Thursday, February 26, 2009

မြန်မာနိုင်ငံသားတဦးဝင်ငွေ ၂၀၀၈ ခုနှစ်မှာ တဦးကျပ်သုံးသိန်းခွဲရှိဟု ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေပြော

NEJ /၂၆ ဖေဖော်ဝါရီ ၂၀၀၉


ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ ပြုလုပ်သည့် စက်မှုကုန်ထုတ်လုပ်သူများအသင်း (၁၅) ကြိမ်မြောက် နှစ်ပတ်လည်အစည်းဝေးပွဲမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေက ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ (၃၄၉,ဝဝဝ) ကျပ် ရှိပြီး ရန်ကုန်သားတဦး တနှစ်ဝင်ငွေ (၆၃၅,၆၆၈) ကျပ် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ အစည်းဝေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးက

“လွန်ခဲ့တဲ့ (၃) နှစ် ခုလို အစည်းအဝေးမျိုးမှာပဲ ဗိုလ်ချုပ်မြင့်ဆွေက ၂ဝဝ၅ အတွက် မြန်မာနိုင်ငံသားတယောက် တနှစ် ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတယ်။ ခု (၃) နှစ်အတွင်း ဂျီဒီပီ၊ ဂျီအင်န်ပီ (၂) ဆ လောက်တိုးလာတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ သဘာဝ ဓာတ်ငွေ့ရောင်းလို့ရတဲ့ဆီက ဝင်ငွေတွေ တိုးလာတယ် ဆိုဦး လူတဦးဝင်ငွေ (၃) နှစ်အတွင်း (၂) ဆကျော် တိုးလာတာတော့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၂ဝဝ၆ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသားတဦး တနှစ်ဝင်ငွေ ကျပ် (၁၆၇,ဝဝဝ) ရှိကြောင်း ကြေငြာခဲ့ဖူးသည်။ အဆိုပါ ဝင်ငွေသည် တိုးတက်မြင့်မားလာသည့် ဝင်ငွေဖြစ်ကြောင်း လည်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ဝေဖန်ဆန်းစစ်သူများက အဆိုပါအချိန်က ဒေါ်လာပေါက်ဈေးကို အခြေပြုပြီး မြန်မာနိုင်ငံသားတဦး တစ်နေ့ဝင်ငွေ (၁) ဒေါ်လာအောက်သာ ရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ဆင်းရဲသည့် တိုင်းပြည်ဖြစ်ကြောင်း ဝန်ခံသလို ဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။ ၄င်းဝေဖန်ချက်များနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက ဒေါ်လာဈေးနှုန်းကို ပြင်ပပေါက်ဈေးနဲ့ မတွက်ချက်သင့်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ဖူးသည်။

ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ လူတဦး၏ တနေ့ဝင်ငွေသည် အမေရိကန်ဒေါ်လာ (၁) ဒေါ်လာထက် နည်းနေခြင်းကို အခြေခံ ဆင်းရဲမှုအဆင့် (Poverty line သို့မဟုတ် Poverty threshold) ဟု သတ်မှတ်ထားသည်။ နိုင်ငံတခုရှိ လူနေမှုစရိတ်နှင့် ကာမိအောင် နေနိုင်ရမည့် လူတဦး၏၀င်ငွေနှင့် ဆင်းရဲမှုအခြေအနေ အချိုးကိုတော့ ဆင်းရဲမှုစံအချိုး (Poverty ratio) ဟု သုံးနှုန်းသည်။ ထိုအချိုးများလေ ဆင်းရဲမှု ပိုလေဖြစ်သည်။

မြန်မာနိုင်ငံက တကြိမ်သာထုတ်ပြန်ဖူးသည့် ဆင်းရဲမှုစံအချိုးမှာ မှန်ကန်မှုမရှိဟု စီးပွားရေး ပညာရှင်တဦးက ထောက်ပြရာတွင်-

“၂၀၀၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ UNSD ကုလသမဂ္ဂ စာရင်းအင်းအဖွဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို တင်ပြခဲ့တဲ့ မြန်မာနိုင်ငံ ဗဟိုစာရင်းရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်ရှိန်နဲ့ ဗဟိုစာရင်းရုံးအရာရှိ ဒေါ်လှလှမြင့်တို့ရဲ့ စာတန်းကိုကြည့်ရင် ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ ကျေးလက်ဒေသ ဆင်းရဲမှုစံအချိုးက (၂၂.၄) ရှိပြီး မြို့ပြ ဆင်းရဲမှု စံအချိုးမှာ (၂၃.၉) ရှိတယ်လို့ ပြောထားတယ်။ သဘောကတော့ အဲဒီိအချိန်က မြို့ပြက ကျေးလက်ထက်ပိုပြီး ဆင်းရဲနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် ဆင်းရဲမှု စံအချိုးက (၂၂.၉) ရှိတယ်ဆိုပြီး အဲဒီ စာတန်းမှာ ဖော်ပြထားတယ်။

ဒါပေမယ့် မြန်မာစစ်အစိုးရ ဗဟိုစာရင်းရုံးက ဖော်ပြတဲ့ ဆင်းရဲမှု စံအချိုးဟာ အလားတူ တဦးချင်း ၀င်ငွေရှိတဲ့ နိုင်ငံတွေက အချိုးနဲ့ ယှဉ်ကြည့်ရင် သိပ်ကိုနည်းနေတဲ့အတွက် ဗဟိုစာရင်းရုံးက တင်ပြခဲ့တဲ့ ဆင်းရဲမှုစံအချိုး (၂၂.၉) ဆိုတဲ့ ကိန်းဂဏန်းဟာ မှားယွင်းနေတာ ဖြစ်နိုင်တယ်ဆိုပြီး အေဒီဘီ အာရှ ဖွံ့ဖြိုးရေးဘဏ်ရဲ့ ၂၀၀၂ ခု အစီရင်ခံစာမှာ ထောက်ပြထားတယ်။ စစ်အစိုးရ လိမ်ချင်တိုင်း လိမ်လိုမရဘူးဆိုတာ ပြနေတာပဲမှုတ်လား” ဟု ရှင်းပြသည်။

စီအိုင်အေ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ အချက်အလက်မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဆင်းရဲမှု စံအချိုးမှာ (၃၂.၇) ထိရှိသည်။ သဘောမှာ အခြေခံ ဆင်းရဲမှု နှုန်းထက် (၃၃) ရာနှုန်းနီးပါး မြန်မာပြည်သူတွေ ပိုဆင်းရဲနေသည်ဆိုသည့် သဘောဖြစ်သည်။ ၂၀၀၉ နှစ်ဆန်းပိုင်း ထုတ်ပြန်သည့် FAO ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့၏ အစီရင်ခံစာအရဆိုလျင် မြန်မာနိုင်ငံ၌ အခြေခံဆင်းရဲမှုနှုန်းထက် ပိုပြီး ဆင်းရဲနေသူပေါင်း (၅) သန်းရှိသည်ဟု ထောက်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ၏ ပြောဆိုချက်များနှင့် ပတ်သက်ပြီး စီးပွားရေးပညာရှင် စာရေးဆရာ တဦးကတော့ ယခင်က အမ်ဘီအေ ကျောင်းသားများ၏ ဟောပြောပွဲတခုမှာ ဗိုလ်မှူးချုပ် ဇော်ထွန်း ပြောခဲ့သည့်စကား ရှိကြောင်း၊ (၄) လပတ် အစည်းအဝေးတခုမှာ စစ်တိုင်းမှူးများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သက်ဆိုင်ရာ စစ်တိုင်းအလိုက် ဂျီဒီပီ တိုးတက်အောင် လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကြောင်း၊ အစည်းအဝေးအပြီး စစ်တိုင်းမှူးတွေ ပြန်သွားပြီး မကြာခင် တိုင်းမှူး တစ်ချို့က သူတို့တိုင်းမှာ ဂျီဒီပီ (၃) ဆခန့် တက်လာသည်ဟု အကြောင်းကြားခဲ့ခြင်းမျိုး ရှိဖူးကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဗိုလ်မှူးချုပ် ဇော်ထွန်း ဆိုလိုသည်မှာ စာရင်းဇယားများကို အထက်လူကြီးအကြိုက် ထင်သလို လုပ်နေကြခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်း အဆိုပါ ဟောပြောချက်စာတမ်း ပြန့်နှံ့သွားခဲ့ပြီး ဗိုလ်မှူးချုပ် ဇော်ထွန်းလည်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ယခုလည်း ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေက ၂ဝဝ၆ ခု ဇန်နဝါရီလက ပြောခဲ့သည့် ကိန်းဂဏန်းများ အဝေဖန်ခံရသဖြင့် ယခုလို နိုင်ငံသားများ၏ ဝင်ငွေကို (၂) ဆ၊ ရန်ကုန်သားများ၏ ဝင်ငွေ (၂.၇) ဆ တိုးလာတာဟု ပြောတာမျိုး ဖြစ်နိုင်ကြောင်း၊ ၄င်းတို့ပြောသည့် ကိန်းဂဏန်းများ ယုံကြည်စိတ်ချရမှု မရှိကြောင်း ဝေဖန်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေကတော့ လာမည့် ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာရေးနှစ်မှာ မြန်မာတနိုင်ငံလုံးရှိ လူတဦး တနှစ်ဝင်ငွေ ကျပ် (၆) သိန်း ရရှိဖို့၊ တနည်းအားဖြင့် လက်ရှိဝင်ငွေ၏ နှစ်ဆနီးပါး ရရှိဖို့ အကောင်အထည်ဖော်ရန် ဗိုလ်ချုပ်မှူကြီး သန်းရွှေက လမ်းညွှန်ထား ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အတိုင်း ပြည့်မီမည်ဟု သူယုံကြည် ကြောင်းလည်း ယင်းအစည်းအဝေးမှာ ထုတ်ဖော် ပြောဆိုခဲ့သည်။


No comments: