားတန် မြစ်ကြောင်း အတိုင်း မတင်ပို့ နိုင်သော ရိက္ခာများကို အရပ်သားများကို အထမ်းသမား ပိုတာများ အဖြစ် အသုံးပြု စေခိုင်းနေခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ ဒိုးချောင်းဝ ကျေးရွာက ရွာသား ၃၀ လောက်ကိုခေါ်သွားတာ ဒီကနေ့ထိ ပြန်မရောက်သေးပါဘူး။ ၅ ရက်လောက်တော့ ရှိနေပါပြီ။ တခြားကျေးရွာတွေကလည်း လူတွေကိုလည်း ခုလို ခေါ်ခိုင်းနေတယ်လို့ သိရပါတယ်။ အခုလို ခေါ်ခိုင်းနေတဲ့ တပ်ရင်းက ခမရ ၂၃၄ က ဖြစ်ပါတယ်။” ဟု သူက ဆက်ပြောသည်။

နအဖ စစ်အာပိုင်များအနေဖြင့် မြန်မာ အနောက်ဘက် နယ်စပ်တွင် စစ်တပ် တပ်ရင်း အများအပြား တိုးချဲ့ ချထားရာ သူတို့အတွက် လိုအပ်သော ရိက္ခာများကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ စက်လှေများဖြင့် ပလက်ဝ အနီးရှိ တောင်ပြိုအထိ တင်ပို့နေပြီး တောင်ပြိုမှ တဆင့် တခြားနေရာ ဒေသအသီးသီးသို့ အရပ်သားများကို ပေါ်တာ အထမ်းသမားများ အဖြစ် အသုံးပြု သယ်ခိုင်းနေခြင်း ဖြစ်သည်။

စစ်တပ်ရိက္ခာအတွက် အရပ်သားများ ပေါ်တာ ဆွဲခံနေရသော ကျေးရွာများမှာ ဒိုးချောင်းဝ၊ စတင်ဝ၊ အုံးသီးဝ၊ သရော်အိုင်၊ ရင်ခံဝ၊ အလယ်ချောင်း၊ ကျွန်းချောင်းဝ၊ စစ်ပြင်ကျေးရွာ အပါအ၀င် တခြား ကျေးရွာများ ဖြစ်သည်။

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အမှတ်မမှီသည့် ကြံ့ဖွံ့များ တက်ရောက်နေသည့်အတွက် အခြားကျောင်းသားများ မကျေမနပ်ဖြစ်နေ

ဖြိုးကြီး Wednesday, 25 February 2009

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အမှတ်မပြည့်မှီဘဲ တက်ရောက်နေသည့် ကြံ့ဖွံ့အဖွဲ့ဝင်များ ရှိနေသည့်အတွက် အခြားကျောင်းသားကျောင်းသူများက မကျေမနပ်ဖြစ်နေကြသည်။

အဆိုပါတက္ကသိုလ်တွင် အင်္ဂလိပ်၊ ဂျပန်နှင့် တရုတ် မေဂျာများတွင် တက်ရောက်ရန် သတ်မှတ်ထားသည့် အမှတ်စာရင်းမပြည့်မှီဘဲ ကြံ့ဖွံ့အဖွဲ့ဝင်များက တက်ရောက်ခွင့်ရနေသဖြင့် မေဂျာတူ ကျောင်းသားကျောင်းသူများက မကျေနပ်ကြခြင်းဖြစ်သည်။

“ဒီနှစ်ထဲမှာ ကျမတို့ ဂျာမန်မေဂျာက လဝန်းသော်တာက ပထမနှစ် နှစ်ဝက်လောက်မှာ အင်္ဂလိပ်မေဂျာကို ပြောင်းသွားတယ်၊ အဲဒါကို လိုက်စုံစမ်းကြည့်တော့ အမှတ်လဲမမှီဘူး၊ ဒါပေမဲ့ ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်လို့ ပြောင်းလို့ရတာလို့ ပြောတယ်၊ တခြားမေဂျာက ကြံ့ဖွံ့တွေလဲ အင်္ဂလိပ်မေဂျာကို ပြောင်းတာအများကြီးပဲ၊ ကျောင်းသားတွေက အဲဒါကို မကျေနပ်ဖြစ်နေတာ” ဟု ဂျာမန်မေဂျာကျောင်းသူတဦးက ပြောသည်။

ယခုလက်ရှိ အင်္ဂလိပ်မေဂျာတွင် တက်ရောက်နေလျှက်ရှိသည့် ကျောင်းသားကျောင်းသူများမှာ ယင်းကိစ္စနှင့်ပတ်၍ မကျေမနပ်ဖြစ်ပြီး ကျောင်းထွက်သွားကြသူများလည်း ရှိကြောင်း အဆိုပါကျောင်းသူက ဆက်ပြောသည်။

“တချို့ကျောင်းသားတွေ ကျောင်းထွက်သွားကြတာ ရှိတယ်၊ အဲဒီကိစ္စကြောင့်ပဲ၊ သက်ဆိုင်ရာကို တင်ပြတော့လဲ ဘာမှာ ထိထိရောက်ရောက်မလုပ်ဘူး၊ အခုဆို အဲဒီကြံ့ဖွံ့တွေက အင်္ဂလိပ်မေဂျာမှာ အယောက် ၂၀ လောက်ရှိတယ်၊ အမှတ်မှီလို့ တက်နေရတဲ့သူတွေက တော်တော်မကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

အင်္ဂလိပ်မေဂျာမှ ကျောင်းသားကျောင်းသူများက ပါမောက္ခချုပ် ဦးမျိုးမြင့်ထံသို့ ၎င်းကြံ့ဖွံ့များနှင့် ရောနှော၍ မသင်ကြားလိုကြောင်း တင်ပြသော်လည်း အထက်အမိန့်ကို မလွန်ဆန်နိုင်ကြောင်း ပြောဆိုလိုက်သည်ဟု ပြောသည်။

“ဦးမျိုးမြင့်က စည်းကမ်းအကြောင်း ပါးစပ်က တဖွဖွပြောနေပြီး အခုကိစ္စကိုတင်ပြတော့ အထက်ကအမိန့်ကို လွန်ဆန်လို့မရဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ကြံ့ဖွံ့အဖွဲဝင်များကို ယခုကဲ့သို့ ပြည်သူလူထု၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများအကြားတွင် အခွင့်ထူးများပေးထားသည့်အတွက် မကျေနပ်မှုများ နေရာအနှံ့ ဖြစ်ပေါ်နေလျှက်ရှိသည်။

ဝန်ကြီး ဦးအောင်သောင်းSafety First ဆောင်ပုဒ်ပြင်ခိုင်း

NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉

စက်မှု (၁) တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် ရေးထားသည့် Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုသည့် ဆောင်ပုဒ်များ အစား “အန္တရာယ်ကို သတိပြုပါ” ဆိုသည့် ဆောင်ပုဒ်ဖြင့် အစားထိုးရန် ၀န်ကြီး ဦးအောင်သောင်းက အရေးတကြီး ညွှန်ကြားခဲ့သဖြင့် နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန တခုလုံး ဟာသ ညွှန်ကြားချက်အဖြစ် ပြောစမှတ် ဖြစ်သွားသည်။

စက်မှု (၁) တည်ဆောက်ရေး လုပ်ငန်းခွင်များ၊ စက်ရုံ စက်တပ်ဆင်မှု စီမံကိန်းများ နှောင့်နှေး ကြန့်ကြာပြီး အချိန်မီ မပြီးသည့် အကြောင်းရင်းမှာ Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုသည့် ဆောင်ပုဒ်ကြောင့်ဟု ၀န်ကြီးဦးအောင်သောင်းက ယူဆသည်ဟု ဦးအောင်သောင်း၏ လက်ထောက်တဦးက ပြောသည်။

၎င်းက “ဘယ်နဲ့ဗျာ Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုတဲ့ ဆောင်ပုဒ်ဟာ တကမ္ဘာလုံးက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စက်ရုံတွေအတွက် အရေးကြီးတဲ့ ဆောင်ပုဒ်လို့ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ ဒီဆောင်ပုဒ်ပါ စာသားဟာ လုံခြုံမှုကို ဦးစားပေးလွန်းပြီး အလုပ်လုပ်ရာမှာ စွန့်စွန့်စားစား လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေတယ်ဆိုပြီး ၀န်ကြီး ဦးအောင်သောင်းက ရွှေဥာဏ်တော် စူးရောက်စွာနဲ့ အပြစ်ပုံချပါတယ်။ ဘယ်လို ၀န်ကြီး ဦးနှောက်လဲ စဉ်းစားသာကြည့်ပေါ့ဗျာ” ဟုပြောသည်။

ထို့ကြောင့် စက်မှု (၁) တည်ဆောက်ရေး လုပ်ငန်းခွင်များတွင် ရေးထားသည့် Safety First (အန္တရာယ်ကင်းရေး ဦးစားပေး) ဆိုသည့် ဆောင်ပုဒ်များအား ၀န်ကြီး ဦးအောင်သောင်းက အမြန်ဖြုတ်ချခိုင်းပြီး “အန္တရာယ်ကို သတိပြုပါ” ဆိုသည့် ဆောင်ပုဒ်ဖြင် အစားထိုးပေးကြရသည်ဟု စုံစမ်းသိရသည်။


ဒေါပုံမီးသိန်း ၅၀၀ ဖိုးဆုံး

NEJ /၂၅ ဖေဖော်ဝါရီ ၂၀၀၉

ယမန့် နေ့လယ် (၁) နာရီခွဲခန့် က ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်ရှိ ပေါ်ပြူလာ ပလပ်စတစ်စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှု ဖြစ်ရခြင်းမှာ စက်ရုံတွင်ရှိသော မီးအားမြှင့်စက်သို့ မီးအားဆောင့်တက်ရာက စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မီးသတ်ရဲဘော်တဦးက ပြောသည်။

မီးလောင်မှုကြောင့် သိန်း (၅၀၀) ထက်မနည်း ဆုံးရှုံးမှုရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၂၅) ပေ ပတ်လည် အလုပ်သမားတန်းလျား အဆောက်အအုံ (၂) လုံး၊ အာစီ (၂) ထပ် အဆောက်အအုံတလုံးနှင့် ယင်းအဆောက်အအုံအတွင်းရှိ ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း မျက်မြင်သက်သေ များကပြောသည်။

အလုပ်သမား အရေအတွက်မှာ လက်ရှိတွင် နယ်အစုံမှ လာရောက်နေထိုင်သူပေါင်း (၅၀) ခန့် ရှိမည်ဟုထင်ကြောင်း စက်ရုံအနီးရှိ ကုန်စုံအရောင်းဆိုင်ကြီး တဆိုင်ကပြောသည်။

"ကျမတို့ဆိုင်မှာ လာပြီးတော့ လိုအပ်တာတွေ ၀ယ်နေကြတဲ့ နယ်က အလုပ်သမားတွေရှိတယ်၊ အခုလို မီးလောင်သွားတဲ့အတွက် သူတို့ စားဝတ်နေရေး အခက်တော့တွေ့ မှာပဲ" ဟု အဆိုပါ ကုန်စုံဆိုင်ပိုင်ရှင်ကပြောသည်။

မြန်မာ့အရေးတွင် အမေရိကန်မူဝါဒ အပြောင်းအလဲ ဖြစ်လာနိုင်မလား

မုံပီး

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာပြည်ရေးရာ မူဝါဒကို ပြန်လည်သုံးသပ်နေကြောင်းနှင့် မြန်မာပြည်သူများနှင့် ထိတွေ့ဆက်ဆံနိုင်ရန် နည်းလမ်းများကို ရှာဖွေနေကြောင်း အမေရိကန်ပြည်ထောင်စုက သောကြာနေ့က ပြောကြားသွားသည်။

မြန်မာစစ်အစိုးရ၏ အပြုအမူများ ပြောင်းလဲရေးအတွက် အမေရိကန်က နည်းလမ်းပေါင်းစုံ ရှာဖွေနေသည်ဟု သောကြာနေ့က ပုံမှန်ကျင်းပလေ့သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရသူ ဂေါ်ဒွန်ဒူးဂွစ် - - Gordon Duguid က သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့ရဲ့ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြန်လည်သုံးသပ်လေ့လာနေပါတယ်။ မြန်မာပြည်က ခေါင်းဆောင်တွေအပေါ် သက်ရောက်မှုရှိနိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့ ကြိုးစားရှာဖွေနေပါတယ်" ဟု ဒူးဂွစ်က ပြောသည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က သူမ၏ အာရှခရီးစဉ်အတွင်း အင်ဒိုနီးရှား၌ ပြောကြားခဲ့သည့် မြန်မာစစ်တပ်နှင့် ပိုမိုကောင်းမွန်သော ထိတွေ့ဆက်ဆံမှု ရရှိရန်အတွက် မြန်မာစစ်တပ်အပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများ ပြန်ဖွင့်ရေး အပါအဝင် နည်းလမ်းပေါင်းစုံကို အမေရိကန်ပြည်ထောင်စုက စဉ်းစားနေပါသည် ဟူသော ပြောဆိုမှုအပြီး ရက်ပေါင်းအနည်းငယ်အတွင်း ဒူးဂွစ်၏ ထုတ်ပြန်ပြောဆိုချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ဂျကာတာတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ မစ္စကလင်တန်က "ကျမတို့လုပ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုဟာ မြန်မာစစ်အစိုးရအပေါ် သြဇာသက်ရောက်မှု မရှိခဲ့ဘူးဆိုတာ သိပ်ထင်ရှားပါတယ်။ သို့သော် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ချမှတ်ကျင့်သုံးခဲ့ကြတဲ့ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံနိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ ဆက်ဆံရေး မူဝါဒမှာလည်း အလားတူ သြဇာသက်ရောက်မှု မရှိခဲ့ပါ" ဟု ပြောကြားခဲ့သည်။

ပိတ်ဆို့အရေးယူမှုများ သက်သာလျော့ပါးရေးသည် အိုဘားမားအစိုးရက စဉ်းစားသုံးသပ်နေသည့် အဓိက မူဝါဒသုံးသပ်ချက်များထဲက နည်းလမ်းတခုဖြစ်ကြောင်းကိုမူ သူမက ငြင်းဆိုသွားခြင်း မရှိပါ။ "ဖြစ်နိုင်စရာရှိတဲ့ တင်ပြနိုင်မယ့် အကြံအစည်များကို ကြည့်ရှုလေ့လာနေပါတယ်" ဟုသာ ပြောကြားခဲ့သည်။

သို့သော် ဒူးဂွစ်ကမူ သတင်းစာရှင်းလင်းပွဲ၌ "ဒါပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ ပန်းတိုင်က ဒီအတိုင်းပဲ မပြောင်းပါဘူး။ လွတ်လပ်စွာ ဖော်ပြနိုင်စွမ်းရှိတဲ့ ပြည်သူ့ဆန္ဒနဲ့အညီ လိုက်ပါဆောင်ရွက်နိုင်မယ့် ကိုယ်စားပြုအစိုးရတရပ် ပေါ်ပေါက်လာရေးပဲ ဖြစ်ပါတယ်" ဟု ပြောသည်။

"ဒါဆို အခုလောလောဆယ် မြန်မာစစ်အစိုးရအပေါ် ချမှတ်အရေးယူထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကို အပြောင်းအလဲလုပ်မယ့် အစီအစဉ်ကော ရှိပါသလား" ဟု မေးမြန်းရာတွင်မူ သူက "မရှိပါဘူး၊ ဒါမျိုး မရှိပါဘူး" ဟု ဖြေကြားခဲ့သည်။

ထိတ်လန့်တုန်လှုပ်ဖွယ် လူ့အခွင့်အရေးမှတ်တမ်းနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရန် ဝန်လေးနေခြင်းအတွက် မြန်မာစစ်အစိုးရကို ဥရောပသမဂ္ဂနှင့်အတူ အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ကျင့်သုံးချမှတ်ခဲ့သည်။

အရေးယူမှုကို ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင် JADE (Junta Anti-Democratic Efforts) ဥပဒေပြဋ္ဌာန်းပြီး ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခဲ့သည့်အတွက် ထပ်မံတိုးမြှင့်ချမှတ်ခဲ့သည်။ ထိုဆန္ဒပြပွဲများအတွင်း အနည်းဆုံး လူပေါင်း ၃ဝ သေဆုံး၍ ရာပေါင်းများစွာသော သံဃာတော်များနှင့် တက်ကြွလှုပ်ရှားသူများ အဖမ်းဆီးခံခဲ့ရသည်။


ပိတ်ဆို့အရေးယူမှု မအောင်မြင်

အမေရိကန်က စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ထိရောက်မှုမရှိကြောင်း ဝန်ခံပြောကြားလိုက်ပြီး၊ မြန်မာ့ရေးရာ မူဝါကို ပြန်လည်သုံးသပ်နေကြောင်း ဖော်ပြလိုက်ခြင်းသည် ဝေဖန်သူများနှင့် အကဲခတ်များအကြား ပိတ်ဆို့အရေးယူမှုများ ထိရောက်မှုမရှိကြောင်း ၂ ဂိုဏ်းကွဲ ငြင်းခုံနေကြချိန်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံရေးကို ကြာရှည်စွာ အကဲခတ်လေ့လာခဲ့သူ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ဟောင်း ဒဲရက်တုံကင် - Derek Tonkin က ဤပိတ်ဆို့အရေးယူမှုများသည် ပစ်မှတ်ကို မထိမှန်ဘဲ စစ်အစိုးရနှင့် ပိုမိုဝေးကွာသွားစေခြင်းကိုသာ ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ရည်ရွယ်မထားသော နောက်ဆက်တွဲ အကျိုးဆက်များဖြစ်သည့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်မှု ဆိတ်သုဉ်းသွားစေခြင်းတို့နှင့် သာမန်ပြည်သူလူထုကို ထိခိုက်စေခြင်းတို့ကိုသာ ဖြစ်ပေါ်စေခဲ့ကြောင်း ပြောသည်။

မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းခန်းတွင် တုံကင်က "ပိတ်ဆို့အရေးယူမှုတွေက အဓိကရည်မှန်းချက်ဖြစ်တဲ့ စစ်အစိုးရကို သူ့ မူဝါဒတွေ ပြောင်းလဲဖို့လည်း မဆွဲဆောင်နိုင်ခဲ့ဘူး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်အောင်လည်း မတတ်နိုင်ခဲ့ဘူး" ဟု ပြောသွားခဲ့သည်။

စစ်အစိုးရဘက်က ဘာမှလုပ်မပြဘဲ ဆုချသည့်အနေနှင့် ပိတ်ဆို့အရေးယူမှုများကို လုံးဝဖယ်ရှားပစ်လိုက်ရန် မသင့်သော်လည်း သေချာစွာ အကဲဖြတ်စစ်ဆေးခြင်းမရှိဘဲ ကျပန်းသဘောထည့်ထားသည့် အချို့သော လူပုဂ္ဂိုလ်များ၏ အမည်များကိုမူ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့၏ အမည်ပျက်စာရင်းမှ ဖယ်ရှားပေးသင့်ကြောင်း သူက ပြောသည်။

စစ်အစိုးရထံမှ အကျိုးအမြတ်များ ခံစားခွင့်ရနေကြပြီး၊ စစ်အစိုးရကို ငွေကြေးအားဖြင့် ထောက်ပံ့ကူညီ ပေးနေသည့် လူပုဂ္ဂိုလ်များ အမည်ပျက်စာရင်းတခုကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က ချမှတ်ထားသည်။ ထိုပုဂ္ဂိုလ်များအား ခရီးသွားဗီဇာ ပိတ်ပင်ခြင်း၊ သူတို့၏ ပိုင်ဆိုင်မှုများကို ထုတ်ယူ၍ မရအောင် ထိန်းချုပ်ထားခြင်းများ ပြုလုပ်ခဲ့သည်။

"အဲဒီ အမည်ပျက်စာရင်းမှာပါတဲ့ တချို့လူပုဂ္ဂိုလ်တွေက ဒီချုပ် (NLD) ရဲ့ အမာခံထောက်ခံသူတွေ ဖြစ်နေကြတယ်" ဟု မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ ဒအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒ (NLD) ကို ရည်ည¸န်းပြောကြားခဲ့သည်။

သို့သော် ဤသို့ ပိတ်ဆို့အရေးယူမှုများကို လုံးဝဖယ်ရှားပစ်လိုက်ရန်မှာ လက်တွေ့မကျသော်လည်း၊ တိုင်းပြည်အတွင်း အပြောင်းအလဲများ ပေါ်ပေါက်လာရေးအတွက် အခြားမတူခြားနားသော ချဉ်းကပ်မှုများ ရှိသင့်ကြောင်းဖြင့်လည်း သူက ပြောသည်။

အလားတူပင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးကလည်း အစောပိုင်းက မဇ္ဈိမနှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ခဲ့ရာတွင် ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရ၏ အပြုအမူပြောင်းလဲရေးအတွက် နိုင်ငံရေး လက်နက်ကရိယာ တန်ဆာပလာတခု ဖြစ်သော်လည်း ယင်း၏ ရည်မှန်းချက်များ အောင်မြင်ခြင်း မရှိခဲ့ဟု ပြောသည်။

မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နှင့် ဒေသတွင်း နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယတို့က စစ်အစိုးရနှင့် ဆက်လက်၍ ဆက်ဆံနေသည့်အတွက် ပိတ်ဆို့အရေးယူမှုများသည် လိုချင်သည့် နိုင်ငံရေးအပြောင်းအလဲများကို ဖြစ်ပေါ်လာစေခဲ့ခြင်း မရှိဟု ပြောသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုဆိုင်ရာ မူဝါဒကို ပြန်လည်စဉ်းစားခြင်းသည် အမြော်အမြင်ကြီးရာရောက်ပြီး ပိတ်ဆို့အရေးယူမှုသက်သက် ချမှတ်မည့်အစား အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်မှုများကို ပိုမို ပြုလုပ်သင့်ကြောင်းဖြင့်လည်း သူက ဆက်ပြောသည်။


ပူးပေါင်းကြိုးပမ်းမှုများ ပိုလုပ်ရေး

ကမ္ဘာတလွှား ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) မှ ဘီနီဒစ်ရော်ဂျာ - Benedict Rogers ကမူ မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်စေရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သံတမန်ရေးနှင့် နိုင်ငံရေးအရ ကြိုးပမ်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ပြောဆိုသည်။ ဘီနီဒစ်ရော်ဂျာသည် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကို စောင့်ကြည့်လေ့လာနေသူဖြစ်သည်။

"ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သံတမန်ရေးနဲ့ နိုင်ငံရေးအရ လက်တွဲကြိုးပမ်းမှုတွေ လိုအပ်ပါတယ်" ဟု ရော်ဂျာက မဇ္ဈိမကို ပြောသည်။

သူတို့ဘက်က အပြုအမူပြောင်းလဲမှုများ ပေါ်ပေါက်လာလျှင် ပိတ်ဆို့အရေးယူမှုအချို့ကို ရုပ်သိမ်းပေးနိုင်သည် ဟူသော ပြင်းထန်သည့် သတင်းစကားကို ယခုအထိ နိုင်ငံတကာ အသိုင်းအဝိုင်းက မပေးနိုင်ခဲ့သေးဟု သူက ဆက်ပြောသည်။

"သူတို့ ဘာပဲလုပ်လုပ်၊ ပိတ်ဆို့အရေးယူမှုတွေက ဆက်ရှိနေမှာပဲ။ ဒါကြောင့် ဘာမှမလုပ်တာဘဲ ကောင်းတယ်ဆိုတဲ့ စဉ်းစားမှုမျိုး စစ်အစိုးရမှာ အခုလောလောဆယ် ရှိနေတယ်လို့ ကျနော် ထင်ပါတယ်" ဟု ရော်ဂျာက ပြောသည်။

"အကယ်၍သာ တိုးတက်မှုကို ပိတ်ဆို့အရေးယူမှုနဲ့ ဆက်စပ်ထားလိုက်နိုင်မယ်ဆိုရင် အလုပ်ဖြစ်လိမ့်မယ် ထင်တယ်။ ပိတ်ဆို့အရေးယူမှုကို လုံးလုံးကြီး ခြွင်းချက်မရှိ ဖယ်ရှားလိုက်တာတော့ မလုပ်သင့်ဘူး ထင်ပါတယ်။ စစ်အစိုးရဘက်က ပထမခြေလှမ်းကို စလှမ်းဖို့ လိုပါတယ်" ဟု သူက ဆက်ပြောသည်။

ရန်ကုန်မြို့မှ ဝါရင့်တိုင်းရင်းသား နိုင်ငံရေးသမားကမူ ပိတ်ဆို့အရေးယူမှုများသည် မြန်မာပြည်သူများက တောင်းဆိုခဲ့ခြင်း မဟုတ်သည့်အတွက် ဤသို့ အရေးယူမှုများ ချမှတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံများအပေါ်တွင်သာ တည်ပါကြောင်း ပြောကြားသည်။

သို့သော် ပိတ်ဆို့အရေးယူတာပဲဖြစ်ဖြစ်၊ ပိတ်ဆို့အရေးယူမှု မဟုတ်တာဘဲဖြစ်ဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်တွင် အပြောင်းအလဲများ ပေါ်ပေါက်ရေးအတွက် မိမိတို့၏ ကြိုးပမ်းမှုများကို တိုးမြှင့်ဆောင်ရွက်သင့်ကြောင်း သူက ပြောသည်။

"ပိတ်ဆို့အရေးယူမှု ဆက်ထားမယ်၊ မထားဘူးဆိုတာ ကျနော်တို့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုးမြှင့်ဆောင်ရွက်တာကတော့ လိုပါတယ်" ဟု ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဒပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။


ဘာအကောင်းဆုံးလဲ

ပိတ်ဆို့အရေးယူမှုသည် စစ်အစိုးရဘက်က အပြုအမူပြောင်းလဲမှုများ ပေါ်ထွက်လာအောင် မလုပ်နိုင်ခဲ့ဆိုသည်ကို အကဲခတ်များနှင့် ဝေဖန်ဆွေးနွေးသူများအကြား အတိုင်းအတာတခုအထိ သဘောတူညီကြသော်လည်း၊ စစ်အစိုးရနှင့် မည်သို့ အကောင်းဆုံး ထိတွေ့ဆက်ဆံနိုင်မည်ဆိုသည့် မေးခွန်းအတွက်မူ တညီတညာတည်းသော အဖြေတရပ် မရရှိသေးပါ။

ဂရစ်ဖစ်တက္ကသိုလ် ဂရစ်ဖစ် အာရှ အင်စတီကျု (Griffith Asia Institute) မှ အင်ဒရူးဆဲလ်သ် -Andrew Selth က ဖေဖော်ဝါရီလဆန်းပိုင်းက နယူးဒေလီတွင် ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေး အင်စတီကျု (Institute of Peace and Conflict Studies) ၌ မြန်မာနိုင်ငံနှင့် နိုင်ငံတကာ သြဇာ၏ အကန့်အသတ်များ (Burma and the limits of International Influence) ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးရာတွင် စစ်အစိုးရနှင့် ဆက်ဆံရာတွင် စစ်အစိုးရ၏ စိတ်သဘောထားကို နိုင်ငံတကာ အသိုင်းအဝိုင်းက နားလည်ရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရအပေါ်တွင် နိုင်ငံတကာ အသိုင်းအဝိုင်း၏ သြဇာသက်ရောက်မှုသည် အကန့်အသတ်နှင့်သာ ရှိကြောင်းနှင့် စစ်အစိုးရ၏ အနီးကပ်ဆုံး မဟာမိတ်ဟု ယူဆကြသော တရုတ်နိုင်ငံပင်လျှင် သူ့သြဇာအရှိန်အဝါမှာ အကန့်အသတ်ဖြင့်သာ ရှိကြောင်းဖြင့် ဒေသတွင်း လုံခြုံရေးကျွမ်းကျင်သူ ဆဲလ်သ်က ပြောသည်။

သူ့အဆိုအရ စစ်အစိုးရ၏ စိတ်သဘောထားကို နားလည်ပြီး၊ စစ်အစိုးရ၏ အမြင်ဘက်မှ ကြည့်မြင်နိုင်လျှင် တိုင်းပြည်တွင်း၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် အထောက်အကူဖြစ်မည်ဟု ဆိုသည်။

နိုင်ငံတကာ မီဒီယာများက မြန်မာနိုင်ငံကို လူဆိုးသူခိုးနိုင်ငံအဖြစ် ပုံဖော်ကြသည်မှာ မှန်နိုင်သည်။ သို့သော် ရန်ကုန်မြို့၏ မြောက်ဘက် ကီလိုမီတာ ၃ဝဝ အကွာ မြန်မာနိုင်ငံ၏ တောတွင်းမြို့တော်သစ် နေပြည်တော်မှ တိုင်းပြည်ကို ကိုင်တွယ်အုပ်ချုပ်နေသည့် စစ်အစိုးရသည် နိုင်ငံတကာ နိုင်ငံရေးကို ကောင်းမွန်စွာ ကစားနိုင်သူများ ဖြစ်ကြသည်ဟု ဆဲလ်သ်က ပြောသည်။

စစ်အစိုးရနေရာမှနေ၍ ဝင်စဉ်းစားပြီး စစ်အစိုးရ၏ အမြင်ဘက်မှ ကြည့်ရှုသုံးသပ်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံကို ရာစုနှစ် တဝက်နီးပါးမျှ အုပ်စိုးခဲ့သော စစ်အစိုးရအား မည်သို့ အကောင်းဆုံး ချဉ်းကပ်ဆောင်ရွက်နိုင်မည် ဆိုသည်ကို နားလည်အောင် လုပ်ရာတွင် အထောက်အကူ ဖြစ်လိမ့်မည်ဟု ဆဲလ်သ်က ပြောသည်။

(အချို့သော သတင်းအချက်အလက်များကို နန်းဒေဝီ က ဖြည့်စွက်သည်။)

မြန်မာနိုင်ငံ အတွင်းမှ တရုတ် Company များ

China in Burma Update 2008 - Burmese

ယနေ့ မြန်မာ့ရေးရာ သတင်းများ Feb,25th,2009

( 45 )နိုင်ငံရေး ပြောင်းလဲရန် အီးယူ ဥက္ကဋ္ဌက မြန်မာကို တိုက်တွန်း

( 44 )Authorities Threaten the Free Funeral Services Society

( 43 )ရှမ်းပြည်လုံးဆိုင်ရာ ၄၃ ကြိမ်မြောက် သတိပဋ္ဌာန် ညီလာခံကြီး ကျင်းပ

( 42 )မြန်မာလုပ်သား ၃၀၀ ခန့် အလုပ်ထုတ်ခံရ

( 41 )US Urges ASEAN To Push For 'Political Progress' In Myanmar

( 40 )ရန်ကုန်မြို့တွင်း နိဗာန်ယာဉ်များ မထားရ

( 39 )U.S. to seek ASEAN cooperation on new Myanmar tack

( 38 )Financial crisis to take priority over human rights at upcoming Asian nation summit

( 37 )UDP ဦးကျော်မြင့်က ဧရာဝတီကို တရားစွဲမည်

( 36 )EU presidency urges Burma to implement political reforms

( 35 )Jailed Burmese journalist honoured with ‘Kenji Nagai Award’

( 34 )UDP Leader Threatens to Sue The Irrawaddy

( 33 )မြန်မာလူနာများကို အရေးပေါ် လေယာဉ်ဖြင့် ဆေးရုံပို့နိုင်ရန် စီစဉ်

( 32 )Burma Talks Security with Laos amid Ceasefire Tensions

( 31 )KNU Colonel Released by Thai Army

( 30 )မဲဆောက်မြန်မာအလုပ်သမား ၃၀၀နီးပါးလက်မှတ်လိမ်မထိုး၍ အလုပ်ဖြုတ်ခံရ

( 29 )Junta pressurizes KIO’s 4th brigade in northeast Shan State

( 28 )စက်မှုဇုန်ထုတ် ဆိုင်ကယ်များ အရောင်းပါး

( 27 )Cultivation allowed only after paying tax to Burmese Army

( 26 )လယ်သိမ်း ဘုရားတည်သည့် ကိစ္စကို ဘက်မလိုက်ရန် ထပ်မံတောင်းဆို

( 25 )နိုင်ငံရေး အကျဉ်းသား အကုန်လွှတ်ရန် အင်္ဂါဆုတောင်း အဖွဲ့များ တောင်းဆို

( 24 )A life of fear with no refuge: the Rohingya's struggle for survival and dignity

( 23 )Challenging human rights in Burma

( 22 )ဘဏ်မှ ငွေထုတ်လာသူ လုယက် သတ်ဖြတ်ခံရ

( 21 )Army officers who defiled Mon National School remain unpunished

( 20 )ဘင်္ဂလာနယ်စပ် အနီးရှိ ကျေးရွာပေါင်း ၂၇ ရွာတွင် ပြည်သူ့စစ်များ ဖွဲ့စည်း

( 19 )No welcome by SSA for fleeing druglord

( 18 )ကျောက်တော် ဇီးချောင်း ရေလှောင် တာတံမံ ဖွင့်လှစ်

( 17 )နိုင်ငံရေးအကျဉ်းသား ပြန်လွတ်လာသည့်အရေအတွက်မှာ (၀.၄) ရာနှုန်းသာရှိသည်ဟု AAPP ပြောဆို

( 16 )Thai PTTEP cancels swap of Myanmar stakes with CNOOC

( 15 )စိန်စီသောည ကြောင့် ထောင်ချခံရသူ ၂ ဦး ပြန်လွတ်

( 14 )Relief for Burmese

( 13 )ကားမှောက်၍ မြန်မာအလုပ်သမားတဦး သေဆုံး၊ တဦး အသည်းအသန်

( 12 )Facing the grind of life in limbo

( 11 )နာဂစ် အလောင်းမြှပ်သူတွေ အတွက် ရှေ့နေလိုက်ခွင့် ပြုပြီ

( 10 )၂ဝဝ၉ ရန်ကုန်မှာ ရေရရှိမှုအဆိုးဆုံး အခြေအနေရောက်

( 9 )ဒေါပုံမြို့နယ်တွင် မီးစက်နှိုးရာမှ ပလပ်စတစ်စက်ရုံ မီးလောင်

( 8 )Migrants pose challenge for Southeast Asian leaders

( 7 )လှည်းနှင့်နွားများ အသိမ်းခံရသည့် လယ်သမားများ အခက်ကြုံ

( 6 )Lead Poisoning Hits Myanmar Immigrants In Indiana

( 5 )24 Political Prisoners Freed In Myanmar

( 4 )Myanmar political prisoners released

( 3 )ကျောင်းသားခေါင်းဆောင် နှစ်ဦးနှင့် မျိုးဆက်သစ်တဦးတို့ကို နယ်ထောင်ပြောင်း

( 2 )Democracy plan fuels war in Myanmar

( 1 )မြန်မာ့အရေး တွေ့ဆုံဆွေးနွေး အဖြေရှာရန် အီးယူ တိုက်တွန်း

Tuesday, February 24, 2009

UDP ခေါင်းဆောင် မူးယစ်လုပ်ငန်း ပတ်သက်ခဲ့ဟု VOA သတင်းကဆို

ဧရာဝတီ Tuesday, 24 February 2009

နိုင်ငံရေးပါတီ ခေါင်းဆောင် တဦးသည် မူးယစ်ဆေး လုပ်ငန်း၊ ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ် နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာနသို့ ပြောလိုက်သည်။

အဆိုပါ ခေါင်းဆောင်မှာ ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (UDP) ဒုဥက္ကဋ္ဌ ဦးကျော်မြင့် ဖြစ်ကြောင်း၊ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန်ယူခဲ့စဉ်က ထိုလုပ်ငန်းများကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်က ဆိုသည်။

ထိုအချိန်က မြန်မာကျုံယွမ် ကုမ္ပဏီကို တည်ထောင်ပြီး၊ UWSA အဖွဲ့က စီးပွားရေးဘဏ် ၄ ခုကို ကျောထောက် နောက်ခံ ပြုပေး ခဲ့သည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

Asiaweek မဂ္ဂဇင်းကလည်း မြန်မာကျုံယွမ်သည် ငွေမည်း ခဝါချသည့် လုပ်ငန်းများနှင့် ဆက်နွယ်နေသည့် ကုမ္ပဏီ အဖြစ် စွပ်စွဲခံ နေရကြောင်း ၁၉၉၈ခုနှစ် ဇန်နဝါရီလတွင် ရေးသားခဲ့သည်။

မြန်မာစစ်အစိုးရက အဆိုပါ ကုမ္ပဏီကို နာမည်ပျက်စာရင်း သွင်းခဲ့သည်၊ အဘယ်ကြောင့် ဆိုသော် “UWSA၏ ဘဏ္ဍာရေးဌာန ဒုဝန်ကြီးဟု ဆိုသော မိုက်ကယ်ဟွာဟူ (ခေါ်) ဗိုလ်မှူးကျော်မြင့်သည် စီးပွားရေးဆိုင်ရာ ဥပဒေ နှင့် စည်းကမ်းများကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ခဲ့သည်” ဟု Jane’s ထောက်လှမ်းရေး စာစောင်က ၁၉၉၈ နိုဝင်ဘာလတွင် ဖော်ပြခဲ့သည်။ ဦးကျော်မြင့်သည် ယခုအခါ ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရှိစဉ်က ဦးကျော်မြင့်သည် ဥပဒေ စည်းမျဉ်းများ ချိုးဖောက်မှု နှင့် ငွေကြေး မသမာမှုများကြောင့် ထောင်ဒဏ် ၁ဝ နှစ်ခန့် ချမှတ်ခံခဲ့ရသည်ဟု ဦးအောင်လင်းထွဋ်က ဆိုသည်။

“တကယ်တော့ ဦးကျော်မြင့်က ထောင်ပြေးပါ၊ - - - ရဲဘက်စခန်းကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးအောင်လင်းထွဋ်က ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် ကနေဒါနိုင်ငံတွင် မကြာသေးမီကမှ အာရုံစိုက်ခြင်း ခံခဲ့ရသူဖြစ်သည်။ ပြီးခဲ့သည့်လကုန်ပိုင်းတွင် Future Canada China Environment Inc. ကုမ္ပဏီ၏ အစုရှယ်ယာတန်ဖိုး ဒေါ်လာ ၁ ဘီလျံမက တက်သွားသည့်အတွက် အမေရိကန် ပြည်ထောင်စုက အဆိုပါ ကုမ္ပဏီကို တားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဦးကျော်မြင့်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ပြီး ရှယ်ယာတန်ဖိုးများ ခုန်တက်သွားခဲ့ခြင်း ဖြစ်ကြောင်း ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာက ဆိုသည်။

“Future Canada China Environment Inc. ၏ လုပ်ငန်းများကို ယာယီ ပိတ်သိမ်းလိုက်ကြောင်း၊ အဆိုပါ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးများမှာ ဝ.၉၂ ဒေါ်လာ မှ ၂၈.၅ဝ ဒေါ်လာအထိ ခုန်တက်သွားသောကြောင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း” စသဖြင့် အမေရိကန် ပြည်ထောင်စု၏ ငွေကြေး လဲလှယ်မှု ကြီးကြပ်ရေး ကော်မရှင်၏ ဇန်နဝါရီလ ၂၈ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ကော်မရှင်က အဆိုပါ ကုမ္ပဏီ၏ နောက်ခံ အချက်အလက်များ၊ ထုတ်ပြန်မည့် သတင်းများနှင့် ပတ်သက်ပြီး ဂရုပြုကြရန် စတော့ရှယ်ယာ ပွဲစားများ၊ ရှယ်ယာပိုင်ရှင်များ၊ ရှယ်ယာဝယ်ယူမည့်သူများကို သတိပေးထားသည်။

“အဆိုပါ ကုမ္ပဏီတွင် ပိုင်ဆိုင်မှု အနည်းငယ်သာ ရှိပြီး လုပ်ငန်း လည်ပတ်မှုလည်း မရှိပါ” ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် Vancouver Sun သတင်းစာက ဆိုသည်။

ဦးကျော်မြင့်သည် ကနေဒါ အခြေစိုက် ကုမ္ပဏီ NAH Development Group Inc., ကို ပိုင်ဆိုင်သူဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်းက ရေးသားထားချက်များနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က ၎င်းအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခဝါချမှု လုပ်ငန်းများနှင့် ဆက်နွယ်မှု မရှိပါဟု ငြင်းဆိုထားသည်။

“ကျွန်ုပ် ဦးကျော်မြင့်သည် ဘဝတလျှောက်လုံး တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်း၊ ငွေကြေး ခဝါချမှု လုပ်ငန်းများနှင့် မည်သည့်အခါကမျှ ပတ်သက် ဆက်နွယ်မှုမရှိခဲ့ပါ” ဟု ၎င်း၏ အင်တာနက် စာမျက်နှာရှိ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

“မြောက်အမေရိကတိုက် နှင့် အာရှတိုက်ရှိ ကျွန်ုပ်၏ လုပ်ငန်းများ အားလုံးမှာ တရားဝင်လုပ်ငန်းများဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

မကြာသေးမီက ဦးကျော်မြင့်သည် လာမည့်နှစ်တွင် ပြုလုပ်မည်ဟု ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ရန် UDP ပါတီကို ဖွဲ့စည်း ထူထောင်ထားသည်။

မြန်မာပြည်တွင်းရှိ ဝါရင့် နိုင်ငံရေးသမား ဦးသုဝေ၊ ထင်ရှားသည့် စီးပွားရေးသမား ဦးရဲထွန်းတို့ ကို ပါတီ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ များအဖြစ် တာဝန်ပေးလိုက်ကြောင်း ပြီးခဲ့သည့် လကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဦးကျော်မြင့်သည် ပြည်ပမှနေ၍ ငွေကြေး ထောက်ပံ့ပေးခဲ့ခြင်းဖြင့် ထင်ရှားသည့် နိုင်ငံရေးသမားများကို ပါတီတွင် တာဝန်ယူရန် စည်းရုံးနေကြောင်း ပြည်ပရောက် အတိုက်အခံများက ပြောဆိုနေကြသည်။

ပါတီ အဖွဲ့ဝင်စာရင်းတွင် ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း၏ အမည်ကို တွေ့ရသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဒေါ်ချိုချိုကျော်ငြိမ်းကမူ UDP ပါတီနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

ကျောင်းသားခေါင်းဆောင်ဟောင်း ဦးထွန်းအောင်ကျော်ကလည်း ပါတီတွင် ၎င်း ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။

“သူ့ရဲ့ အကျိုးစီးပွားတွေ မြန်မာပြည်ထဲမှာ ရှိနေပါဦးမယ်၊ ဒါ့အပြင် သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်ခဲ့တဲ့သူတွေ၊ တချို့လည်း လူကြီးတွေ ဖြစ်နေကြပါပြီ။ သူ့ကို မြန်မာအစိုးရကများ လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေမလား ဆိုပြီး ပြန်ပြီးတော့ ချည်းကပ်တယ်လို့ ထင်ပါတယ်” ဟု ဦးအောင်လင်းထွဋ်က ဗီအိုအေ နှင့် ဆက်သွယ်မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

ဦးကျော်မြင့်သည် တရုတ်လူမျိုးဖြစ်သည်ဟု ဦးအောင်လင်းထွဋ်က ပြောသည်။ သို့သော်လည်း ဦးကျော်မြင့်က ၎င်းသည် မြန်မာပြည်မှ ကချင်တိုင်းရင်းသားဖြစ်သည်ဟု ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

မအိမ့်ခိုင်ဦးကို သတင်းထောက် သူရဲကောင်းဆု ချီးမြှင့်

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ 24 2009

ချင်းမိုင်။ ။ နာဂစ် ဒုက္ခသည်များအရေး သတင်းယူသဖြင့် ဖမ်းဆီးကာ ထောင်ဒဏ် ၂ နှစ် ချခံရသည့် ရန်ကုန်အခြေစိုက် Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးကို ကန်ဂျိ နာဂါအိ သတင်းထောက် သူရဲကောင်းဆုကို ယခုလ ၂၁ ရက်နေ့က မြန်မာသတင်း သမဂ္ဂ - BMA ညီလာခံတွင် ချီးမြှင့်ခဲ့သည်။

ရွှေဝါရောင် တော်လှန်ရေးတွင် သတင်းယူရင်း မြန်မာစစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့သူ ဂျပန်သတင်းထောက် နာဂါအိကို ဂုဏ်ပြုသည့် အနေဖြင့် တိုကျိုအခြေစိုက် သူ၏ မိခင်သတင်းဌာန APF နှင့် BMA က ကမကထပြုကာ မအိမ့်ခိုင်ဦးကို စတင်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။


“အမှန်တကယ် မြန်မာနိုင်ငံမှာ သတင်းသမားတွေ အများကြီး ရှိပါတယ်။ အသက်ကြီးတဲ့ ဘဝအများကြီး ရင့်ကျက်တဲ့ လူတွေလည်း ရှိပါတယ်။ နှစ်ရှည်ထောင်ကျနေတဲ့ လူတွေလည်း ရှိပါတယ်။ သို့သော်လည်း မအိမ့်ခိုင်ဦး ကတော့ သတင်းရယူရင်းနဲ့ အဖမ်းခံရတာ ဖြစ်တဲ့အတွက် ပေးတာ ဖြစ်ပါတယ်” ဟု BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောသည်။

ဆုပေးပွဲသို့ တက်ရောက်ရန် ကာယကံရှင်၏ မိသားစုဝင်များကို ဆက်သွယ်သော်လည်း ယခုအချိန်ထိ ဆက်သွယ် မရသဖြင့် RFA သတင်းထောက် မစုမွန်အေးက ကိုယ်စား ဆုလက်ခံယူခဲ့သည်။

မစုမွန်အေးက ''နာဂအိဆုကို လက်ခံရယူရတဲ့အတွက် စိတ်ထဲမှာ နှစ်ခုဖြစ်တာပေါ့နော်။ တခုကတော့ သူ လုပ်ထားတဲ့ လုပ်ဆောင်ချက်အပေါ်မှာ ဒီသတင်းဌာနကနေ အသိအမှတ်ပြုပြီးတော့ သူ့ကို ဆုပေးတဲ့အတွက် အမအနေနဲ့ သူ့အတွက် ဂုဏ်ယူမိတယ်။ နောက်တခုကတော့ ၀မ်းနည်းမိတယ်ပေါ့နော်၊ စိတ်ထဲမှာ'' ဟု ပြောသည်။

သူက ဆက်ပြီး ''အမတို့ကတော့ သူ့အတွက် ဒီကိုလာပြီး တခမ်းတနားနဲ့ ဆုကို ယူနေတဲ့အချိန်၊ ဒီအချိန်မှာ အိမ့်ခိုင်ဦး ဘယ်လို နေနေမလဲဆိုတာကို ပြန်ပြီးတော့ စဉ်းစားမိတာပေါ့နော်။ ဆုလက်ခံယူတဲ့အချိန်က နေ့လည်ဆိုတော့ ဒီအချိန်မှာ သူဟာ ထောင်ထမင်းဟင်းကို စောင့်နေတဲ့အချိန်လည်း ဖြစ်ချင်ဖြစ်မယ်။ သူ မိလ္လာချဖို့၊ ရေချိုးချဖို့ စောင့်နေတဲ့အချိန်လည်း ဖြစ်နိုင်တာပေါ့နော်။ သူ သိခွင့်လည်း ရချင်ရမယ်၊ မရရင်လည်း မရဘူးပေါ့။ အဲဒီအနေအထားတခုမှာ အမစိတ်ထဲမှာ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်''

ဆုငွေအဖြစ် ဒေါ်လာ တထောင်နှင့် ဆုတံဆိပ်ကို မိသားစုထံ ပေးပို့သွားမည်ဟု သိရသည်။

နာဂအိသည် ရန်ကုန်မြို့တွင် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုအတွင်း သတင်းလိုက်ယူစဉ် မြန်မာအစိုးရ စစ်တပ်ဖွဲ့မှ ပစ်ခတ်သဖြင့် လမ်းမထက်တွင် သေဆုံးခဲ့ရသည်။ သူ၏ ဘဝရုပ်ပုံ မှတ်တမ်းတင် ဗီဒီယိုလည်း ညီလာခံအတွင်း ပြသခဲ့သည်။

သတင်းရယူစဉ် ဖမ်းဆီးခံရသူ၊ သတင်းလွတ်လပ်ခွင့် ကြိုးပမ်းစဉ် ဖမ်းဆီးခံရသူများအား အဓိက သတ်မှတ်ကာ ပြည်တွင်းပြည်ပမှ သတင်းသမားများ ဆုံစည်းနိုင်သည့် BMA နှစ်ပတ်လည် ညီလာခံများတွင် ဆက်လက် ရွေးချယ်ကာ ယခုဆုကို ချီးမြှင့်သွားမည်။

ယခု ၆ ကြိမ်မြောက် BMA ညီလာခံသို့ ပြည်တွင်းပြည်ပမှ သတင်းသမားများ၊ စာရေးဆရာများ၊ ကဗျာဆရာများနှင့် ဘလော့ဂါများ တက်ရောက်ခဲ့သည်။

ညီလာခံအတွင်း မြန်မာပြည်တွင်းမှ သတင်းစာ ဆရာကြီးများဖြစ်သည့် လူထုဦးစိန်ဝင်း၊ ဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) နှင့် စာရေးဆရာကြီး ဒဂုန်တာရာ၏ အမှာစကားများကို ဗီဒီယိုပြခဲ့သည်။

ဆရာကြီး လူထုစိန်ဝင်းက သတင်းသမားကောင်းဆိုသည်မှာ အမှန်တရားဘက်မှ ဘက်လိုက်ရန် မှာကြားခဲ့သည်။

''လူထုစိန်ဝင်းရဲ့ အမှာစကားအပေါ် ကျနော်တို့ဘက်မှာ ထောက်ခံဆွေးနွေးတဲ့ သဘောမျိုး နေရာအနှံ့မှာ တွေ့ရတယ်။ စည်းဝေးခန်းမမှာရော၊ အပြင်မှာရောပေါ့နော်။ အမှန်တရားကို ဘက်လိုက်ရမယ် ဆိုတာကြောင့် သတင်းထောက်တိုင်းဟာ မှန်ကန်တဲ့ဘက်က လုပ်နေသူ ဖြစ်တယ်။ နိုင်ငံရေးအမြင်အရဆိုရင် ကြားမှာ နေရမယ့် သဘောပဲ ရှိတယ်။ ဒါပေမဲ့ မှန်တာနဲ့ မမှန်တာ အားပြိုင်တဲ့အခါ သတင်းသမားတိုင်းရဲ့ သစ္စာလို့ ပြောရမယ်'' ဟု BMA ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က မဇ္ဈိမကို ပြောသည်။

ညီလာခံအတွင်း၌ ၂ဝဝ၇ ရွှေဝါရောင်အပြီး ပြည်ပရောက် သတင်းမီဒီယာ ဝက်ဆိုဒ်များအား ဆိုက်ဘာ နည်းပညာနှင့် တိုက်ခိုက်ခံရမှု၊ မြန်မာ့အရေးကို သတင်းသမားတဦးအဖြစ် ရေးသားသည့် လယ်ရီဂျေဂင်၏ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် သတင်းသမားများ ပြင်ဆင်ရမည့် အချက်အလက်များ၊ မြန်မာယူနီကုတ်ကို ကျယ်ပြန့်စွာ သုံးစွဲလာရေးများ ဆွေးနွေးခဲ့သည်။

ဦးမောင်မောင်မြင့်က ''၂ဝ၁ဝ ရွေးကောက်ပွဲမှာ သတင်းသမားတွေ ဘယ်လို ဆက်လုပ်မယ်ဆိုတာ စောပါသေးတယ်။ နိုင်ငံခြား သတင်းထောက်တွေကိုတော့ ဝင်ကောင်းဝင်နိုင်မယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ သတင်းသမားတွေ ဘယ်လို ပုံစံတွေနဲ့ ပေးဝင်မယ်ဆိုတာ သတင်းပေးခွင့်၊ သတင်းယူခွင့် ပေးမယ်ဆိုတာ မသိသေးတဲ့အတွက် အခုချိန်မှာ ဆွေးနွေးဖို့ စောသေးတယ်လို့ ထင်တယ်'' ဟု ပြောသည်။

မြန်မာပြည်တွင် သတင်းလွတ်လပ်ခွင့် ရရှိရေး ရည်ရွယ်ချက်များဖြင့် BMA ကို ပြည်ပရောက် မြန်မာသတင်းသမားများ၊ စာရေးဆရာများနှင့် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ထောင်ခဲ့ရာ၊ ယခုအခါ သမဂ္ဂအဖွဲ့ဝင်ပေါင်း ၁၅ဝခန့် ရှိနေပြီး၊ ညီလာခံကို ၂ဝဝ၃ ခုနှစ်မှ စတင်ကာ နှစ်စဉ် ကျင်းပလာခဲ့သည်။

BMA က မြန်မာသတင်းသမဂ္ဂမှ ၂ဝဝ၆ ခုနှစ်တွင် သတင်းထောက်များ၏ ကျင့်ဝတ်နှင့် တာဝန်၊ သတင်းသမား သတိထားစရာ မြန်မာစာနှင့် စကားသံများ လက်စွဲစာအုပ်တို့အပြင် ဥဒါန်းအမည်ရှိ ဂျာနယ်ကိုလည်း မကြာခဏ ထုတ်ဝေခဲ့သည်။

မြန်မာနိုင်ငံ၏ မူးယစ်ဆေးရောင်းရ၀င်ငွေတနှစ် ကန်ဒေါ်လာ သန်း ၃၀၀၀ ထိရှိ

NEJ /၂၄ ဖေဖော်ဝါရီ ၂၀၀၉


မူးယစ်ဆေး၊ ဘိန်းဖြူနှင့် မက်တာအဖက်တမင်း ရောင်းရ သည့် မြန်မာနိုင်ငံ၏ နှစ်စဉ်ဝင်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြားရှိကြောင်း အမေရိကန်သမ္မတ ဘွတ်ရှ် လက်ထက် အမေရိကန် ကွန်ဂရက်သို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါ အစီရင်ခံစာကို အမေရိကန် ကွန်ဂရက် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဌာနခွဲမှ ၂၀၀၈ ခု ဇွန်လတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဒေါ်လာ သန်း (၁,၀၀၀) မှ သန်း (၂,၀၀၀) ကြား ၀င်ငွေသည် မြန်မာနိုင်ငံ မူးယစ်ဆေး ရောင်းရငွေမှ နှစ်စဉ်ရငွေ ဒေါ်လာသန်း (၉၀၀) ကျော်ထိ ရှိနိုင်သည်ဟု ရန်ကုန် အမေရိကန်သံရုံးမှ ၁၉၉၀ ခုနှစ်များ အလယ်ပိုင်း မှန်းထားချက်ထက် ပိုများနေသည်ဟုပါ အစီရင်ခံစာ၌ သုံးသပ်ထားသည်။

၂၀၀၂ ခုနှစ်တွင် မက်တာအဖက်တမင်း စိတ်ကြွဆေး ရောင်းချမှုမှရသည့် ၀လူမျိုးများ၏ ၀င်ငွေမှာ အမေရိကန် ဒေါ်လာ သန်း (၃၀၀) ခန့်ရှိမည်ဟု မှန်းထားပြီး အဆိုပါနှစ်တွင် ဘိန်းဖြူမှောင်ခို ရောင်းချမှုမှ ရငွေမှာ ကန်ဒေါ်လာ သန်း (၂၅၀) မှ သန်း (၃၀၀) ထိရှိနိုင်သည်ဟု မှန်းထားသည်။

၂၀၀၁ ခုနှစ်တွင် မြန်မာစစ်ထောက်လှမ်းရေး အရာရှိများနှင့် ၀ခေါင်းဆောင်များကြား သဘောတူညီချက်တွင် မူးယစ်ဆေးရောင်းချမှု၏ အမြတ် (၅၀) ရာနှုန်းကို မြန်မာစစ်တပ်အား ပေးရမည်ဆိုသည့် သဘောတူညီချက် ပါဝင်သည်ဟု ထောက်ပြထားသည်။

မူးယစ်ဆေး မှောင်ခိုရောင်းချသူ အများစုမှာ ထိုင်းမြန်မာနယ်စပ်နှင့် ထိုင်းတရုတ်နယ်စပ်မှ ၀၊ ရှမ်းစသည့် တိုင်းရင်းသားအုပ်စုများနှင့် ဆက်စပ်နေသည်။ သို့သော် မြန်မာစစ်အစိုးရ၏ အဆင့်များစွာမှ အရာရှိများသည်လည်း အဆိုပါ မူးယစ်ဆေးရောင်းရငွေ ရှယ်ယာများ နည်းအမျိုးမျိုးဖြင့် ရနေကြသည်။ စစ်တိုင်းမှူးများဆိုလျင် မူးယစ်ဆေးရောင်းသူများထံမှ အစိုးရ အခွန်များများ ကောက်ခံကြသလို မူးယစ်ဆေးမှောင်ခိုမှုကို စစ်တပ်မှ အကာအကွယ်ပေးမှု၊ စစ်တပ်က သယ်ပေးမှု စသည်တို့အတွက် အခကြေးငွေ ကောက်ယူကြသည်ဟု ဖော်ပြထားသည်။

သို့သော် မြန်မာစစ်အစိုးရ ထိပ်ပိုင်းအရာရှိများ မူးယစ်ဆေးရောင်းဝယ်မှု၌ တိုက်ရိုက်ပါဝင် ပတ်သက်ကြောင်း ခိုင်လုံသည့် သက်သေမရှိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ မူးယစ်ဆေး အစီရင်ခံစာ၌ ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် အထူးသဖြင့် မူးယစ်ဆေး ထုတ်လုပ်သူ မူးယစ်ဆေး မှောင်ခိုရောင်းချသူ ၀တိုင်းရင်းသားများအပါအ၀င် ၀လူမျိုးများနှင့် အနီးကပ် ဆက်ဆံမှုရှိသည်။

နေပြည်တော် ကောင်စစ်ရုံးဆောက်ရေးလယ်ဧက ၁၀၀ သိမ်း

NEJ /၂၄ ဖေဖော်ဝါရီ ၂၀၀၉

နေပြည်တော်ပျဉ်းမနား-တောင်ညို လမ်းမကြီးဘေးရှိ လယ်ဧက (၁၀၀) ကို စစ်အစိုးမှ လွန်ခဲ့သောလက သိမ်းပိုက် လိုက်ကြောင်း ပျဉ်းမနားမြို့ခံများက ပြောသည်။

ယင်းသို့ သိမ်းခြင်းမှာ နိုင်ငံခြား ကောင်စစ်ဝန်ရုံးတခု တည်ဆောက်ရန် ဖြစ်ကြောင်း၊ အဆိုပါ လယ်ဧက (၁၀၀) မှာ ပျဉ်းမနား၊ ပြန်ကပြေးရွာမှ လယ်သမားများ ပိုင်ဆိုင်သောလယ်များ ဖြစ်ကြောင်း ပြန်ကပြေး ရွာသားများက ပြောသည်။

သိမ်းပိုက်လိုက်သော လယ်ယာမြေများအတွက် လျော်ကြေးရရှိမှု ယခုထိ မရှိသေးကြောင်း၊ အသိမ်းခံလိုက်ရသော လယ်သမားများ (၃၀) ဦး ထက်မနည်းမှာ မကျေနပ်ဖြစ်နေကြောင်း သိရသည်။

“ဒီမှာက နေပြည်တော်ဆိုတာကြီးကို စတည်တဲ့ အချိန်ကစပြီး အသိမ်းခံရတာမျိုးက ရိုးနေပြီ၊ အရင်တုန်းက အသိမ်းခံရသူတွေတော့ လယ်တဧကကို (၃) သိန်းခွဲလောက် ပြန်ရတယ်လို့ ပြောတယ်ဗျ” ဟု ပျဉ်းမနား ဒေသခံတဦးက ပြောသည်။

ယခုအသိမ်းခံရသော လယ်ဧက (၁၀၀) မှာ “ဘုံကွဲချောင်း” ဆည်မှ ရေဖြင့် နွေစပါးကိုပါ စိုက်ပျိုးနိုင်သည့်အတွက် တနှစ်လျင် နှစ်သီးစား လယ်များ ဖြစ်ကြောင်း သိရသည်။

“လယ်တွေက ဆည်ရေသောက် လယ်တွေ၊ နွေ၊ မိုး နှစ်သီးစားရတာဆိုတော့ နှမြောဖို့ကောင်းတယ်” ဟု လယ်ဝေး ဒေသခံတဦးက ပြောသည်။

အသိမ်းခံရသော လယ်များပိုင်သည့် ပြန်ကပြေးရွာမှာ ပျဉ်းမနား အပိုင်ဖြစ်ပြီး အိမ်ခြေ (၁,၈၀၀) ခန့် ရှိသော ရွာကြီးဖြစ်ကြောင်း သိရသည်။

ယမန်နှစ်ကလည်း နေပြည်တော်ဒေသတွင်း ပါဝင်သော ပြန်ကပြေး၊ တောက်ထိန်နှင့် လက်ပံခါးလှ ကျေးရွာများမှ ကြံစိုက်ခင်းဧက (၁,၀၀၀) ကို အာဏာပိုင်များက သိမ်းယူခဲ့သည်။ ယင်းသို့ သိမ်းယူရခြင်းမှာ ကောင်စစ်ဝန်ရုံး တည်ဆောက်ရန် အတွက်ဟု သိရပြီး ၂၀၀၈ ခု ဒီဇင်ဘာလ လယ်ခန့်က အဆိုပါ ကျေးရွာများမှ ကြံတောင်သူများကို ဆင့်ခေါ်ကာ ကြံစိုက်မြေများကို သိမ်းယူလိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ကြံစိုက်ခင်းများ အတွင်းသို့ ၀င်ရောက်ခြင်း၊ ကြံခုတ်ခြင်းများ မပြုလုပ်ကြရန်လည်း အမိန့်ဖြင့် တားမြစ်ခဲ့သည်ဟု ဆိုသည်။ တည်ဆောက်မည့် ကောင်စစ်ဝန်ရုံးကြီးကို တရုတ်နိုင်ငံ အခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီတခုက တာဝန်ယူ ဆောက်မည်ဟုလည်း သတင်း ရရှိသည်။

စစ်တပ်က SSNA တပ်ဖွဲ့ဟောင်း နေအိမ်များကို ၀င်ရောက်ရှာဖွေ

စိုင်းအောင် အင်္ဂါနေ့၊ 24 ဖေဖော်ဝါရီလ 2009

၂၀၀၅ခုနှစ်က ဗမာစစ်တပ်မှ ဖိအားပေးမှုကြောင့် လက်နက်ချခဲ့ရသည့် SSNA (ခေါ်) သျှမ်းပြည်အမျိုးသားတပ်မတော်မှတပ်ဖွဲ့ဝင်ဟောင်း များ ၏ နေအိမ်များကို ဗမာစစ်တပ်မှ ၀င်ရောက်ရှာဖွေနေကြောင်း သိရသည်။

သျှမ်းပြည်(မြောက်ပိုင်း) အတွင်းရှိ SSNA တပ်ဖွဲ့ဝင်ဟောင်းများ၏နေအိမ်များအား ဇန်န၀ါရီလဆန်းပိုင်းမှစတင်ကာ ရှာဖွေဖမ်းဆီးမှုများ ရှိခဲ့ပြီး ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့မှာတော့ နမ့်ခမ်းမြို့နယ်အတွင်းရှိ နောင်ကောင်း ၊ မန့်ဟောင်း ၊ မန့်နှောင် ကျေးရွာများမှ ရှမ်းလက်နက်ကိုင် အဖွဲ့ဝင်ဟောင်းများ၏ နေအိမ်များကို ၀င်ရောက်ရှာဖွေခဲ့ကြောင်းဒေသခံ များက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မနေ့က ၀င်ရောက်ရှာဖွေသည့် အဖွဲ့ထဲတွင် ဗမာစစ်တပ် ၊ ရဲတပ်ဖွဲ့ ၊ ကွန်မန်ဒို ၊ ပြည်သူ့စစ်တို့ပါဝင်ပြီး ပူးပေါင်းအင်အား (၃၀)ကျော်ခန့် ပါဝင်ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ရှာဖွေရာတွင် သျှမ်းလက်နက်ကိုင်အဖွဲမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် နေအိမ်ရှိ မိန်းမများကို စစ်ဆေးမေးမြန်းပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံက အခုလိုပြောပြသည်။

“မန့်ဟောင်းကိုအရင်ဝင်တယ် ပြီးမှ နောင်ကောင်း ရယ် မန့်နောင်ရွာရယ် သူတို့ရှာချင်တဲ့ အိမ်ကိုဝင်ရှာသွားတာပေါ့ လူကိုမတွေ့တော့ အိမ် မှာရှိတဲ့သူတွေကို ဘယ်သွားလည်း အဆက်အသွယ်ရှိလားမေးတယ်ရှိတဲ့သူတွေကိုဖမ်းတာ တော့မလုပ်ဘူး အဓိကဖုန်းတွေကိုမေးတယ် အရင်တာလုံဘက်မှာရှာတုန်းကတော့ ဖုန်းတွေသိမ်းသွားတယ် ” လို့ သူကပြောသည ။

“မန့်ဟောင်းမှာတော့ စိုင်းငယ်အိမ် နောင်ကောင်းက စိုင်းဖွယ်အိမ် မန့်နှောင်က စိုင်းလှကျော်လား စိုင်းကျော်လှလား မသဲကွဲသေးဘူး တခြား ပစ္စည်းတွေရှာတာတော့ မလုပ်ဘူး လူကိုပဲ အတိအကျနဲ့လာမေးတယ်အရပ်အမောင်းက ဘယ်လောက် အသက်ကဘယ်လောက် အသားအရောင်က ဘယ်လို အဲလို အတိအကျနဲ့မေးပြီး ရှာတာ ” လို့ သူက ဆက်ပြောသည်။

ယခုလ (၁၀)ရက်နေ့ညပိုင်းက နမ့်ဖတ်ကာအနီးတွင် ဖြစ်ပွားခဲ့သည့် ကုန်ကားကြီးများအား ဓါးပြတိုက်မှုအပြီးတွင် အဖမ်းအဆီးများဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်အတွင်းရှိသျှမ်းလက်နက်ကိုင် ဟောင်းများနေထိုင်ရာ တာလုံ၊ ခိုမုန်း၊ နမ့်အွန်၊ မော်တောင်း၊ နားရှီမူ၊ ဟိုလီ စသည့်ကျေးရွာများတွင်လည်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကျေးရွာများကို ၀င်ရောက်ရှာဖွေဖမ်းဆီးရာတွင် အမျိုးသားများကိုမတွေ့ရှိရသဖြင့်နေအိမ်တွင်ကျန်နေသည့် အမျိုးသမီးနှင့်ကလေးများကိုပါ ဗမာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယခုအခါ ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှင့်ကလေးအများစုကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ဟိုလီကျေးရွာ ဥက္ကဌ ၏ မိန်းမနှင့် လားရိုးမှအလည်အပတ်ရောက်လာသည့် ၁၃ နှစ်အရွယ်ကလေးကို ယခုအချိန်အထိပြန်လည်လွတ်ပေးခြင်း မရှိသေးပဲ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထား သည်ကိုလည်း မသိရှိရသေးပဲဖြစ်နေသည်။

၎င်းဒေသခံ သျှမ်းရွာ ကချင်ရွာများတွင်ရှိသည့် ပြည်သူအများစုသည် လက်နက်ကိုင်သူပုန်များနှင့် ဆွေမျိုးတော်စပ်သူ အများစုဖြစ်ကြသဖြင့် ဗမာစစ်တပ်ကဖမ်းမည်ဆိုလျှင် ဒေသခံများမှာ ဓါးစာခံသဖွယ်ဖြစ်နေကြောင်း ဒေသခံများက ယူဆနေကြသည်။

ဗိုလ်မှူးကြီး စိုင်းရီ ခေါင်းဆောင်သည့် သျှမ်းပြည်အမျိုးသားတပ်မတော်(ခေါ်)SSNA သည် ၂၀၀၅ ခုနှစ်အတွင်းက ဗမာစစ်တပ်၏ ဖိအားပေးမှုကြောင့် လက်အောက်ခံတပ်မဟာတချို့လက်နက်ချသွားခဲ့ရပြီးဗိုလ်မှူးကြီးစိုင်းရီနှင့် တပ်သားအများစုသည် ဗိုလ်မှူးကြီးရွက်ဆစ်ခေါင်းဆောင် သည့် သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)နှင့် ပူးပေါင်းကာ ဗမာစစ်တပ်အား လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေဆဲဖြစ်သည်။

မပြီးဆုံးသေးသည့် တိုက်ပွဲ

နစ်က် ဒန်းလော့ပ်

ဒဏ်ရာအနာတရ ရှိခဲ့ရသော်လည်း အားမလျှော့ စိတ်မယိုင်လဲဘဲ မြန်မာ့ တပ်မတော်သားဟောင်း ရဲဘော်တဦးက မတူကွဲ ပြားသည့် နောက်ထပ် စစ်မျက်နှာတခုတွင် ဆက်လက်တိုက်ပွဲ ၀င်လျှက်ရှိသည်။

၂၀၀၈ ခုနှစ် ဇွန်လ၊ အသက် ၄၆ နှစ် အရွယ်ရှိပြီဖြစ်သူ ကိုမျိုးမြင့်က ထိုင်း- မြန်မာနယ်စပ်ရှိ အုန်းဖျံ ဒုက္ခသည်စခန်း ဂိတ် ပေါက်ကို ဖြတ်၍ လျှောက်ထွက်လာသည်။ သူက ဘန်ကောက်ကို ဆက်သွားမည်။ ပြီးလျှင် ဘ၀တွင် ပထမဦးဆုံးအကြိမ် လေယာဉ်ခရီးအဖြစ် ကီလိုမီတာ ၁၉,၀၀၀ (မိုင် ၁၂,၀၀၀ ကျော်) အကွာ အမေရိကန်ပြည်သို့ သွားရန် ဖြစ်သည်။

နောက်နာရီတချို့ကြာပြီးသည့်အခါ အင်ဒီးယားနားပြည်နယ်၏ စိုထိုင်းထိုင်းညနေခင်းတွင် နှစ်ပေါင်း ၂၀ နီးပါး ကွဲကွာနေခဲ့ သည့် သူ၏ ညီဖြစ်သူကို ပြန်လည်တွေ့ဆုံရတော့မည်။

စိတ်လှုပ်ရှား ရင်ခုန်ကြရသည့် မိသားစုပြန်လည်တွေ့ဆုံပွဲက ပြင်းထန်ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရသည့် ဘ၀တစိတ်တပိုင်း ကို တခန်းရပ် အနားရစေနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း နောက်ထပ် အစိမ်းဖြတ် ဖြတ်သန်းရမည့် ဘ၀သစ်က သူ့ကို စောင့်ကြိုနေသည်။ ကိုမျိုးမြင့်က သူလိုကိုယ်လို ဒုက္ခသည်တဦးလည်း မဟုတ်ပါ။

ကိုမျိုးမြင့်သည် လူငယ်ဘ၀မှာ မြန်မာ့တပ်မတော်ထဲသို့ ၀င်ခဲ့သည်။ ကြောက်မက်ထိတ်လန့်ဖွယ် ဖြစ်ရပ်များကို သူကြုံတွေ့ ခဲ့ရသလို တိုက်ပွဲတခုတွင် သူ၏ခြေထောက်တချောင်း ဆုံးရှုံးခဲ့ရသည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြီးဖြစ်လာသည့်အခါ သူ လည်း တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သည်။ ငြိမ်းချမ်းစွာ အပြောင်းအလဲများဖြစ်လာစေရေးအတွက် သူနှင့်ယခင်က အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သည့် စစ်သားများကို သူကမေတ္တာရပ်ခံပန်ကြားခဲ့သည်။ နောက်ဆုံး သူအဖမ်းခံရပြီး နှိပ်စက် ညှဉ်းပန်းခံရသည်။ ဒီမိုကရေစီအုံကြွမှုကြီးတွင် ပါဝင်မှုကြောင့် သူ ၁၅ နှစ်ကြာ ထောင်ချခံခဲ့ရသည်။

ကိုမျိုးမြင့်က စစ်သားမျိုးရိုး မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ သူ၏ဖခင်ကလည်း စစ်သားတဦးဖြစ်သလို၊ သူငယ်စဉ် ဘ၀ကလည်း စစ်သားများကို ကြည့်၍ ငေးမောအားကျဖူးသည်။ စစ်သားများက သေသေသပ်သပ် ကြည့်၍ကောင်းသလို လေးစားဖွယ်ဟု သူက မြင်ခဲ့သည်။

"ပြန်ပြောရရင် အဲဒီအချိန်တုန်းက လူတွေက လေးစားပြီး ဆက်ဆံကြတာနဲ့ ကြောက်ပြီး နာခံနေကြတာကို ကျနော်မခွဲခြား တတ်ခဲ့ဘူး"ဟု သူက ပြောသည်။

ကိုမျိုးမြင့် စစ်ထဲဝင်ပြီးနောက် မေမြို့တွင် သင်တန်းတက်ရသည်။ ထို့နောက် ကွန်မြူနစ်သူပုန်များကို ထိုးစစ်ဆင်သည့် ထိုး စစ်ကြီးတခုအတွက် ရှေ့တန်းသို့ အပို့ခံရသည်။ ပြင်းထန်ကြမ်းတမ်းလှသည့် တိုက်ပွဲကြီးတွင် တကယ့်စစ်သားတဦး၏ ဘ၀ ကြမ်းကိုလည်း သူက မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရသည်။

သူ၏ရဲဘော်များ သူ့နံဘေးနားတွင် ကျဆုံးသွားသည်ကို မြင်ရသည်။ ဒဏ်ရာကြီးမားစွာဖြင့် ကျဆုံးကုန်ကြသည်။

"အဲဒီမှာ ကျနော် စစ်ထဲမ၀င်ခဲ့သင့်ဘူးလို့တောင် စဉ်းစားမိလာတယ်"ဟု သူက ပြောသည်။

သူလိုက်ပါခဲ့ရသည့် တပ်ဖွဲ့က ရွာသားများကို ရှေ့ကထား၍ မိုင်းရှင်းစေရန် အတင်းအကျပ်ခိုင်းစေခဲ့သည်ကိုလည်း သူမြင် ခဲ့ရဖူးသည်။ သူတို့ရှေ့တွင်ပင် လူအမြောက်အများ အစိတ်စိတ် ပြတ်တောက် လွင့်စင်သွားကြသည်ကိုလည်း မြင်ခဲ့ရသည်။

သူနှင့်အတူ တိုက်ဖော်တိုက်ဖက် ရဲဘော်များက လူတယောက်ကို ကြက်ကလေး၊ ငှက်ကလေးလို သတ်ဖြတ်ပစ်သည်ကို လည်း သူလက်ပိုက်ကြည့်နေခဲ့ရသည်။ အမျိုးသမီးများကို မုဒိမ်းပြုကျင့်ကြ၊ ရွာသားများကို နှိပ်စက်ညှဉ်းပန်းကြသည်မှာ လည်း မမြင်ချင်မှအဆုံးဟု သူက ပြန်ပြောပြသည်။

"ကျနော် အပြစ်မကင်းသလို ခံစားရတယ်၊ ဒီ ကိစ္စတွေအတွက် တာဝန်ရှိတယ်လို့ ထင်လာတယ်၊ ဒါပေမယ့် ကျနော်က ဘာတခုမှ ရက်စက်တာတွေ မလုပ်ခဲ့ပါဘူး"ဟု ကိုမျိုးမြင့်က ပြောသည်။

တိုက်ပွဲတခုတွင် ဗုံးဆန်တခု ဘေးနားမှာ ပေါက်ကွဲသည်ကိုလည်း ကြုံရသည်။ မိုင်းတင်းကျမ်းပြည့်နေသည့် မိုင်းကွင်းကို လည်း ဖြတ်ရသည်။ သူ၏ လက်တဘက်၊ ခြေထောက်တဘက် မိုင်းဒဏ်ရာ ဗုံးဒဏ်ရာများဖြင့် ဆုံးရှုံးခဲ့ရသည်။

သူ့ကို စစ်တပ်က အလိုမရှိတော့သည့်နောက်ပိုင်း အသက် ၂၅ နှစ်အရွယ်သာ ရှိသေးသည့် ကိုမျိုးမြင့်ကို စစ်တပ်မှ ထုတ် ပယ်လိုက်ပြီး ပင်စင်လစာ အနည်းငယ် ထောက်ပံ့ပေးခဲ့သည်။

သူက စာအုပ်ဆိုင်တခုဖွင့်ပြီး ရပ်တည်ရေး ရုန်းကန်ရသည်။ သည်အချိန်တွင် သူက ကမ္ဘာ့စာပေကြီးများကို စိတ်ဝင်စား လိုက်စားလာခဲ့သည်။ ဒါဝင်၏ "မျိုးစိတ်များ၏ မူလအစ" (The Origin of the Species)၊ တော်လ်စတွိုင်း၏ စစ်နှင့် ငြိမ်းချမ်းရေး စသည့် နာမည်ကျော် စာအုပ်ကြီးများအပြင်၊ သူလေးစားရသည့် သူ့ဘ၀၏ သူရဲကောင်းတဦးဖြစ်သော အီဗရာဟင် လင်ကွန်း၏ အတ္ထုပ္ပတ္တိ အပါအ၀င် အတ္ထုပ္ပတ္တိအတော်များများကိုလည်း သူဖတ်ခဲ့သည်။

သူက မြန်မာနိုင်ငံသမိုင်းနှင့် ပဋိပက္ခများ မည်သည့်အတွက်ကြောင့် ဖြစ်လာရသည်ကိုလည်း သိရှိလိုစိတ် ဆာလောင်ပြင်း ပြလာခဲ့သည်။

၁၉၈၈ ခုနှစ်၏ မုန်တိုင်းထန်သည့် နေ့များအတွင်း ရွှေတိဂုံဘုရား အနောက်ဘက်မုခ်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကို နားထောင်ရပြီးနောက် သူက ဒေါ်စုဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တဦး ဖြစ်လာခဲ့သည်။ ဒေါ်စု နှင့်လည်း ကိုယ်တိုင်ကိုယ်ကျ အကြိမ်များစွာ သူဆုံခဲ့ရဖူးသည်။

သူက ရန်ကုန်မြို့ဆင်ခြေဖုံးရှိ စစ်စခန်း အများစုရှိရာ မင်္ဂလာဒုံတပ်နယ်တွင် ချိုင်းထောက်တဘက်နှင့် စင်ပေါ်တက်၍ လူ ထောင်ဂဏန်း ခန့်ရှိမည့် ဆန္ဒပြသူများကို မိန့်ခွန်းပြောသည်။ ပြည်တွင်းစစ်၏ ကြောက်မက်ဖွယ် အဖြစ်ဆိုးများကိုလည်း ပြောပြ ဖြစ်သည်။ ထိုအချိန်တွင် လက်နက်ကိုင်စစ်သားများက စောင့်ကြည့်နေကြပြီး သူကလည်း ထိုသူများကို အဓိက ပစ်မှတ်ထား၍ မိန့်ခွန်းပြောဖြစ်သည်။

"သာမန်အရပ်သားတယောက်က စစ်သားတယောက်ကို စကားပြောရတာက တမျိုးဖြစ်လိမ့်မယ်။ ဒါပေမယ့် အရင် စစ်သား ဟောင်းတယောက်၊ ဒုက္ခိတတယောက်က စကားပြောရင်တော့ ပိုထူးခြားလိမ့်မယ်ဆိုတာ ကျနော် တွေးမိလာတယ်"ဟု သူ က မှတ်မှတ်ရရ ပြန်ပြောပြသည်။

"ကျနော် စကားပြောတော့ အင်မတန်တုန်လှုပ်နေတယ်၊ တကယ်လို့ စစ်သားတွေက ပစ်ခတ်ပြီဆိုရင် ကျနော်တော့ ပထမ ဦးဆုံးပဲ"ဟု ကိုမျိုးမြင့်က ၀န်ခံသည်။

စစ်တပ်က ပစ်ခတ်မည့်အစား စစ်သား ၁၀၀ ခန့်က ဆန္ဒပြသူများနှင့် ပူးပေါင်းလာကြသည်။ နောက်တနေ့တွင် ပို၍ လူများ လာသည်။

"လူတွေကလည်း စစ်သားတွေ ပူးပေါင်းလာတော့ ၀မ်းသာနေကြတယ်၊ သူတို့အများစုက ယူနီဖောင်းဝတ်ပြီး ၀င်ဆန္ဒပြ ကြတယ်"ဟု သူက ပြောပြသည်။

ထိုအချိန်က အနာဂတ်အရေးအတွက် အကောင်းမြင်နေကြသည့်အချိန်က မကြာလှ။ တခဏတာသာ ခံခဲ့သည်။ ဗိုလ်ချုပ် နေ၀င်းက သူ့တပ်များကို ပြန်ဇက်ထိန်းချုပ်နိုင်ခဲ့ပြီး ဆန္ဒပြပွဲများကို ဖြိုခွဲနှိမ်နင်းစေခဲ့သည်။

ကိုမျိုးမြင့်သည် ရက်ရက်စက်စက် ဖြိုခွင်းချေမှုန်းမှုများမှ ကံကောင်းထောက်မ၍ လွတ်မြောက်နိုင်ခဲ့သော်လည်း၊ အာဏာ ပိုင်များက သူ့ကို ခြေရာခံလိုက်ခဲ့ကြသည်။ သူ့ကိုဖမ်းပြီး ရက်ပေါင်းများစွာ နှိပ်စက်မေးမြန်းခံရသည်။ နိုင်ငံကို သစ္စာဖောက် သည့် သစ္စာဖောက်တဦးလို မေးမြန်းစွပ်စွဲခဲ့ကြသည်။

"မင်းက စစ်သားဟောင်းတယောက်ဖြစ်ပြီး ဘာဖြစ်လို့ တပ်မတော်ကို ပြန်ဆန့်ကျင်ရတာလဲ"ဟု သူ့ကို စွပ်စွဲ၍ အော်ဟစ် ကြိမ်းမောင်းသည်။ သူ၏ ချိုင်းထောက်များကို ဖယ်ရှားပြီး အချိန်နာရီများစွာ ကြာမြင့်အောင် ခြေထောက်တဘက်တည်း ပေါ်တွင် အတင်းရပ်ခိုင်းသည်။

"သူတို့က ကျနော့်ကို ဆူပူကြိမ်းမောင်းကြတယ်၊ ကန်ကျောက်ရိုက်နှက်တယ်၊ မျက်နှာကို ထိုးကြိတ်တယ်၊ မင်းက စစ်သား ပဲ၊ ဘာဖြစ်လို့ စစ်တပ်ကိုကျေးဇူးကန်းတာလဲ။ ဘာဖြစ်လို့ တပ်မတော်ကို မင်းက သစ္စာဖောက်တာလဲနဲ့ သူတို့က ဆူပူကြ တယ်”ဟုလည်း သူက ပြောပြသည်။

ကိုမျိုးမြင့်ထောင်ကျနေစဉ် သူ၏ညီဖြစ်သူ ကိုရဲနိုင်က ထိုင်း- မြန်မာနယ်စပ်သို့ထွက်ပြေးလာပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)သို့ ၀င်ရောက်လှုပ်ရှားခဲ့သည်။ ABSDF အဖွဲ့သည် ၁၉၈၈ ခုနှစ်လူထု အုံကြွမှုနောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုမှ တောထဲရောက်လာသူများက တည်ထောင်တိုက်ပွဲဝင်နေကြသည့် အဖွဲ့လည်း ဖြစ်သည်။ သူတို့က လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ကရင်နှင့် မွန်လက်နက်ကိုင် သူပုန်များက ထောက်ပံ့ အားပေးခဲ့ကြသည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ ရှေ့တန်းများတွင် ကိုရဲနိုင်သည် တချိန်က သူ၏ဖခင်၊ သူ၏အစ်ကိုတို့ တာဝန်ထမ်းခဲ့ကြသည့် မြန်မာစစ်တပ်နှင့် ပြန်လှန်တိုက်ခိုက်ခဲ့ရသည်။ နှစ်အတန်ကြာ သူတောထဲတွင် တိုက်ပွဲဝင်ခဲ့ပြီး အမေရိကန်သို့ ပြောင်းရွှေ့
အခြေချလာခဲ့သည်။ ယခုတော့ အမေရိကန်ပြည်၊ ဖို့တ်ဝိန်းမြို့ပြင်ရှိ စက်ရုံတရုံတွင် သူရော၊ သူ၏ဇနီးပါ အလုပ်လုပ်ကိုင် နေကြသည်။

မြန်မာနိုင်ငံရှိထောင်ထဲတွင် ၁၅ နှစ်ကြာ ဖြတ်သန်းခဲ့ရပြီးနောက် ကိုမျိုးမြင့် ပြန်လွတ်လာပြီး ထိုင်း-မြန်မာနယ်စပ်သို့ ထွက် လာခဲ့သည်။ သူက ထိုင်းနိုင်ငံကို ဖြတ်ကူးပြီး မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအရေးကို ကူညီပေးနေသည့် နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွင် အချိန်ကာလတခု ကူညီလုပ်ကိုင်ပေးခဲ့ပေးသည်။

နောက်ပိုင်းတော့ သူက ဒုက္ခသည် ၁၉,၀၀၀ ကျော် ခိုလှုံနေထိုင်ရာ အုန်းဖျံဒုက္ခသည်စခန်းသို့ ၀င်ရောက်ခဲ့သည်။ ထိုဒုက္ခ သည်များက မြန်မာစစ်တပ်၏ မြေလှန်စစ်ဆင်ရေးထိုးစစ်များကြောင့် ထွက်ပြေးလာကြရသူများ ဖြစ်သည်။ ထိုစခန်းမှ တဆင့် အမေရိကန်ပြည်ထောင်စုသို့ သူပြောင်းရွှေ့အခြေချလာခဲ့ခြင်း ဖြစ်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော် အမေရိကားကို မသွားချင်ဘူး"ဟု ကိုမျိုးမြင့်က စခန်းထဲတွင် သူပိုင်ဆိုင်သမျှ ပစ္စည်းများကို ထုပ်ပိုးနေရင်း ဒီမိုကရေစီလှုပ်ရှားမှုထဲရှိ သူ့မိတ်ဆွေများကို နောက်ဆုံးနှုတ်ဆက်နေရင်း ပြောသည်။ သူ့ မိတ်ဆွေအများစုကလည်း တချိန်က မြန်မာစစ်အစိုးရ၏ အကျဉ်းထောင်အတွင်းတွင် အတူဒုက္ခခံစားခဲ့ကြရသူများလည်း ဖြစ်သည်။

"ဘာဖြစ်လို့လည်းဆိုတော့ ကျနော့်ညီနဲ့ ညီမက အဲသည်မှာရှိတယ်လေ။ ကျနော့်အမေကလည်း သွားမယ်ဆိုရင် အဲသည် ကိုသွားဖို့ ပြောတယ်"ဟု သူက ဆိုသည်။

ကိုမျိုးမြင့်၏ ညီမဖြစ်သူကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးဖြစ်ပြီး ယခင် နိုင်ငံရေးအကျဉ်းသားဟောင်း တဦး၏ ဇနီးဖြစ်သည်။ သူက အမေရိကရောက်၍ အခြေချနေသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ သူ့ညီမက မကြာ သေးမီကပင် သားဦးဖွားမြင်ခဲ့သေးသည်။

"ကျနော် ဒီမှာ နိုင်ငံရေးပဲ ဆက်လုပ်ဖြစ်ဦးမယ် ထင်တယ်"ဟု ကိုမျိုးမြင့်က ပြောသည်။ သို့သော် ဒုက္ခသည်စခန်းတွင်း နေထိုင်ရသည်မှာ အနာဂတ်မရှိလှကြောင်းလည်း သူက သဘောပေါက်သည်။

"ကျနော်သိတာက အမေရိကန်ပြည်ထောင်စုက မြန်မာပြည်အရေးကို အများကြီး ပံ့ပိုးထောက်ခံပေးတယ်။ ကျနော် အဲသည်ကိုပြောင်းပြီး အဲသည်ကနေပဲ နိုင်ငံရေးဆက် လှုပ်ရှားတော့မယ်"ဟု သူက ပြောဆိုသည်။

သူ၏ ညီဖြစ်သူ၊ ညီမဖြစ်သူနှင့် ပြန်လည်ဆုံဆည်းရသည့် အဖြစ်သည် သူ၏ "ဘ၀တွင် အပျော်ဆုံးကာလ" ဟု ခရီး မထွက်ဖြစ်ခင် သူက ပြောသည်။

မိသားစု ပြန်လည်တွေ့ဆုံပွဲက ၂၀၀၈ ခုနှစ် ဇွန်လ ၂၄ ရက်နေ့တွင် ဖြစ်ခဲ့သည်။ နောက်ပိုင်း ရက်သတ္တပတ် အနည်းငယ် အကြာ သြဂုတ်လ၌ သူ၏ ညီ၊ ညီမနှင့်အတူ နယူးယောက်မြို့သို့ လိုက်လာပြီး ၁၉၈၈ ခုနှစ် လူထုအုံကြွမှု နှစ်ပတ် လည်ဆန္ဒပြပွဲသို့ ပါဝင်ပူးပေါင်းခဲ့သည်။

ယခုတကြိမ်သည် လွန်ခဲ့သည့် အနှစ် ၂၀ ရန်ကုန်မြို့လူထုအုံကြွမှုကြီးဖြစ်ပြီးနောက်ပိုင်း ညီအစ်ကိုနှစ်ဦးအတူ ပထမဦးဆုံး အကြိမ် ဆန္ဒပြဖြစ်ခြင်းလည်း ဖြစ်သည်။ သည်တကြိမ်တွင်တော့ မည်သို့ပင်ဖြစ်စေ ဆန္ဒပြ၍ အဖမ်းဆီးခံရမည်ကို ကြောက် ရွံ့နေရသောစိတ်၊ ပစ်ခတ်သတ်ဖြတ်မည်ကို စိုးရိမ်ရသောစိတ် ကင်းရှင်းစွာ ဆန္ဒပြနိုင်ခြင်းလည်း ဖြစ်ပေတော့သည်။

Nic Dunlop ရေးသားသည့် The Battle’s Not Over ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


နအဖ နှင့် ဝ ဆက်ဆံရေး ပုံမှန်ပါ (ဝ ပြောရေးဆိုခွင့် ရှိသူနှင့် အင်တာဗျူး)

မဇ္ဈိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ) ။ ။ နအဖ နှင့် UWSA အကြား ဆက်ဆံရေး တင်းမာနေပြီး စစ်အစိုးရတပ်များက ဝ ထိန်းချုပ် နယ်မြေများတွင် လက်နက်များ ဖြည့်တင်းနေကြောင်း သတင်းများ ပေါ်ထွက်နေသည်။

ထို့အပြင် နိုင်ငံရေး ပါတီဖွဲ့ပြီး ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် UWSA ခေါ် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အား နအဖ က ဖိအားပေးနေသည်ဟုလည်း သတင်းများ ထွက်နေသည်။

ထို့အပြင် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက UWSA သည် သူတို့ကိုယ်သူတို့ နအဖ သတ်မှတ်ပေးထားသော အထူးဒေသ (၂) ဟု မသုံးတော့ဘဲ မြန်မာနိုင်ငံတော် ဝ' ပြည်နယ်အစိုးရ အထူး အုပ်ချုပ်ရေးဒေသဟု ကြေညာခဲ့သည်။

ဝ ဒေသ အခြေအနေနှင့်အတူ UWSA ထိန်းချုပ်ရာ ဒေသတွင် ဘိန်းစိုက်ပျိုးမှု အခြေအနေများကို သိရှိနိုင်ရန် UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်အား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက ဆက်သွယ် မေးမြန်းထားပါသည်။

UWSA နဲ့ နအဖ တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်တယ်၊ နောက်ပြီး မိုင်းဆတ်ဘက်မှာ နအဖ တပ်တွေက လက်နက်ကြီးတွေ ဖြည့်တင်းနေတယ်လို့ ကြားပါတယ်။ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ ခင်ဗျာ။

တိုက်ပွဲမဖြစ်ပါဘူး။ ကျနော်က ရန်ကုန်မှာ ဟိုဘက်ကကိစ္စ ကျနော် သိပ်မသိဘူး။ လက်နက်ကြီးဖြည့်တာတို့၊ ဘာတို့တော့ သိပ်မသိဘူး။ တိုက်ပွဲဖြစ်တယ် ဆိုတာတော့ မရှိပါဘူး။

နအဖ နဲ့ UWSA အကြားမှာ ဆက်ဆံရေး အခြေအနေ တင်းမာနေတယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ ဘယ်လိုရှိပါသလဲ။

ကောင်းပါတယ်။ ပုံမှန်ပါ။

နအဖ က ဝတွေကို လက်နက်ချခိုင်းဖို့၊ ဒါမှမဟုတ်ရင် ပြည်သူ့စစ် လုပ်ခိုင်းဖို့ စီစဉ်နေတယ်ဆိုပြီး သတင်းတွေလည်း ကြားရပါတယ်။ တကယ်လို့ လက်နက်ချဖို့၊ ပြည်သူ့စစ်လုပ်ဖို့ နအဖ က တွန်းအားပေးလာမယ်ဆိုရင် UWSA အနေနဲ့ ဘယ်လို အစီအစဉ်ရှိပါသလဲ။

ဒါကတော့ ဌာနချုပ်ရဲ့ ဆုံးဖြတ်ချက်ရှိမှာပေါ့။ (အမျိုးသား) ညီလာခံပြီးတဲ့နောက်မှာ တပ်ကို ပြန်လည်ဖွဲ့စည်းဖို့တို့ ဘာတို့ ညာတို့၊ ဒီကိစ္စလေးတွေ ရှိတယ်လေ။ ဘယ်လိုဆောင်ရွက်ကြမလဲ၊ ဘယ်လိုလုပ်ကြမလဲဆိုတာ တခု ရှိသေးတယ်လေ။ တပ်ပြန်လည်ဖွဲ့စည်းပြီးတော့ ကိုယ့်ဒေသကိုယ် ပြန်အုပ်ချုပ်ဖို့၊ ကိုယ့်ဒေသမှာ ကိုယ်နေဖို့ ကိစ္စတွေတော့ ဆွေးနွေးပါတယ်။ လက်နက်ချရမယ့် ကိစ္စကတော့ မရှိပါဘူး။

အဲဒီကိစ္စနဲ့ပတ်သက်လို့ နအဖ ဗိုလ်ချုပ်တွေက UWSA ဌာနချုပ်ကို လာပြီး တပ်တွေ ပြန်လည် ပြင်ဆင်ဖွဲ့စည်းဖို့၊ ပါတီဖွဲ့ဖို့ ပြောဆိုတယ်ဆိုတဲ့ သတင်းတွေကိုရော အတည်ပြုလို့ ရမလားခင်ဗျ။

ဒီဟာကတော့ ပြောတာတွေတော့ ရှိပါတယ်။ ဒီကိစ္စလေးလည်း ရွေးကောက်ပွဲက ရောက်တော့မယ်ဆိုတော့ ဒီဟာလေးတွေ ပြောတာ ဆွေးနွေးတာတော့ ရှိမှာပါ။

ပြီးခဲ့တဲ့ အမျိုးသားညီလာခံမှာ UWSA အဖွဲ့ အပါအဝင် အပစ်ရပ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်တဲ့ စာတင်ထားတာရှိတယ်လေ။

တောင်းဆိုထားတာတော့ ပြည်နယ်လို့တော့ တောင်းဆိုထားတယ်။ ဒါပေမဲ့ ညီလာခံကနေ အများက ဆုံးဖြတ်ချက်ကတော့ ကိုယ်ပိုင်အုပ်ခွင့်ရ တိုင်းအဆင့်တော့ ပေးပါတယ်။ ဆိုလိုတာက ပြည်နယ်ထက် နည်းနည်းနိမ့်တယ်။ ခရိုင်ထက် နည်းနည်းမြင့်တယ်။ ခရိုင်နဲ့ ပြည်နယ်ကြား သဘောမျိုးပေါ့။

အဲဒီဆုံးဖြတ်ချက်ကို UWSA က လက်ခံပါသလားခင်ဗျ။

ယေဘုယျအားဖြင့် ဆန့်ကျင်တယ်လို့တော့ မပြောပါဘူး။ အများ ဆုံးဖြတ်ထားတာကတော့ လက်ခံထားရမယ့် အပိုင်းတော့ ရှိတာပေါ့။

UWSA အနေနဲ့ကရော ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ဖို့ရော အစီအစဉ်ရှိလားဗျ။ ပြင်ဆင်မှုတွေ ရှိပါသလား။

အခုထိ ဘာမှ ဆုံးဖြတ်ချက် မရှိသေးပါဘူး။ ဘာမှတော့ မပြင်သေးဘူး။

အခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ UWSA က မြန်မာနိုင်ငံတော် ဝ' ပြည်နယ်အစိုးရ အထူးအုပ်ချုပ်ရေးဒေသ ဆိုပြီးတော့ ကြေညာလိုက်တာ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး နအဖ က တစုံတရာ ပြောဆိုတာများ ရှိသလားဗျာ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဆီက နာမည်ပြောင်းတဲ့ သဘောလေးပဲ ရှိပါတယ်။ နောက်ပိုင်း ဒီနှစ် တလပိုင်းမှာပဲ နအဖ ဘက်က ဗိုလ်ချုပ်ကြီးရဲမြင့်တို့လည်း လာဆွေးနွေးပါတယ်။ ကျနော်တို့ဆီက လူကြီး အကုန်လုံးနဲ့ ဆုံပါတယ်။ ဥက္ကဋ္ဌကြီးနဲ့လည်း တွေ့ပါတယ်။ ကျနော်တို့ ဒီနာမည်ကို မသုံးတော့ဘဲနဲ့ မူလအတိုင်းပဲ အထူးဒေသ (၂) နာမည်ကိုပဲ ပြန်လည်သုံးစွဲထားပါတယ်။

နအဖ က အတည်ပြုထားတဲ့ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်မှာရော ဘယ်လို သဘောထားပါသလဲ။

၂ဝဝ၈ ဆန္ဒမဲထည့်တဲ့ကိစ္စက ကျနော်တို့ မဲပုံးချတဲ့ နေရာတွေကတော့ ထည့်ကြတယ်။ အစိုးရရဲ့ အဖြေကတော့ စာရင်းကောက်ချက်အရ အများစုက မဲထည့်ကြပါတယ်။ ဒါပေမဲ့ ကျေးလက်တွေ ဘာတွေ တောထဲ တောင်ထဲအထိတော့ သွားပြီးတော့ ကောက်တာမျိုးတော့ မရှိတော့ အားလုံး မစုံညီဘူးပေါ့။ မပြည့်စုံဘူးပေါ့။

မဲပုံးထောင်တဲ့ နေရာတွေက ဘယ်နေရာတွေဆိုတာ ပြောပြပေးလို့ ရမလားခင်ဗျာ။

မိုင်းပေါက်ဖက်၊ ပန်ဆန်းဖက်၊ နန်းတစ်၊ မိုင်းမောမှာရှိတယ်။ မြို့နယ်တွေပဲ။ ပန်ဆန်းကတော့ ဌာနချုပ်ရုံးစိုက်ရာ မြို့ပေါ့။

ဆန္ဒမဲပေးတဲ့ အဲဒီဒေသတွေမှာ အများစုက ကန့်ကွက်မဲ ထည့်ကြလား၊ ထောက်ခံမဲထည့်ကြသလားဗျ။

အစိုးရဲ့ စာရင်းပြန်ကောက်ချက်အရကတော့ ထောက်ခံမဲက များပါတယ်။ ဒါပေမဲ့ ဒေသကြီးတခုလုံးမှာတော့ သူက အချိန်က ကျပ်တဲ့အတွက် ပြည့်ပြည့်စုံစုံ မရှိဘူးပေါ့။ အများစုက မဲထည့်တာကို မပါဝင်နိုင်ခဲ့ဘူးပေါ့။

မဲထည့်တုန်းက ကြီးကြပ်မှုထဲမှာ UWSA ကရော ပါရသေးပါလား။

ကျနော်တို့ စုပေါင်း လုပ်ကြတာခင်ဗျ။ ပူးတွဲလုပ်ကြတာပါ။ နအဖ ဘက်က အရာရှိတွေရော။ လဝက ကိုယ်စားလှယ်တွေ၊ နောက် ကျနော်တို့ဆီက ကိုယ်စားလှယ်တွေရော ပူးတွဲလုပ်ကြပါတယ်။

ဝ ဒေသရဲ့ ဘိန်းပပျောက်ရေး လုပ်ဆောင်မှု အခြေအနေ ပြောပြပေးပါလား။ ဝ ဒေသမှာ ဘိန်းစိုက်ဧက တိုးလာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေလို့ပါ။

ဝ ဒေသမှာ ဘိန်းစိုက်ပျိုးမှု ပြန်တိုးလာတယ် ဆိုတာတွေကတော့ ကောလာဟလတွေပါ။ ကျနော်တို့ ဒေသမှာက ဘိန်းစိုက်တဲ့ သမိုင်းအကြောင်းတော့ မပြောချင်တော့ဘူး။ နှစ်ပေါင်း ရာနဲ့ချီပြီး ဖြစ်လာတဲ့ကိစ္စ။ ကျနော်တို့ လူကြီးတွေအားလုံး ဆုံးဖြတ်ချက်က ဝ ဒေသမှာ ဘိန်းစိုက်နေတဲ့အတွက် ကမ္ဘာ့ပြည်သူပြည်သားတွေကိုလည်း ခြိမ်းခြောက်ရာ ဖြစ်စေတယ်။ တချိန်တည်းမှာ ကိုယ့်ဒေသက လူငယ်တွေလည်း ထိခိုက်တယ်။ ကိုယ့်လူမျိုးလည်း တုံးမှာဖြစ်တယ်။

ဒါကြောင့် ဒေသမှာ ဘိန်း လုံးဝမစိုက်ဖို့၊ စီးပွားရေးစနစ်ကို အခြေခံကနေ စပြီးတော့ ပြန်လှည့်ပြောင်းယူဖို့ ဆုံးဖြတ်ပြီး ၁၉၉၁-၉၂ လောက်ကနေ ၁ဝ နှစ်၊ ၁၅ နှစ် စီမံကိန်းနဲ့ ဆောင်ရွက်တာလေ။ ၂ဝဝ၆ မှာ အပြီးအပြတ် ကမ္ဘာကို အခမ်းအနားနဲ့ကို ကြေညာပြီးတော့ တားဆီးပိတ်ပင်လိုက်တာ ဖြစ်တယ်လေ။ အခုဆိုရင် ၃ နှစ် ကျော်လာပြီ။

စပြီး တားဆီးတဲ့ နှစ်ကဆိုရင် တဧက၊ နှစ်ဧက ဒီနားနည်းနည်း၊ ဟိုနားနည်းနည်း ပြန်တွေ့တာရှိတယ်။ ပြန်တားမြစ် ပညာပေးတယ်။ အခုထိတော့ ဘိန်း လုံးဝ စိုက်မှု မရှိပါဘူး။

တခုတော့ ပြောချင်တယ်ဗျာ။ ကျနော်တို့ ဘိန်းစိုက်နေတုန်းကတော့ UNODC ရော၊ နိုင်ငံတကာ အသီးသီးကရော ကူညီဖို့၊ ထောက်ပံဖို့ ဒီဟာတွေ လာတယ်ဗျ။ အခုက ၃ နှစ်ရှိပြီ။ မစိုက်တော့ဘူးဆိုတဲ့ အခါကျတော့မှပဲ ကူညီထောက်ပံ့မှုတွေက နည်းသွားတယ်။ တချို့ လာတောင် မလာတော့ဘူး။ စိုက်နေတုန်းကတော့ ဖိအားပေးတယ်။ မစိုက်တော့ လှည့်မကြည့်တော့ဘူး။ ပြည်သူအရပ်သား ဘိန်းစိုက်တောင်သူတွေ နေထိုင်မှု ဘဝက ဘယ်လိုရှိတယ် ဆိုတာတောင် ပြန်မကြည့်တော့ဘူး။


Type the rest of your post here.