Wednesday, February 25, 2009

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အမှတ်မမှီသည့် ကြံ့ဖွံ့များ တက်ရောက်နေသည့်အတွက် အခြားကျောင်းသားများ မကျေမနပ်ဖြစ်နေ

ဖြိုးကြီး Wednesday, 25 February 2009

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အမှတ်မပြည့်မှီဘဲ တက်ရောက်နေသည့် ကြံ့ဖွံ့အဖွဲ့ဝင်များ ရှိနေသည့်အတွက် အခြားကျောင်းသားကျောင်းသူများက မကျေမနပ်ဖြစ်နေကြသည်။

အဆိုပါတက္ကသိုလ်တွင် အင်္ဂလိပ်၊ ဂျပန်နှင့် တရုတ် မေဂျာများတွင် တက်ရောက်ရန် သတ်မှတ်ထားသည့် အမှတ်စာရင်းမပြည့်မှီဘဲ ကြံ့ဖွံ့အဖွဲ့ဝင်များက တက်ရောက်ခွင့်ရနေသဖြင့် မေဂျာတူ ကျောင်းသားကျောင်းသူများက မကျေနပ်ကြခြင်းဖြစ်သည်။

“ဒီနှစ်ထဲမှာ ကျမတို့ ဂျာမန်မေဂျာက လဝန်းသော်တာက ပထမနှစ် နှစ်ဝက်လောက်မှာ အင်္ဂလိပ်မေဂျာကို ပြောင်းသွားတယ်၊ အဲဒါကို လိုက်စုံစမ်းကြည့်တော့ အမှတ်လဲမမှီဘူး၊ ဒါပေမဲ့ ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်လို့ ပြောင်းလို့ရတာလို့ ပြောတယ်၊ တခြားမေဂျာက ကြံ့ဖွံ့တွေလဲ အင်္ဂလိပ်မေဂျာကို ပြောင်းတာအများကြီးပဲ၊ ကျောင်းသားတွေက အဲဒါကို မကျေနပ်ဖြစ်နေတာ” ဟု ဂျာမန်မေဂျာကျောင်းသူတဦးက ပြောသည်။

ယခုလက်ရှိ အင်္ဂလိပ်မေဂျာတွင် တက်ရောက်နေလျှက်ရှိသည့် ကျောင်းသားကျောင်းသူများမှာ ယင်းကိစ္စနှင့်ပတ်၍ မကျေမနပ်ဖြစ်ပြီး ကျောင်းထွက်သွားကြသူများလည်း ရှိကြောင်း အဆိုပါကျောင်းသူက ဆက်ပြောသည်။

“တချို့ကျောင်းသားတွေ ကျောင်းထွက်သွားကြတာ ရှိတယ်၊ အဲဒီကိစ္စကြောင့်ပဲ၊ သက်ဆိုင်ရာကို တင်ပြတော့လဲ ဘာမှာ ထိထိရောက်ရောက်မလုပ်ဘူး၊ အခုဆို အဲဒီကြံ့ဖွံ့တွေက အင်္ဂလိပ်မေဂျာမှာ အယောက် ၂၀ လောက်ရှိတယ်၊ အမှတ်မှီလို့ တက်နေရတဲ့သူတွေက တော်တော်မကျေနပ်ပေမဲ့ ဘာမှမတတ်နိုင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

အင်္ဂလိပ်မေဂျာမှ ကျောင်းသားကျောင်းသူများက ပါမောက္ခချုပ် ဦးမျိုးမြင့်ထံသို့ ၎င်းကြံ့ဖွံ့များနှင့် ရောနှော၍ မသင်ကြားလိုကြောင်း တင်ပြသော်လည်း အထက်အမိန့်ကို မလွန်ဆန်နိုင်ကြောင်း ပြောဆိုလိုက်သည်ဟု ပြောသည်။

“ဦးမျိုးမြင့်က စည်းကမ်းအကြောင်း ပါးစပ်က တဖွဖွပြောနေပြီး အခုကိစ္စကိုတင်ပြတော့ အထက်ကအမိန့်ကို လွန်ဆန်လို့မရဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

စစ်အစိုးရအာဏာပိုင်များက ကြံ့ဖွံ့အဖွဲဝင်များကို ယခုကဲ့သို့ ပြည်သူလူထု၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများအကြားတွင် အခွင့်ထူးများပေးထားသည့်အတွက် မကျေနပ်မှုများ နေရာအနှံ့ ဖြစ်ပေါ်နေလျှက်ရှိသည်။

No comments: